ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူ ရှစ်ဆယ်ကျော် ရိုက်နှက်ခံရ
ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ရှစ်ဆယ်ကျော်ကို ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော်လည်း တိုက်ပိတ်ခံထားရပါတယ်။
-
RFA Burmese
2024-06-18 -
-
-
[Update: 4: 25 PM, June 18, 2024]
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူ ရှစ်ဆယ်ကျော်ကို ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းက ထောင်အာဏာပိုင်တွေ ရိုက်နှက်ခဲ့တာကြောင့် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့ပြီး သုံးဆယ်ကျော်လည်း တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရိုက်နှက်ခံရသူတွေဟာ အဲဒီနေ့ကမှ ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ကျော်နဲ့ ဒိုက်ဦးထောင်မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ကျော် ဖြစ်ပါတယ်။
ကျိုက်မရောထောင်ကနေ ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသုံးအဆောင်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို ထောင်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တာကြောင့် အကျဉ်းသားအခွင့်အရေး တောင်းဆိုရာကနေ အခုလို ရိုက်နှက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတဲ့သူက ငါးယောက်အထက်မှာ ရှိတယ်"
ထောင်ဝန်ထမ်းတွေဘက်က သေနတ်လေးချက် ပစ်ခတ်ခြောက်လှန့်ခဲ့ပြီး ရိုက်နှက်ရာမှာလည်း ရော်ဘာတုတ်၊ ကျဉ်စက်၊ သစ်သားတုတ်အပြင် လေးခွတွေပါ အသုံးပြုခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဒိုက်ဦးထောင်ဆေးရုံကို ပို့ဆောင်ထားပြီး နိုင်ငံရေးအကျဉ်းသူ သုံးဆယ်ကျော် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရတဲ့သူက ငါးယောက်အထက်မှာ ရှိတယ်။ အတန်း ပိတ်ချိန်ဆိုတော့ ညနေ အခန်းတစ်ခန်းထဲမှာ စုနေတဲ့အခါမျိုးမှာ သူတို့က လေးခွတွေနဲ့ပါ ဝိုင်းပစ်တော့ အဲဒီ လေးခွမှန်တာပေါ့။ ကျန်တဲ့ အမျိုးသမီးတွေ ငါးဆယ်လောက် လေးခွတွေ မှန်တာပေါ့။ သူတို့နားမှာ ရှိတဲ့သူတွေလည်း ရောယောင်ပြီး ရိုက်ခံရတာတွေ ရှိတယ်ပေါ့။ အဲလိုမျိုးအခြေအနေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ဆိုရင် အဲဒီ သုံးဆယ်ကျော်လောက်ကတော့ တိုက်ထဲပို့လိုက်တယ်။ တိုက်ပိတ်လိုက်တယ်ပေါ့နော်။ ပြီးတော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရတဲ့သူ ငါးယောက်ကိုတော့ ထောင်ဆေးရုံကို ပို့တယ်”
ရိုက်နှက်ခံရတဲ့အထဲမှာ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တောင်သူလယ်သမားရေးရာဌာနနဲ့ ကလေးသူငယ်ရေးရာဌာန တာဝန်ခံ မနုနုအောင်နဲ့ မခက်လည်းပါဝင်ပြီး မနုနုအောင်ကတော့ ဒဏ်ရာရခဲ့တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ဒိုက်ဦးထောင်ကနေ လွတ်ရက်စေ့နဲ့ ပြန်လွတ်လာတဲ့ အမည်မဖော်လိုသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးကလည်း ထောင်ထဲကို နိုင်ငံရေးအမှုနဲ့ ရောက်သွားသူတိုင်း ဖိနှိပ်ခံရတယ်လို့ RFA ကို ပြောပါတယ်။
“သူတို့တွေက ဘယ်လိုပြောရမလဲ တခြားအမှုတွေသည် ပြစ်မှုလုပ်လို့ ရောက်လာတယ်။ ညီမတို့က ပြစ်မှုမလုပ်ဘဲ ညီမတို့က နိုင်ငံရေးနဲ့ပတ်သက်ပြီတော့ ရောက်လာတဲ့အတိုင်းအတာမှာ ညီမတို့ကို အခြားအမှုတွေနဲ့ တန်းတူနည်းတူ ပြောဆို ကြမ်းကြမ်းတမ်းတမ်း ရိုင်းရိုင်းစိုင်းစိုင်း အပြောခံရပြီးမှ ဦးချိုးခံထားရတာ”
ဒိုက်ဦးထောင်ဟာ ပဲခူးရိုးမနဲ့ နီးတာကြောင့် အကျဉ်းသူ၊ အကျဉ်းသားတွေ မကြာခဏ ငှက်ဖျားရောဂါ ဖြစ်ကြပေမဲ့ ထောင်အာဏာပိုင်ဘက်က အချိန်မီ ဆေးကုမပေးဘူးလို့လည်း ဆိုပါတယ်။
အမျိုးသမီး နိုင်ငံရေးအကျဉ်းသားများအဖွဲ့ (WOPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းကတော့ အကျဉ်းသူတွေအပေါ် တရားဥပဒေမဲ့လုပ်ရပ်တွေ ရပ်တန့်အောင်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။
"မူးယစ်ဆေးတွေ၊ ဖုန်းတွေ ပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေ စွပ်စွဲချက်တွေနဲ့ ရိုက်နှက်မှုတွေ ငါ မင်း နှစ်ဆ တိုင်းထွာပြီး မိုက်မိုက်ရိုင်းရိုင်း ပြောဆိုတာမျိုးတွေ၊ လေးခွတွေနဲ့ ပစ်တာမျိုးတွေ လုပ်ဆောင်တယ်ပေါ့။ ညီမတို့ကတော့ အမြန်ဆုံး ဒီလိုမျိုးမတရားခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေဘက်ကနေ ရပ်တည်ပေးဖို့၊ ဒီလိုမျိုးတွေ ဆက်မလုပ်ဖို့ကို ကျယ်ကျယ်လောင်လောင်နဲ့ အသံထွက်ပေးပါလို့ပဲ ကျွန်မတို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က တောင်းဆိုချင်ပါတယ်"
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်ရှိနေပြီး အများစုဟာ ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံနေရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်ကလည်း ထောင်အာဏာပိုင်တွေဟာ ထောင်ပြောင်းလာသူတွေကို ဦးချိုးဆက်ဆံလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။
“ခြေချင်း ခတ်လာမယ်၊ နောက်တစ်ခုက မှတ်ချက်တွေပါလာမယ်။ အဲဒီ ကျိုက်မရောထောင်မှာ ဘယ်သူ ဘယ်သူတွေကတော့ ဘယ်လိုပြစ်မှုတွေကျူးလွန်တာ ဘယ်လိုမှတ်ချက်တွေ ရှိသလား။ နောက်တစ်ခုက အကျဉ်းထောင်လက်ဆွဲနဲ့ အကျဉ်းထောင်ဥပဒေကို ဘယ်သူဘယ်ဝါတွေကတော့ ချိုးဖောက်ထားတာဆိုတဲ့ ပုံစံမျိုးတွေက စာရွက်တစ်ရွက်နဲ့ကို ပါလာတာ။ အဲဒီအတွက်ကြောင့်မို့ အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဘယ်သူ သေသေ ငတေမာပါရင်ပြီးရော ထောင်ဥပဒေနဲ့ ဆန့်ကျင်ပြီးတော့ စကစရဲ့ လမ်းညွှန်ချက်ပေါ့နော်။ အဲဒီအမိန့်ပေါ် မှာပဲ အဆင့်ဆင့်ထောင်အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်တယ်လို့ ဒီလိုမှတ်ချက်ပေးချင်တယ်"
ထောင်ဝန်ထမ်းတွေဟာ ပြည်သူလူထုရဲ့ အပြစ်ပေးအရေးယူမှုကနေ လွတ်ကင်းနေတာကြောင့် ထောင်တွင်းမှာ အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ဖိနှိပ်ညှဉ်းပန်းတာတွေကို ပိုတိုးလုပ်ဆောင်လာတာလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှိက်ခံရတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
ဒါ့အပြင် ဒီအခြေအနေတွေအပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၆,၈၇၇ ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၂၁၀ ဦး) ထောင်ချခံထားရပါတယ်။
(မှတ်ချက် - ဒိုက်ဦးထောင်တွင် အကျဉ်းကျဖူးသည့် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦး၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ရှိသူ မဇူးဇူးမေယွန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)