ဒဂုံမြို့နယ် အင်ဂျင်နီယာတပ်က ကြိုတင်မဲစာအိတ်ပြဿနာ မဖြေရှင်းနိုင်သေး

ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ကြိုတင်မဲတွေ စာအိတ်ပွင့်နေတာကြောင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အဲဒီမဲတွေကို ပယ်မဲအဖြစ်သတ်မှတ်လိုက်ပေမယ့် ခရိုင်နဲ့တိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ပယ်ချလို့မရဘူးဆိုပြီး အငြင်းပွားနေပါတယ်

ဒဂုံမြို့နယ် အမှတ် ၉၀၅ အင်ဂျင်နီယာတပ်က ကြိုတင်မဲစာအိတ်တွေ ပွင့်နေတာကို ၂၀၂၀ အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ် Photo: Han Naing Oo's FB

ရန်ကုန်တိုင်း ဒဂုံမြို့နယ်မှာ အမှတ် ၉၀၅ အင်ဂျင်နီယာတပ်ကပေးတဲ့ မဲဆန္ဒရှင် ၅၈ ယောက်ရဲ့  ကြိုတင်မဲ စာအိတ်တွေ ပွင့်နေတာကြောင့် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လို့ အဲဒီမဲတွေကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ ခရိုင်နဲ့တိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ပယ်ချလို့မရဘူး ပြောပါတယ်။

ကြိုတင်မဲတွေနဲ့ ပတ်သက်ရင် နောင်မှာအလားတူမဖြစ်ရအောင် ကန့်ကွက်ခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်းက ပြောပါတယ်။

"ဒဂုံမြို့နယ်မှာ တပ်ကကြိုတင်မဲတွေပေါ့၊ အမှတ် ၉၀၅ က စာအိတ် ၅၈ အိတ်ကတော့ အိတ်ကြီးကတော့ လုံခြုံစွာပိတ်ထားပြီး အိတ်ကလေးတွေပေါ့၊ ပွင့်ရက်သားဖြစ်နေတယ်၊ ဒါတွေနဲ့ပတ်သက်လို့ အိတ် ၅၈ အိတ် စလုံးဟာ ဒီလိုအလားတူဖြစ်တယ်ပေါ့၊ ဆန္ဒမဲပေါင်းက ၁၇၀လောက်ရှိသွားတာပေါ့၊ အဲအတွက်ကြောင့် ကျနော်တို့က ကန့်ကွက်တာပါ၊  ကြိုတင်မဲပေးတဲ့ကိစ္စတွေမှာ အများကြီးဂရုစိုက်လုပ်လိမ့်မယ်လို့ထင်တယ်၊ တလေးတစားပေါ့ဗျာ၊ သူရဲ့ဥပဒေအရ လုံခြုံစွာပိတ်ရမယ်ဆိုတာပါတယ်၊ ဒါကအဓိကအချက်ဖြစ်တယ်ပေါ့၊ လုံခြုံစွာပိတ်မထားဘူးဆိုရင် သူရဲ့ နည်းဥပဒေညွှန်ကြားချက်ကို မလိုက်နာတာဖြစ်တယ်၊ ဒါမျိုးမဖြစ်ဖို့ အရေးကြီးတယ်၊ နောက်လာမယ့်ကြိုတင်မဲတွေအတွက်ကို ကျနော်တို့က ထုတ်ပြန်ပြောဆိုလိုက်တဲ့ အတွက်ကြောင့် အများကြီးတော့ ဂရုစိုက်လာလိမ့်မယ်ထင်တယ်”


စာအိတ်ပွင့်နေတဲ့ ကြိုတင်မဲတွေကို ပယ်မဲအဖြစ် ဆုံးဖြတ်ခဲ့တယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေက သတင်းမီဒီယာတချို့ကို ဖြေကြားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒဂုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်မေမေသန်းကို RFA က နှစ်ရက်တိုင်တိုင် ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်ကတော့ ပုံမှန်လုပ်ထုံးလုပ်နည်းအရ ကြိုတင်မဲတွေကို ရွေးကောက်ပွဲနေ့ မဲရုံတွေပိတ်ပြီးလို့ မဲရေတွက်တဲ့အခါမှသာ ဖွင့်ဖောက်ပြီး ခိုင်လုံမဲ ပယ်မဲဆိုတာကို ဆုံးဖြတ်ရတာလို့ ပြောပါတယ်။

“အမှန်ကတော့ ဒဂုံက အမျိုးသမီးတွေလုပ်တာ မဟုတ်တာလေ၊ ဘာမှလုပ်စရာမလိုဘူး၊ သူထည့်လိုက်တဲ့မဲ ဘယ်ဟာထည့်လိုက်ထည့်လိုက် နောက်ဆုံးမဲရေတဲ့အခါကျမှသာ ဖောက်မယ်၊ ဖောက်ပြီး ဒါက သူ့ဟာသူ စွန်းနေလား၊ ပြဲနေလား၊ သူထုထားတာတွေက အပြင်ရောက်နေလား အဲမှဆုံးဖြတ်ပြီးတော့ ပယ်မဲလား အဲကျမှပြောရတဲ့ဟာ၊ လုပ်ထုံးလုပ်နည်းဥပဒေလည်း သေချာမသိဘူး၊”


ဒဂုံမြို့နယ်က ဒီကြိုတင်မဲကိစ္စမှာ ပယ်မဲအဖြစ် ဆုံးဖြတ်လိုက်တာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းနဲ့လွဲတာလို့ ဦးကျော်မိုးကြည်က ပြောပါတယ်။

ဒီလိုလွဲမှားတာဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အသီးသီးက နားလည်မှုအားနည်းတာလား၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းအချက်အလက်တွေက အောက်ခြေကော်မရှင် အဖွဲ့ဝင်တွေဆီ စီးဆင်းမှု အားနည်းတာလား၊ လိုက်နာမှုအားနည်းတာလားဆိုပြီး ဝေဖန်မှုတွေလည်း ရှိလာပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည်လေ့လာနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော်ကတော့ ညွှန်ကြားချက် ကို အောက်ခြေကော်မရှင်အဖွဲ့ခွဲတွေက တိတိကျကျ မလိုက်နာတာလို့ သုံးသပ်ပါတယ်။

"ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကတော့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ထိရောက်နေလိမ့်မယ်၊ သို့သော် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေက ဒီညွှန်ကြားချက်တွေကို တိတိကျကျ မလိုက်နာလို့၊ မထုတ်ပြန်သေးသင့်တဲ့အချိန်မှာ ဆန္ဒစောပြီး လူမှုကွန်ရက်ကနေ ထုတ်ပြန်လိုက်တာမျိုးတွေ၊ အထူးသဖြင့်ကတော့ သတင်းပေါက်ကြားသွားတာလို့ ယူဆရတာပေါ့နော်"

ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကတော့ ဒဂုံမြို့နယ်က ကြိုတင်မဲကိစ္စဟာ ထူးခြားဖြစ်စဉ်မို့လို့ အခုလိုကြုံရတာလို့ တုံ့ပြန်ပါတယ်။

"မြို့နယ်တွေကို ရောက်လည်းရောက်ပါတယ်၊ သိလည်းသိပါတယ်၊ ဒါပေမဲ့ ထူးခြားဖြစ်စဉ်အနေနဲ့ စာအိပ်က ပွင့်လာတဲ့အတွက် အခုလိုဖြစ်တာပါ၊ အခြားမြို့နယ်တွေမှာလည်း နည်းနည်းပါးပါးတော့ရှိချင်ရှိမှာပေါ့၊ ထူးခြား ဖြစ်စဉ်အနေနဲ့ တက်မလာပါဘူး၊ တခြားမြို့နယ်မှာတော့ တစ်အိပ်စနှစ်အိပ်စ ပြဿနာဖြစ်တာမျိုးတွေတော့ ရှိတယ် ဟိုမှာကျ ၅၈ အိပ်လုံး အဲလိုဖြစ်သွားတဲ့အတွက် ကန့်ကွက်တဲ့လူကလည်း ကန့်ကွက်တာကိုး၊ ကန့်ကွက် တဲ့အတွက် ထူးခြားဖြစ်စဉ်ဖြစ်သွားတာ့ပါ၊ အဲဒါနဲ့ပတ်သက်ပြီး UEC က ဆက်ပြီးဆုံးဖြတ်ပါလိမ့်မယ်"

ဒဂုံမြို့နယ်က အမှတ် ၉၀၅ အင်ဂျင်နီယာတပ်ကပေးတဲ့ ကြိုတင်မဲ ၁၇၀ ဝန်းကျင်နဲ့ ပတ်သက်လို့ ပယ်မဲဆုံးဖြတ် မလား၊ မဆုံးဖြတ်ဘူးလားဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီမဲတွေနဲ့ပတ်သက်လို့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာကို သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ဒီနေ့ အောက်တိုဘာ ၂၉ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်တာမရှိသေးဘူးလို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။ RFA ကလည်း ဒီမဲတွေနဲ့ပတ်သက်ပြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့  ဆုံးဖြတ်ချက်ကို သိရဖို့ အီးမေးလ်ကတဆင့် မေးခွန်းပေးပို့ မေးမြန်းထားပေမယ့် ပြန်မဖြေပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေကို ပုံနှိပ်စက်နှစ်ခုမှာ ရိုက်နှိပ် ခဲ့ပြီး ပုံနှိပ်စက်တစ်ခုက ရိုက်နှိပ်တဲ့ စာအိတ်တွေက ကော်ကွာနေတာကြောင့် ဒါမျိုးကြုံရတာဖြစ်နိုင်တယ်လို့လည်း ဦးခင်မောင်ဝင်းက ယူဆပါတယ်။ အလားတူ မဖြစ်ရအောင် အောက်ခြေရပ်ကျေးကော်မရှင်အဖွဲ့ခွဲတွေဆီ ပို့တဲ့အခါ စာအိတ်တွေကို ကော်နဲ့ သေချာကပ်ပြီးမှ ပေးပို့ဖို့  ညွှန်ကြားထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒဂုံမြို့နယ်ပါဝင်တဲ့ ရန်ကုန်အနောက်ပိုင်းခရိုင်ထဲမှာ အသက် ၆၀ အထက် ကြိုတင်မဲအပါအဝင် ကြိုတင်မဲ ပေးမယ့်သူ ၁၂၀၀၀ ဝန်းကျင်ရှိပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေတဲ့ ဖန်တီးအိမ်အဖွဲ့ဒါရိုက်တာ မခင်လေးငယ်က ကြိုတင်မဲပေးတာနဲ့ ပတ်သက်ပြီး လူတွေပိုသိအောင် ပညာပေးဖို့ လိုသေးတယ်လို့ ပြောပါတယ်။

"ကျမတို့စိုးရိမ်တာက ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေက ခါတိုင်းနဲ့မတူပဲ များများရမယ်ဆိုတော့  ကြိုတင်မဲနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မဲပေးပုံမဲပေးနည်းတွေ၊ လူတွေသိအောင်ပညာပေးဖို့ လိုသေးတယ်ထင်တယ်၊ အခုဆိုလို့ရှိရင် ရိုးရိုးမဲပေးတဲ့ မဲလက်မှတ်တွေရဲ့ ပယ်မဲ ခိုင်လုံမဲ စသဖြင်ကတော့ အရင်ကတည်းက ပညာတွေပေးကြတယ်ပေါ့နော်၊ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပယ်မဲ ခိုင်လုံမဲ ဘယ်လို့သတ်မှတ်မယ်ဆိုတာမျိုးတွေ၊ ခုနလို စာအိပ်ပွင့်နေတယ်ဆိုရင် ဘယ်လိုသတ်မှတ်မယ်ဆိုတာမျိုးတွေ၊ ကြိုတင်မဲများများပေးလာတဲ့အခါမှာ  ရှင်းရှင်းလင်းလင်းရှိရမယ်"

ကြိုတင်မဲတွေမှာတော့ ဆေးရုံတက်နေရသူတွေ၊ အချုပ်ကျနေသူတွေ၊ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ် ကျော်လွန်ပြီး နိုင်ငံတော်တာဝန်နဲ့ ခရီးသွားရမယ့်သူတွေ၊ မဲရုံတွေအထိ ဆန္ဒမဲသွားပေးဖို့ ခက်ခဲနိုင်တဲ့ အသက် ၆၀ အထက် မဲဆန္ဒရှင်တွေ၊ ပြည်ပရောက်နေသူတွေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေရဲ့  မဲတွေ ပါဝင်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့မတူဘဲ ကပ်ဘေးကာလမှာကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တာကြောင့် အသက် ၆၀ အထက် မဲဆန္ဒရှင်တွေအပါအဝင် ကြိုတင်မဲပေးသူများတာကြောင့် အလားတူ ကြိုတင်မဲကိစ္စ အငြင်းပွားစရာဖြစ်ရပ်တွေများလာမှာကို ရွေးကောက်ပွဲ စောင့်ကြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org