အရပ်ဘက်၊ စစ်ဘက် အကျင့်ပျက်လာဘ်စားမှုများ

အရပ်ဘက်၊ စစ်ဘက်နှစ်ဘက်လုံးက အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်မှ တိုင်းပြည် နလံပြန်ထူလာနိုင်မယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ကို တွေ့ရစဉ် Photo: Tanintharyi Regional Government FB

အရပ်ဘက်၊ စစ်ဘက်နှစ်ဘက်လုံးက အကျင့်ပျက်လာဘ်စားမှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်မှ တိုင်းပြည် နလန်ပြန်ထူလာနိုင်မယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။

အရပ်ဘက်၊ စစ်ဘက် အကျင့်ပျက်လာဘ်စားမှုများ
~~~~~~~~~~

(ကိုနေရိန်ကျော်)

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရဲ့ အာဏာအလွဲသုံးစား လုပ်တဲ့ကိစ္စတွေ၊ အကျင့်ပျက် လာဘ်စားတဲ့ကိစ္စတွေဟာ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာတာတွေ့ရပါတယ်။ ဒီလိုပေါ်လာဖို့ အဓိက ကြိုးစားတဲ့သူတွေကတော့ ဒေသခံပြည်သူတွေ၊ မီဒီယာတွေ၊ CSO အဖွဲ့အစည်းတွေပါ။

ဒေါက်တာလဲ့လဲ့မော်ရဲ့ အလွဲသုံးစားမှုတွေကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ရီလက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပြည်သူတွေဟာ မကြောက်မရွံ့ တင်ပြခဲ့ကြတဲ့အတွက် လူသိရှင်ကြားဖြစ်ခဲ့ရပါတယ်။ အဲဒီ မတိုင်ခင်မှာလဲ သူ့ရဲ့ အလွဲသုံးစားမှုတွေဟာ သတင်းမီဒီယာတွေ၊ လူမှုကွန်ရက ်စာမျက်နှာတွေမှာ တစ်စပြီးတစ်စ ပေါ်ထွက်ခဲ့ပါတယ်။

ဒါကြောင့် ဒေါက်တာလဲ့လဲ့မော် ကိစ္စကို ပထမပိုင်းမှာ NLD ပါတီက စစ်ဆေးပြီးတဲ့နောက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွှဲပေးလိုက်တဲ့အတွက် အလွဲသုံးစားမှုတွေ တွေ့ရတယ်လို့ ကော်မရှင်က မတ်လ ၁၀ ရက်နေ့ ညမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီ ကြေညာချက်အရ ဒေါက်တာလဲ့လဲ့မော်ဟာ သိန်းပေါင်း ထောင်ချီသုံးရမယ့် ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းတဲ့လုပ်ငန်း အတွက် F-22 Sunny Construction ကုမ္ပဏီ ဆီက တံစိုးလက်ဆောင်ယူပြီး လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ကိစ္စ၊ ကိုယ်ပိုင်မြေ နှစ်ကွက် ခြံခတ်တာကို အခမဲ့လုပ်ခိုင်းထားတဲ့ကိစ္စ၊ ကိုယ်ပိုင်အိမ်ကို ပေါက်ဈေး ထက် ၆ ဆနီးပါး ပိုပေးပြီး ဝယ်တဲ့ GGS ပုဂ္ဂလိက ကုမ္ပဏီကို လျပ်စစ်ထုတ်လုပ်ရောင်းချမယ့် လုပ်ပိုင်ခွင့် ပေးလိုက်တဲ့ကိစ္စတွေ့ရတယ် လို့ဆိုပါတယ်။

အဂတိလိုက်စားရင် တိတိကျကျ အရေးယူမယ်လို့ အစိုးရ ဖြစ်လာကတည်းက ပြည်သူကို ကတိပေး ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကိစ္စမှာ ကတိအတိုင်း ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု ကမ္ဘာ့ညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈ဝ မှာ ၁၃၂ အဆင့်မှာ ဖော်ပြခံ ရပြီး၊ အမှတ်နဲ့ဆိုရင် ၁ဝဝ မှာ ၂၉ မှတ်ပဲ ရထားတဲ့အတွက် အဂတိလိုက်စားမှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းထဲမှာ ပါနေပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး လုပ်ရကိုင်ရတဲ့ နေရာတွေမှာ ဂုဏ်သိက္ခာ ထိခိုက်ရသလို၊ အယုံအကြည် နည်းပါးပြီး၊ စီးပွားရေး လုပ်ငန်းတွေမှာ မတည်ငြိမ်တာတွေ ကြုံရပါတယ်။

အဂတိလိုက်စားမှုဟာ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်အတွင်း အဆိုးဆုံး အဆင့်ကို ရောက်ခဲ့ပြီး၊ အခုဆိုရင် အဲဒီအကျင့်ဆိုးက လူတွေကြားမှာ အမြစ်တွယ်နေတာ တွေ့ရပါတယ်။ အစိုးရဝန်ထမ်း အလုပ်တခုကို လျှောက်ဖို့ စဉ်စားတဲ့သူတွေဟာ အဲဒီအလုပ်က ကြားပေါက် ဘယ်လောက်ရနိုင်လဲ ဆိုပြီး၊ တရားဝင်လစာထက်၊ လာဘ်လာဘရနိုင်မယ့် ပမာဏကို ကြည့်ပြီးလျှောက်နေကြတာ ဆယ်စုနှစ်ပေါင်း များစွာဖြစ်နေပါတယ်။

ဝန်ထမ်းဖြစ်လာပြီ ဆိုရင်လည်း လာဘ်လာဘ ဝင်ငွေများများရနိုင်တဲ့ မြို့၊ နေရာ၊ ရာထူး ရဖို့အတွက် အဲဒါကို လုပ်ပေးနိုင်မယ့် အထက်အရာရှိတွေကို လာဘ်ထိုးပြီး လုပ်နေကြတာဟာ အရပ်ဘက် ဌာနဆိုင်ရာတွေမှာ သာမကပဲ၊ စစ်ဘက်ဆိုင်ရာမှာပါ ဖြစ်နေတယ်ဆိုတာ မြန်မာနိုင်ငံသား အားလုံးအသိ ဖြစ်ပါတယ်။ စစ်ဘက်မှာဆိုရင် တပ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ကန်ထရိုက်စနစ်နဲ့ သွင်းတဲ့အတွက် အဲဒီကန်ထရိုက်ရဖို့အတွက် လုပ်ပိုင်ခွင့်ချပေးမယ့် အရာရှိကို ပြင်ပလုပ်ငန်းရှင်က လာဘ်လာဘ ထိုးနေကြတာက ဥပမာတခုပါ။

အဲဒီလို အကျင့်ပျက်ချစားမှု နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံကို ပြန်ပြီး၊ ကုစားဖို့ လိုအပ်နေတယ်ဆိုတာ ပြည်သူတွေက ပြောနေသလို၊ နိုင်ငံတကာကလဲ အမြဲထောက်ပြနေပါတယ်။

ဒါကြောင့် NLD အစိုးရ သက်တမ်း ၃ နှစ်ကျော် အတွင်းမှာ အကျင့်ပျက်ချစားမှုကို အရင်ထက်စာရင် ပိုပြီး အရေးယူနေတာ တွေ့ရပြီး၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ကို အရေးယူတဲ့ ကိစ္စကတော့ အကြီးဆုံးဖြစ်နေပါတယ်။ အခုလို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက အကျင့်ပျက်ချစားမှုတွေကို အရေးယူနေသလို၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေရဲ့ အကျင့်ပျက်ချစားမှုတွေကို အရေးယူဖို့လည်း ပြည်သူတွေက လိုလားကြ ပါတယ်။

ဒါမှလဲ ပြည်သူ့ဘဏ္ဍာ ယိုဖိတ်နေတာ၊ အများပိုင်ငွေတွေ ပျောက်နေတာတွေအတွက် ဆယ်ယူနိုင်မှာ ဖြစ်သလို၊ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကိုလဲ ပြန်ပြီးထူမနိုင်မှာ ဖြစ်တဲ့အကြောင်း လေ့လာသုံးသပ်မိပါတယ်ခင်ဗျာ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org