ရှမ်းပြည်မြောက်ပိုင်းဆေးရုံကြီးများ ပိုးတွေ့လူနာတို့ကို ကုသမှုပေး
ရှမ်းပြည်မြောက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ရင်ဆိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးတွေ့လူနာတွေရှိခဲ့လို့ ကျောက်မဲ၊ လားရှိုးနဲ့ မူဆယ် ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ကုသပေးခဲ့ကြရပါတယ်။
-
ကံသာ
2020-05-15 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစတင်တွေ့ရှိသူ ကျောက်မဲမြို့ခံ လူနာအမှတ် ၁၄ နဲ့ မူဆယ်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့တဲ့ ၈၇ နှစ်ရွယ် လူနာအမှတ် ၁၄၃ တို့မှာ ဗိုင်းရပ်စ်ပိုးမတွေ့လို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီး နေအိမ်မှာ ကျန်းမာရေးစောင့်ကြည့်မှုတွေ လုပ်နေပါတယ်။
မူဆယ်ဆေးရုံမှာ တက်ရောက်ဆေးကုသခံယူခဲ့တဲ့ လူနာအမှတ် ၁၄၃ ဟာ အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းမြို့တော်ကနေ ပြန်လာခဲ့သူ ဖြစ်ပါတယ်။
နေအိမ်မှာ တစ်လနီးပါး ကျန်းမာရေးစောင့်ကြည့်မှုခံယူရင်း ဧပြီလ ၂၄ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လို့ မူဆယ်ခရိုင် ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့တာပါ။
ဆယ့်ငါးရက်လောက် ဆေးရုံတက်ပြီးချိန်မှာ ရောဂါပိုး မတွေ့တော့တဲ့အတွက် မေလ ၉ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တာပါ။
ပထမဆုံး တွေ့ကြုံရတဲ့လူနာကို ကုသပေးရတာမို့ စိုးရိမ်စိတ်ဖြစ်မိတယ်လို့ မူဆယ်ခရိုင်ဆေးရုံက အထူးကု ဆရာဝန်ကြီး ဒေါက်တာ တင်ဇာ က ပြောပါတယ်။
လူနာဟာ အသက်ကြီးတဲ့အတွက် ပိုပြီး ဂရုတစိုက်နဲ့ စောင့်ကြည့်ခဲ့ရတယ်လို့ သူနာပြုဆရာမကြီး ဒေါ်နန်းသန်းသန်းရီက ပြောပါတယ်။
မူဆယ်ခရိုင်ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ ရောဂါနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို တစ်လလောက် ကြိုတင် ပြင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံဝန်ထမ်းတွေကို သူနာပြုဆရာမကြီး တစ်ယောက်နဲ့ သူနာပြုဆရာမ နှစ်ယောက်၊ ဆေးရုံလုပ်သား နှစ်ဦးစီကို အုပ်စုခွဲထားပြီး အလှည့်ကျ တာဝန်ထမ်းဆောင် နေကြရတာပါ။ တစ်ရက်ကို သုံးခါ စစ်ဆေးပေးရတယ်လို့ ဆိုပါတယ်။
ကိုရိုနာရောဂါနဲ့ပတ်သက်တဲ့ သံသယလူနာတွေနဲ့ ရောဂါပိုးတွေ့လူနာတွေကို မူဆယ်ခရိုင်ဆေးရုံ အသစ်မှာပဲ ထားရှိပြီး ကုသပေးနေသလို ဆရာဆရာမတွေလည်း ဆေးရုံမှာပဲ နေထိုင် စောင့်ကြည့်ကုသပေးနေတာပါ။
ဆေးရုံအသစ်နဲ့ ဆေးရုံအဟောင်း ခွဲပြီး ကုသပေးနေရတာကြောင့် ဝန်ထမ်းတွေ ခွဲထားလိုက်ရတာကလွဲလို့ စိန်ခေါ်မှု သိပ်မရှိဘူးလို့ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က ပြောပါတယ်။
လားရှိုး ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးကတော့ ရှမ်းပြည်နယ်ရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာကို ကုသပေးခဲ့ရတာပါ။ မတ်လအကုန်မှာ ထိုင်းနိုင်ငံကနေပြန်လာပြီး ကိုရိုနာဗိုင်းရပ်စ်ပို့တွေ့တဲ့ လူနာ အမှတ် (၁၄) ကျောက်မဲ ဒေသခံအမျိုးသားကို တစ်လကျော်ကြာ ကုသမှုပေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ပိုး မတွေ့တော့တဲ့အတွက် ကျောက်မဲဆေးရုံကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။
လူနာအမှတ် ၁၄ ဟာ အစပိုင်းကတည်းက ကျန်းမာရေး ကောင်းတဲ့အတွက် ကုသရာမှာ စိုးရိမ်စရာမရှိခဲ့ဘူးလို့ လူနာကိုကုသပေးခဲ့တဲ့ လားရှိုးဆေးရုံကြီးက အထူးကု ဆရာဝန်ကြီး ဒေါက်တာ သီတာရီ က ပြောပါတယ်။
ကပ်ရောဂါတိုက်ဖျက်ရေးကာလမှာ ဆေးရုံမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ၊ ဆရာမတွေဟာ မိမိတို့ကိုယ်တိုင် သီးခြားစောင့်ကြည့်ခံရပြီး ကျန်းမာရေးစောင့်ကြည့်မှု ပေးနေတယ်လို့ သူနာပြုဆရာမကြီး ဒေါ်ခွမ်လုံက ပြောပါတယ်။
မိသားစုနဲ့ ခွဲနေပြီး တာဝန်ထမ်းဆောင်ရာမှာ ရင်ဆိုင်ရတဲ့ အတွေ့အကြုံကို လားရှိုးဆေးရုံက သူနာပြု ဆရာမကြီး နော်ဆွေဆွေဝင်းက ပြောပြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလ ကျန်းမာရေးဌာနက ကုသရေးအပိုင်းမှာ ဆရာဝန်၊ ဆရာမတွေဟာ ပိုးတွေ့ လူနာနဲ့ သံသယလူနာတွေကို အနီးကပ် ပြုစုကုသပေးနေသလို ပြည်သူ့ကျန်းမာရေးဌာနက ကျန်းမာရေး ဝန်ထမ်းတွေကလည်း ရပ်ကွက်တွေ၊ မြို့ဝင်ထွက်ဂိတ်တွေ၊ အစိုးရက စီစဉ်ထားတဲ့ ကျန်းမာရေးစောင့်ကြည့်တဲ့ နေရာတွေမှာ အစိုးရဝန်ထမ်းတွေ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ တွဲပြီး ကျန်းမာရေး စစ်ဆေးတာတွေ ရောဂါပိုးတွေ့သူနဲ့ သံသယလူနာတွေကို ဆေးရုံပို့တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။