ပြည်ပရောက် မြန်မာကျောင်းသားတွေ အိမ်ပြန်ခက်နေ

ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာပါမှ ပြန်လာခွင့်ပြုမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် အလည်အပတ်သွားသူတွေနဲ့ ကျောင်းသားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေကြပါတယ်။

corona-abroad-student-622

ပြည်ပမှာ ခေတ္တရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာပါမှ မြန်မာနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့ အစိုးရက ကြေညာထားတဲ့အတွက် ပြည်ပကို အလည်အပတ် သွားသူတွေနဲ့ ကျောင်းသားတွေ ပြန်လာဖို့ အခက်အခဲ ရှိနေကြပါတယ်။

မြန်မာပြည်ပြန်လာမယ့်သူတွေ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံက ဆေးထောက်ခံစာတွေ ပါရမယ်ဆိုတဲ့ လိုအပ်ချက်ကို မြန်မာအစိုးရ သံရုံးတွေက ထုတ်ပြန်ထားတာဖြစ်ပြီး ကျန်းမာရေး ထောက်ခံပေးနိုင်တဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဆရာဝန်ရဲ့ တရားဝင်လက်မှတ်ရနိုင်ဖို့ အခက်ကြုံနေကြပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို အလည်အပတ်ရောက်နေတဲ့ ကိုငြိမ်းချမ်းက... သံရုံးကထုတ်ပေးတဲ့ စာရွက်ပေါ်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း တရားဝင် လက်မှတ်ထိုးပေးနိုင်မယ့် ဆရာဝန်ကို လိုက်ရှာနေရတယ်လို့ RFA ကို ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံနဲ့ဒေသပေါင်း ၁၆၇ ခုကို ဆိုးဆိုးရွားရွား ပျံ့နှံ့နေပြီး ဥရောပတိုက်က အီတလီနိုင်ငံမှာ ဆိုရင် တရုတ်နိုင်ငံက သေဆုံးမှုထက်တောင် ကျော်နေပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူမရှိသေးဘူးလို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီရောဂါ မြန်မာနိုင်ငံထဲကို ပြန့်မလာအောင် ကာကွယ်တဲ့အနေနဲ့ နိုင်ငံတိုင်းက နိုင်ငံခြားသားခရီးသွားတွေကို အစိုးရက ပြည်ဝင်ခွင့်ပိတ်လိုက်သလို ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေပြန်လာချင်ရင်လည်း သက်ဆိုင်ရာ နိုင်ငံရဲ့ ဆေးထောက်ခံစာပါမှ ပြန်လာခွင့်ပြုမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန် နိုင်ငံ Newcastle မှာရှိတဲ့ Northumbria တက္ကသိုလ်မှာ ကျောင်းတတ်နေတဲ့ ကိုရဲကျော်သူတို့လို ကျောင်းသားတချို့တော့ ဒီ ဆေးစာရွက်မပါလို့ လေဆိပ်မှာ လေယာဉ်ပေါ်တက်ခွင့် မရဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org