ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး ထိပ်တိုက်ရင်ဆိုင်မှုများ

ပြည်ထောင်စုလွှတ်တော်အတွင်း ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးအတွက် လူများစု NLD အမတ်များက အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေစဉ် တပ်မတော်ဘက်က စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တွေ့ရစဉ်

ပြည်ထောင်စုလွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးအတွက် လူများစု NLD အမတ်များက အဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေစဉ် တပ်မတော်ဘက်က စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။ ဒီအခြေအနေတွေဟာ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး လွယ်လွယ်ကူကူ မဖြစ်နိုင်ဘူးဆိုတာကို ပြသနေတာပါ။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သုံးသပ်တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး ထိပ်တိုက်ရင်ဆိုင်မှုများ
( ဦးတင်အောင်ခိုင်)


၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆောင်ရွက်နေပြီဆိုပေမယ့် ရလဒ်တစုံတရာတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဝေဖန်သံတွေ တုံ့ပြန်ပြောဆိုသံတွေကတော့ ဆူဆူညံညံ ပေါ်ထွက်နေပါတယ်။

၇၄ ကြိမ်မြောက် တပ်မတော်နေ့မှာ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာမှာ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

NLD ပါတီဘက်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာတင်ပြီး၊ နောက် မဲခွဲဆုံးဖြတ်၊ ၄၅ ဦးပါ ကော်မတီဖွဲ့ပြီး ဆောင်ရွက်နေတာကို ဥပဒေနဲ့အညီ ပြုလုပ်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာဖြစ်တာကြောင့် နိုင်ငံမှာ ဘယ်လို အခက်အခဲ အကြပ်အတည်းတွေပေါ်မှာ မဟုတ်ပါဘူးလို့ ပြောဆိုထားပါတယ်။

တကယ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ NLD ပါတီ ရွေးကောက်ပွဲဝင်ကတည်းက ပြည်သူကို ကတိပေးခဲ့တာဖြစ်ပြီး၊ NLD ပါတီရွေးကောက်ပွဲမှာ အောင်ပွဲခံပြီး လွှတ်တော်အတွင်း လူများစုနေရာရရှိချိန်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ဦးတည်ချက်ဟာ အမျိုးသားရင်ကြားစေ့ရေးဆိုတာရဲ့ နောက်ကွယ်မှာ မှေးမှိန်သလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့်၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ နိုင်ငံတော်နဲ့ သင့်တော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့   ဖော်ပြထားပါတယ်။

ဒီအချိန်နောက်ပိုင်း လွှတ်တော်အတွင်း NLD အမတ်တွေရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့လာရပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို မဲခွဲပြီး ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကော်မတီနဲ့ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တရားမဝင်ဘူးလို့ ပထမဆုံးပြောဆိုခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေကပါ ဝင်ရောက် ပြောဆိုခဲ့ပါတယ်။

တကယ်က မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ပါဝင်နေခြင်းဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြောင့် ဖြစ်နေတာမို့ တပ်မတော်ဟာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သူ့သဘောထားကို ပြသမှာဖြစ်တယ်လို့ သုံးသပ်သူတချို့ကလည်း ရှိနေပါတယ်။

တချိန်တည်းမှာပဲ မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ တပ်မတော်က “တပ်မတော်နေ့” လို့ ခေါ်နေပြီး NLD ဘက်က “ဖက်ဆစ်တော်လှန်ရေးနေ့” လို့ ခေါ်နေတဲ့နေ့မှာ NLD ပါတီက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် တပ်မတော်အနေနဲ့ ပူးပေါင်းပါဝင်လာပါ့မလား ဆိုတာကတော့ လက်တွေ့ကျကျ သုံးသပ်ရင် ရာခိုင်နှုန်း အတော်နည်းနေပါတယ်။

တပ်မတော်အနေနဲ့ စိုးရိမ်မှုတွေ ရှိနေနိုင်တယ်ဆိုတာလည်း သဘာဝကျနေပါတယ်။  အထူးသဖြင့် လွှတ်တော်တွင်းမှာ “လူများညီလို့ ဤကိုကျွဲ” ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဒုတိယကာကွယ်ရေးဦးစီးချုပ်က ထုတ်ဖော်ပြောဆိုတာဟာလည်း လွှတ်တော်တွင်းက အခြေအနေကို တပ်မတော်အနေနဲ့ စိုးရိမ်နေတယ်ဆိုတာကို ပြသနေခြင်း ဖြစ်ပါတယ်။

ဒီအခြေအနေတွေကို လွန်မြောက်နိုင်ဖို့အတွက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို NLD ပါတီ ပြောဆိုနေသလို လွှတ်တော်တွင်းက ဆောင်ရွက်တဲ့နည်းလမ်းနဲ့ ပြည်သူ့အားနဲ့ ဆောင်ရွက်တဲ့ နည်းလမ်းတွေဟာ အောင်မြင်မှု ရနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်စေပါတယ်။ ဒီအတွက် အလွတ်သဘော တွေ့ဆုံမှုကနေစပြီး ဆောင်ရွက်မယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဆိုတဲ့ အဖြေတခုတော့ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org