AI အစီရင်ခံစာအပေါ် တိုင်းရင်းသားပါတီတွေရဲ့အမြင်


2019.05.29
ai-statement-622.jpg အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကြေညာချက်ရဲ့ ပထမဆုံးစာမျက်နှာ
www.amnestyusa.org

မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်ဖွဲ့ နှစ်ဖွဲ့လုံးက ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေအတွက် နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC ကိုတင်ဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် ကျူးလွန်သူကို ထိန်းသိမ်းတဲ့အနေနဲ့ အရေးယူသင့်တယ်ဆိုတဲ့ အမြင်တွေ ရှိသလို မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ပြည်တွင်းမှာသာ အရေးယူဆောင်ရွက်သင့်တယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေပါတယ်။ မွန်ပြည်သစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဖယ်ဒရယ်ပြည်ထောင်စုပါတီတို့ရဲ့ အမြင်တွေကို RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~

AI အစီရင်ခံစာအပေါ် တိုင်းရင်းသားပါတီတွေရဲ့အမြင်

(ခင်ခင်အိ)

■ မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်ဖွဲ့ နှစ်ခုလုံးက အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ စစ်ရာဇဝတ်မှုကျူးလွန်တာတွေရှိခဲ့တယ်လို့ Amnesty International လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ပါတယ်။

“ ကျနော်တို့ကိုဘယ်သူမှအကာအကွယ်မပေးနိုင်ဘူး ”  No one can protect Us လို့ဆိုတဲ့ AI ရဲ့ ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ တပ်မတော်က လုပ်ထုံးလုပ်နည်းကျော်လွန်ပြီး အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်တာတွေကို အသေးစိတ်ဖော်ပြထားသလို AA ရခိုင့်တပ်ဖွဲ့ကလဲ အရပ်သားတွေကို ပြန်ပေးဆွဲတာ ခြိမ်းခြောက်တာတွေလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီရာဇဝတ်မှုတွေကျူးလွန်တဲ့အပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို တင်ဖို့တောင်းဆိုထားပါတယ်။

AI ရဲ့ ဒီထုတ်ပြန်ချက်အပေါ် မွန်ပြည်သစ်ပါတီရဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက....

“ ဒါကတော့ သူတို့မြင်တာ - ဒါကလဲကောင်းပါတယ် ကနေ့ဖြစ်နေတဲ့ပွဲတွေမှာ မဆီမဆိုင်တဲ့လူထုတွေ ဒုက္ခရောက်တာ အားလုံးသိပြီးသားပါ ဒါကြောင့်ကျူးလွန်သူတွေကို အရေးယူတာ မကန့်ကွက်ပါဘူး”

ရခိုင်အမျိုးသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလဲ.....

“ ကျနော်တို့မြေပြင်အတိုင်းအတာအရတော့ အဲလိုရာဇဝတ်မှုကျူးလွန်တာ လူမျိုးတုန်းသတ်ဖြတ်တာပေါ့နော် အဲဒါမျိုးကျနော်တို့ဒေသမှာမရှိဘူးဗျ။ တင်တယ်ဆိုတာကတော့ သူတို့ကြိုးစားတဲ့အလုပ်ပေါ့ဗျာ။ ဖြေရှင်းရမှာတော့ ဒီဘက်ကစွပ်စွဲခံရတဲ့သူတွေရဲ့အလုပ်ပေါ့၊ ကိုယ့်ဒေသအခြေအနေအရ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်တဲ့အခါ ဒီလိုနှစ်ဖက်အငြင်းပွားမှုတွေရှိတာပေါ့။ သူတို့အရေးယူတာ ကျနော်တို့သုံးသပ်မပြောလိုဘူး သူတို့ဘက်က သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ရင် တင်ပေါ့ ”

AI ရဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဖက်ဒရယ်ပြည်ထောင်စုပါတီက ဦးစောသန်းမြင့်ကတော့ မြန်မာပြည်ရဲ့အရေးကို ပြည်တွင်းမှာအရင်ဖြေရှင်းသင့်တယ်လု့ိမြင်ပါတယ်။

“ ဘာပဲဖြစ်ဖြစ် ကျူးလွန်တဲ့ကိစ္စကိုတော့ ဖြေရှင်းပေးရမှာပေါ့။ ဒါပေမဲ့ တခုတော့ရှိတာပေါ့  ဒီနိုင်ငံတကာအဖွဲ့အစည်းနဲ့ ဖြေရှင်းမယ့်အစား ကိုယ့်ပြည်တွင်းမှာ အစိုးရနဲ့ လက်ရှိပေါ့နော် ကုလသမဂ္ဂဆိုရင် အထူးကိုယ်စားလှယ် အမြဲလာရောက်နေတာပဲ။ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေလဲရှိတယ်။ သံရုံးတွေလဲရှိတယ်။ ပထမအဆင့်အနေနဲ့ ပြည်တွင်းမှာ အရင်ဆုံးဖြေရှင်းသင့်တယ်။ တကယ်လို့ ပြည်တွင်းမှာ ဘယ်လိုမှ ဖြေရှင်းမရတော့ဘူးဆိုရင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တာ ပိုကောင်းတာပေါ့ ”

မြန်မာ့အရေး ICC တင်ဖို့ AI ရဲ့ တောင်းဆိုချက်အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်တဲ့ ဦးခက်ထိန်နန်ကလည်း...

“ ဒါပြည်တွင်းကိစ္စလေ၊  တိုင်းရင်းသားတွေ ညီအကိုမောင်နှမတွေရဲ့ ကိုယ့်နိုင်ငံအတွင်းကိစ္စဖြစ်တော့ ကျနော်မြင်တာကတော့ အခုကြိုးစားနေတဲ့ ငြိမ်းချမ်းရေးကို အဓိကထားပြီးတော့ ဖြစ်မြောက်အောင် ကြိုးစားသင့်တယ် အားလုံးကဝိုင်းပြီးတော့တိုက်တွန်းသင့်တယ် ”

AI ရဲ့ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့တပ်မတော်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို ရပ်တန့်အောင်လုပ်ဖို့ ပျက်ကွက်နေပြီး လုံခြုံရေးကောင်စီအနေနဲ့ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ရဲ့တာဝန်တွေ ဆောင်ရွက်သင့်ပြီလို့လဲ ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။