“ကျည်ဆန်မိုးတွေ ရွာနေတယ်” အစီရင်ခံစာ AI အဖွဲ့ ထုတ်ပြန်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.05.31
“ကျည်ဆန်မိုးတွေ ရွာနေတယ်” အစီရင်ခံစာ AI အဖွဲ့ ထုတ်ပြန် ကရင်ပြည်နယ်ရှိ ဗုံးခိုကျင်းတစ်ခုတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည် ကလေးနှစ်ဦးအား ၂ဝ၂၂ ခုနှစ် မေလ အစောပိုင်းက တွေ့ရစဉ်။
Photo: Free Burma Rangers

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နဲ့ကယားပြည်နယ်မှာ စစ်ရေးပဋိပက္ခ အကြိမ် ၁ဝဝဝ ထက်မနည်း ဖြစ်ပွားခဲ့ရာမှာ မြန်မာစစ်တပ်ရဲ့တပ်မအချို့ဟာ ပြည်တွင်းစစ်မှာ အရပ်သားတွေကို ကာကွယ်ပေးထားတဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတယ်ဆိုတဲ့အကြောင်း အစီရင်ခံစာသစ်ကို “ကျည်ဆန်မိုးတွေရွာနေတယ်” ဆိုတဲ့အမည်နဲ့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ဇွန်လ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဖြစ်နေတယ်လို့လည်း AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကရင်နဲ့ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ ခိုလှုံနေတဲ့ CDM အရာရှိတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးဖို့ ရည်ရွယ်ချက်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း၊ ဒေသခံပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုပြီး အရပ်သားတွေကို အုပ်စုလိုက် အပြစ်ပေးတဲ့ စစ်ရေးဗျူဟာကို ကျင့်သုံးနေတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအတွက် AI အဖွဲ့ရဲ့ သုတေသီတွေဟာ ပြီးခဲ့တဲ့ မတ်လကနေ ဧပြီလအတွင်း ထိုင်း-မြန်မာနယ်စပ်ကို ကိုယ်တိုင်သွားပြီး၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရသူတွေ၊ မြန်မာစစ်တပ်ကို စွန့်ခွာလာတဲ့ တပ်သားတွေ၊ ဆရာဝန်သူနာပြုတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက လုပ်သားတွေ စုစုပေါင်း ၉၉ ဦးကို တိုက်ရိုက်တွေ့ဆုံမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်တွေထဲမှာ ကယားပြည်နယ်က စစ်ဆင်ရေးတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ တပ်ရင်းမှူးအဆင့် အရာရှိတစ်ဦး အပါအဝင် စစ်တပ်ကို စွန့်ခွာလာသူ တပ်သားသုံးဦးနဲ့ NUG လူ့အခွင့်အရေးဝန်ကြီးတို့လည်း ပါတယ်လို့ ဆိုပါတယ်။ ဓာတ်ပုံနဲ့ ဗွီဒီယို အထောက်အထားတွေ၊ မီးရှို့ဖျက်ဆီးခံထားရတဲ့ လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို ဂြိုဟ်တုက ရိုက်ထားတဲ့ပုံတွေကို ရယူစုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

kayah.jpg
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲမှ ပျက်စီးနေသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းကို ၂ဝ၂၁ ခုနှစ် ဇွန်လတွင်းက တွေ့ရစဉ်။ (Photo: Free Burma Rangers)

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၂၂ မတ်လအတွင်း ကရင်နဲ့ ကယားပြည်နယ်မှာ၊ အရပ်သားပြည်သူတွေ ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မီးလောင်မှုတွေကြောင့် ရွာပေါင်း ၁၉ ရွာက လူနေအိမ်တွေ၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ ကျန်းမာရေးဆေးခန်းတွေ ထိခိုက်ပျက်စီးမှု ၂၄ ကြိမ် မှတ်တမ်းတင်နိုင်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆ဝ လောက် ထိခိုက် သေကြေပျက်စီးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ လေတပ်ကနေ ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှု ရှစ်ကြိမ် မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ သေဆုံးဒဏ်ရာရသူ အရပ်သားအနည်းဆုံး ၁၈ ဦး ရှိခဲ့ကြောင်း၊ ဒီရှစ်ကြိမ်စလုံးမှာ ပစ်မှတ်ထား ဗုံးကြဲခံရတဲ့ နေရာတွေမှာ အရပ်သားတွေပဲ ရှိနေတာဖြစ်တဲ့အတွက် စစ်မြေပြင်ဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်ကြောင်း၊ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့တွေဟာ ဒေသခံအရပ်သားပြည်သူတွေ ပုံမှန်သွားလာနေတာကို တမင်တကာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေလည်း တွေ့ရပြီး၊ ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ တပ်ရင်းတွေဟာ ဒေသခံပြည်သူတွေ ကြောက်ရွံ့စေဖို့နဲ့ တော်လှန်ရေးတပ်သားတွေကို မကူညီရဲအောင် ရွာတွေထဲကို အကြောင်းမရှိပဲ မော်တာဒုံးလက်နက်တွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ ၂၀၂၁ ခုနှစ်က ကယားပြည်နယ် စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ်ရဲ့ ခြေမြန်တပ်မ ၆၆ မှာ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး ရာထူးကနေ စွန့်ခွာလာတဲ့ တပ်မတော်အရာရှိတစ်ဦးက AI အဖွဲ့ကို ပြောဆိုတဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်ရဲ့ တပ်မ ၆၆၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံးနဲ့ လေတပ်တို့ဟာ တာဝန်အရှိဆုံးဖြစ်တယ်လို့လည်း AI အဖွဲ့က သုံးသပ်ထားပါတယ်။

နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေအကြောင်း လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကို စာရေးသားဆက်သွယ်ပြီး မေးမြန်းခဲ့ပေမယ့်၊ အစီရင်ခံစာထွက်တဲ့အချိန်အထိ အကြောင်းမပြန်သေးဘူးလို့လည်း AI အစီရင်ခံစာမှာ ပြောထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဖြစ်တဲ့ အိုင်စီစီတရားရုံးကို လွှဲပြောင်းဖို့၊ မြန်မာစစ်တပ်ကို လက်နက်တင်သွင်းရောင်းချနေတာတွေ ပိတ်ပင်ပြီး ထိရောက်တဲ့ စောင့်ကြည့်ကြပ်မတ်မှုတွေဆက်လုပ်ဖို့၊ မြန်မာစစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေ၊ အကြီးတန်းအရာရှိတွေကို တစ်ဦးချင်း ရွေးချယ်အရေးယူဖို့နဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပုံမှန်အစည်းအဝေးကျင်းပပြီး လိုအပ်သလို ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂကို တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း NUG ရဲ့ ညွှန်ကြားမှုအောက်မှာ ရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ နိုင်ငံတကာလူသားချင်း စာနာမှုဥပဒေတွေကို လိုက်နာပြီး အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် အလေးထားဖို့၊ မြန်မာနိုင်ငံအရပ်ရပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM နဲ့ ICC တရားရုံးတို့နဲ့ ပူးပေါင်းပါဝင်ဖို့၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ကြောင်း သတင်းထွက်လာရင်လည်း အချိန်နဲ့တစ်ပြေးညီ စုံစမ်းစစ်ဆေးအရေးယူဖို့ တိုက်တွန်းထားပါတယ်။

နိဂုံးချုပ်အနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်း သဘောတူညီချက်အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေကို တိတိကျကျလိုက်နာပြီး၊ မြန်မာနိုင်ငံအရှေ့ပိုင်းက စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဖို့၊ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာလူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက် တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ချက်ချင်းရပ်ဖို့၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေအပေါ် ချက်ချင်း စုံစမ်းစစ်ဆေးပြီး အရေးယူဖို့၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့အခြေအနေကို သက်ဆိုင်ရာမိသားစုဝင်တွေကို သိခွင့်ပေးဖို့၊ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကို အကူအညီ လိုအပ်နေတဲ့ ဒေသအားလုံးကို ဝင်ရောက်ခွင့်ပြုဖို့ စတဲ့ အချက်တွေကို Amnesty International က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။