ခရစ္စမတ်လက်ဆောင်အဖြစ် အမြန်ငြိမ်းချမ်းချင်ကြောင်း ကချင်စစ်ဘေးဒုက္ခသည်တွေ ပြော
ဝိုင်းမော်မြို့နယ်က မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ခရစ္စမတ်ဆုတောင်းပွဲကို ကျင်းပနေတာပါ။
-
RFA Burmese
2023-12-25 -
-
-
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ခရစ္စမတ်ဆုတောင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက် ဒီနေ့မှာ ကျင်းပနေတာပါ။
ကမ္ဘာတစ်ဝန်းက ခရစ်ယာန်ဘာသာဝင်တွေဟာ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ခရစ္စမတ်ကာလဖြစ်တဲ့ ဒီဇင်ဘာလတစ်လလုံးကို ဘာသာရေးဆိုင်ရာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။
"တစ်နိုင်ငံလုံးလည်း အမြန်ဆုံးအေးချမ်းပါစေ ဆိုတဲ့ ခရစ္စမတ်လက်ဆောင် လိုချင်ပါတယ်“
ဒါပေမဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေကတော့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ခရစ္စမတ် ဆုတောင်းပွဲ တစ်ရက်သာ အကျဉ်းချုံးပြုလုပ်ခဲ့ကြတာပါ။
ခရစ္စမတ်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးအတွက် အလွန်အရေးကြီးတဲ့နေ့ဖြစ်တာကြောင့် အခက်အခဲတွေကြားကနေပဲ ကျန်းကျန်းမာမာနဲ့ ပါဝင်ခွင့်ရတာ ဘုရားကိုကျေးဇူးတင် တယ်လို့ ဒုက္ခသည် ဒေါ်ဂျာဘောက်က RFA ကို ပြောပါတယ်။
“ကျွန်မတို့က စစ်ဘေးဒုက္ခသည်တွေဆိုတော့ အခုလို ခရစ္စမတ်ပွဲလုပ်လည်း စိတ်အားငယ်တယ်။ စိတ်ကူးသလိုလည်း လုပ်လို့မရဘူး။ ဒါကြောင့် စိတ်တော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကောင်းချီးကြောင့် ကျန်းကျန်းမာမာနဲ့ ခရစ္စမတ်ပွဲ ပါဝင်ခွင့်ရတာကြောင့် ကျေးဇူးတင်တယ်”
ဒေါ်ဂျာဘောက်ဟာ ၁၉၈၀ လောက်ကတည်းက တိုက်ပွဲတွေကြောင့် အကြိမ်ကြိမ် နေရပ်စွန့်ခွာခဲ့ရသူဖြစ်ပြီး လက်ရှိ မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ ခိုလှုံနေတာ ဆယ်စုနှစ်တစ်ခုကျော်လာတာကြောင့် ဆက်မနေချင်တော့ဘူးလို့ ဆိုပါတယ်။
အခက်အခဲမျိုးစုံရှိနေပေမယ့် ခရစ်ယာန်တွေအတွက် ခရစ္စမတ်ဆုတောင်းပွဲကို မဖြစ်မနေလုပ်ဖို့လိုတာကြောင့် အခက်ခဲကြားကပဲ လုပ်ခဲ့တာလို့ မိုင်းနား (KBC) ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးလွမ်းဇောင်းက RFA ကို ပြောပါတယ်။
“ကုန်ဈေးနှုန်းလည်း အရမ်းတက်နေတဲ့ အချိန်ဟုတ်တယ်။ အခုလို ဆုတောင်းပွဲ လုပ်နိုင်ဖို့က ခက်ခဲမှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ယုံကြည်မှုအတွက် ခရစ္စမတ်ဆုတောင်းပွဲကို မလုပ်လို့မဖြစ်ဘူး။ ကျွန်တော်တို့ကို ကယ်တင်တဲ့ အရှင်ယေရှုခရစ်တော် မွေးဖွားလာတဲ့ ဆုတောင်းပွဲဖြစ်လို့ ဘယ်လောက်ခက်ခဲနေပါစေ ပိုခက်ခဲလေ ပိုပြီးဘုရားကို ဆုတောင်းကိုးကွယ်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်“
ခရစ္စမတ်ဆုတောင်းပွဲကို ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ထောင်ကျော်နဲ့သာ အကျဉ်းချုံးကျင်းပနိုင်ခဲ့တယ်လို့ ဦးလွမ်းဇောင်းက ဆိုပါတယ်။
မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ ရွာပေါင်းငါးဆယ်ကျော်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ငါးရာကျော်၊ လူဦးရေ သုံးထောင်နီးပါး ရှိပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ကချင်ပြည်နယ်က ၂၀၁၁ ခုနှစ်တိုက်ပွဲအတွင်း ထွက်ပြေးလာ ရသူတွေဖြစ်ပြီး ကိုဗစ် ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စားဝတ်နေရေး အကျပ်တည်းနဲ့ပါနဲ့ ရင်ဆိုင်လာရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဆဒုံးမြို့ အင်ဝန်ကောင်ရွာကနေ မိုင်းနား (KBC) ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေတဲ့ မဘောက်နူးအောင် ကလည်း မြန်မာပြည် ငြိမ်းချမ်းလာဖို့နဲ့ နေရပ်ပြန်နိုင်ဖို့က သူအလိုချင်ဆုံး ခရစ္စမတ် လက်ဆောင်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေးဆိုတဲ့ လက်ဆောင်လိုချင်တယ်။ ပြီးရင် ကိုယ့်ရပ်ကိုယ့်ရွာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်ထက်ပိုပြီး ပြန်လည်ထူထောင်ရေးလုပ်ပြီး ပိုမိုပျော်ရွှင်တဲ့ ခရစ္စမတ်လက်ဆောင် လိုချင်တယ်။ ပြီးရင် တစ်နိုင်ငံလုံးလည်း အမြန်ဆုံးအေးချမ်းပါစေ ဆိုတဲ့ ခရစ္စမတ်လက်ဆောင် လိုချင်ပါတယ်“
မြန်မာနိုင်ငံ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘို ကလည်း ဘုရားဟာ ပြည်သူတွေနဲ့ အမြဲအတူတူရှိနေတယ်လို့ RFA ကို မိန့်ကြားပါတယ်။
"ခရစ္စမတ်ဖြစ်လာတယ်ဆိုတာ ခရစ်တော်ရဲ့ မွေးဖွားခြင်းကြောင့်မို့လို့ ခရစ္စမတ် ဖြစ်လာတယ်ပေါ့။ ဒီခရစ်တော် မွေးဖွားခြင်းဟာ ဘုရားဟာ တို့နဲ့အတူတူရှိနေတယ်။ အမြဲပဲရှိနေတယ်။ ဘယ်လိုပဲ အခြေအနေပဲဖြစ်ဖြစ် ဘုရားဟာရှိတယ်။ တို့ကောင်းသည် ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် တို့တွေအားလုံး အသက်ရှင်နေရတယ်ဆိုတဲ့ အဓိပ္ပာယ်က ခရစ္စမတ်ပွဲပဲဖြစ်တယ်"
ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ခရစ်ယာန် ဘာသာဝင်တွေနဲ့ မငြိမ်းချမ်းတဲ့ဒေသတွေက ပြည်သူတွေအတွက် လက်နက်ကိုင်ထားသူတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့လည်း ကာဒီနယ်က တိုက်တွန်းပါတယ်။
ကချင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ (KHCC) ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲလောက်ရှိပြီး ဒုက္ခသည်စခန်းပေါင်း (၁၆၀) မှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။