မြစ်ကြီးနားက ခရစ်ယာန်ဘာသာရေးဆရာ သုံးဦးအပါအဝင် ငါးဦးအဖမ်းခံရ

မြစ်ကြီးနားမြို့က ခရစ်ယာန်ဘာသာရေးဆရာ သုံးဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ငါးဦး ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ KBC KACHIN

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ခရစ်ယာန်ဘာသာရေးဆရာ သုံးဦးနဲ့ အရပ်သား နှစ်ဦး စုစုပေါင်း ငါးဦး ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူ ငါးဦးကတော့ မြစ်ကြီးနားမြို့ လေတပ်စခန်းအနီးရှိ အောက်မော်ဖောင်းရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းက သိက္ခာတော်ရဆရာ ဦးရှောင်လာနဲ့ ဆရာမုန်ဆန်နော်၊ ကက်သလစ်ဘုရားကျောင်းက အမှုတော်ဆောင်ဆရာ လုံဘန်ခေါထန်၊ အရပ်သားတွေဖြစ်ကြတဲ့ ဦးအင်ဒွပ်ဂမ်နဲ့ ဦးလဖိုင်ဂမ်ဒွတ်တို့ ဖြစ်ပါတယ်။

"ဘယ်အဖွဲ့အစည်းကလဲလို့ မေးတဲ့အချိန် မေးတဲ့မိန်းကလေးကို လျှာမရှည်နဲ့ မမေးနဲ့ နင့်ကိုပါ ဖမ်းလိုက်မယ်လို့ ပြောသွားတယ်"

အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေက သူတို့အားလုံးကို ဘုရားကျောင်းနဲ့ နေအိမ်တွေကနေ ဧပြီလ ၂၀ ရက်နေ့မှာ လာဖမ်းသွားတာလို့ နာမည်မဖော်လိုတဲ့ အောက်မော်ဖောင်း ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ရှင်းပြတာလည်း မရှိဘူး။ ပြီးတော့ ဘယ်အဖွဲ့အစည်းကဆိုတာလည်း မရှိဘူးလို့ အဲဒီလိုပြောတယ်။ KBC ထဲ ဝင်ပြီးသွားဖမ်းတဲ့အချိန်က ဘယ်အဖွဲ့အစည်းကလဲလို့ မေးတဲ့အချိန် မေးတဲ့မိန်းကလေးကို လျှာမရှည်နဲ့ မမေးနဲ့ နင့်ကိုပါ ဖမ်းလိုက်မယ်လို့ ပြောသွားတယ်။ ကျွန်တော်အနေနဲ့ဆိုရင် မတရားဘူးပေါ့။ သူတို့က နိုင်ငံရေးလည်း လုပ်နေတာ မဟုတ်ဘူး"

ကက်သလစ်ဘုရားကျောင်းက အဖမ်းခံရတဲ့ ဘာသာရေးဆရာ နှစ်ဦးအနက် တစ်ဦးဟာ နိုင်ငံရေးနဲ့ ဘာမှမပတ်သက်ဘဲ ဘုရားကျောင်းမှာ တာဝန်ထမ်းနေတာ တစ်နှစ်ခန့်သာရှိသေးတယ်လို့ သူက ဆိုပါတယ်။

အခြားဒေသခံတွေကတော့ ဧပြီလ ၁၉ ရက်ညပိုင်းက အောက်မော်ဖောင်းရွာအနီးရှိ ‌မြစ်ကြီးနား လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ ဘာသာရေးဆရာတွေ အခုလို ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၁၇ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန်လည်း အဲဒီည သန်းခေါင်ယံအချိန်မှာပဲ ပြန်အဖမ်းခံလိုက်ရပါတယ်။ ဒီတစ်ကြိမ် ပြန်ဖမ်းရာမှာ ဒေါက်တာခလမ်ဆမ်ဆွန် သာမက ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလမိုင်ဂွမ်ဂျာလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ပြန်လွတ်လာပြီးမှ ချက်ချင်းပြန်အဖမ်းခံရတဲ့အပေါ် ဝမ်းနည်းစိတ်ထိခိုက်မိတယ်လို့ KBC အသင်းဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာပြီဆိုလို့ ကျွန်မတို့ အသင်သားတွေက အရမ်းဝမ်းသာနေတာ။ ဒါပေမဲ့ ညဘက်မှာ ပြန်ပြီးလာဖမ်းသွားတယ်လို့ သတင်းပြန်ကြားတော့ ပြန်ဝမ်းနည်းရတယ်။ ဘာသာရေးဆရာတစ်ယောက်ကို လွှတ်ပေးလိုက်ပြီးမှ ပြန်လာဖမ်းသွားတာက ကျွန်မတို့ အသင်းသားတွေအနေနဲ့ကတော့ အံ့ဩတယ်။ စိတ်နာတယ်။ ဘာသာရေး ဆရာတစ်ယောက်ကို အသက်ကလည်းကြီးနေပြီဟာကို ထောင်ထဲမှာပဲ ချုပ်နှောင်ထားတယ်"

အောက်မော်ဖောင်းရွာက ခရစ်ယန်ဘာသာရေးဆရာ သုံးဦးနဲ့ ဒေသခံနှစ်ဦး ဖမ်းဆီးခံရမှု၊ ဒေါက်တာ ခလမ်ဆမ်ဆွန် ပြန်အဖမ်းခံရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းမထုတ်ပြန်သေးပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ဖို့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်ဖမ်းတာ မဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမေးမြန်းဖို့ ခေါ်ထားတာသာဖြစ်တယ်လို့ သတင်းမီဒီယာတချို့ကို ဧပြီလ ၁၉ ရက်နေ့က ပြန်လည်ဖြေဆိုထားပါတယ်။

မြစ်ကြီးနားမြို့နယ် အောက်မော်ဖောင်းရွာမှ ကချင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မော်ဖောင်းနှစ်ခြင်းအသင်းတော် - ဖေ့စ်ဘွတ်ခ်)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးကတော့ ကချင်လွတ်‌မြောက်ရေး တပ်မတော် KIA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်တိုင်း ဘာမှမဆိုင်တဲ့ ခရစ်ယာန်ဘာသာရေး ဆရာတွေကို စစ်ကောင်စီဘက်က ဖိနှိပ်ဖမ်းဆီးလေ့ရှိတယ်လို့ RFA ကို ပြောပါတယ်။

"ခရစ်ယာန်တွေထဲ တိုင်းရင်းသား ခရစ်ယာန်ဘာသာရေးဆရာတွေက အဖိအနှိပ်ခံနေရတာပေါ့။ အခုလက်ရှိ ကချင်ပြည်နယ်မှာ၊ အခုလက်ရှိ စစ်အာဏာရှင်စနစ်အောက်မှာ အဖိအနှိပ်ခံရတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖိနှိပ်ခံရမှုကလွတ်အောင် အကုန်လုံးက ဝိုင်းဝန်းပြီး ကြိုးပမ်းနေကြတာဖြစ်တယ်။ နောက်တစ်ချက်ကတော့ KIA နဲ့ သာမန်အရပ်သားတွေ၊ ဘာသာရေးဆရာတွေကို ခွဲခြားလို့ရပါတယ်။ KIA က မိသားစုတိုင်းမှာ ပါဝင်ပတ်သက်နေတယ်။ အကုန်လုံး ဆက်စပ်နေတယ်။ ဒါပေမဲ့ လူတိုင်းက KIA မဟုတ်ဘူးလေ"

RFA က ပြုစုထားတဲ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ KBC အကြံပေး ဒေါက်တာခလမ်ဆမ်ဆွန် အပါဝင် ဓမ္မအမှုတော်ဆောင် ဆယ်ဦး ဖမ်းဆီးခံခဲ့ရပြီး၊ နှစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ ဓမ္မအမှုတော်ဆောင် ဆယ်ဦးထဲက အများစု ပြန်လည်လွတ်မြောက်လာပါပြီ။ ဧပြီ ၁၇ ရက်ညက ပြန်အဖမ်းခံရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ ဧပြီလ ၂၀ ရက်နေ့က အဖမ်းခံရတဲ့ အမှုတော်ဆောင် သုံးဦးကတော့ အခုချိန်ထိ မိသားစုနဲ့ ဆက်သွယ်ခွင့်မရဘဲ သူတို့ကို ဘယ်မှာဖမ်းထားတယ်၊ ဘာကြောင့်ဖမ်းတယ်ဆိုတာတွေကို အတိအကျ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org