စစ်ကောင်စီရဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ်ကျူးလွန်မှု အမေရိကန်လွှတ်တော်မှာ ကြားနာ

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ တိုးလာတဲ့အကြောင်း မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြခဲ့ကြပါတယ်။

၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီတပ်က ဗုံးခွဲ၊ မီးရှို့ပြီးနောက် တွေ့ရသော ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ဒေါ်ဂေခူးကျေးရွာက စိန့်မက်သယူး ခရစ်ယာန်ဘုရားကျောင်း မြင်ကွင်း။ Amnesty International

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အကြောင်း မေရီလန်းပြည်နယ် ချင်းအဖွဲ့အစည်းနဲ့ အခြား မြန်မာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဦးဆောင်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်လွှတ်တော်မှာ ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဒီကြားနာပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်ရဲ့ ကော်မရှင်နာ မင်းကြီး စတီဖင် ရှာနက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးကျော်ဇော်၊ အမေရိကန်ပြည်ထောင်စု ကချင်နှစ်ခြင်းဘုရားကျောင်းများအသင်းက Reverand Ah Le နဲ့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားအဖွဲ့အစည်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ဇိုသုန်းမှုန်တို့ တက်ရောက်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လူနည်းစု ဘာသာဝင်တွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ အခြေအနေအကြောင်းကို တင်ပြခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတစ်ဝန်းမှာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေပြီး မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အပြင် ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားဖမ်းဆီးတာနဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ အပြစ်မရှိဘဲ ဖမ်းဆီးထောင်ချတာတွေ တိုးလာနေတဲ့အကြောင်း တက်ရောက်လာတဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေက တင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ ရာဇဝတ်မှုတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရင်းမြစ် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့ အချက် နှစ်ချက်ကို မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားအဖွဲ့အစည်းက ဇိုသုန်းမှုန်က သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို အဓိကထား တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကနေ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ခရစ်ယာန်တွေကို အဓိကထားပြီးတော့ တိုက်ခိုက်လာတာက ပိုပြီးတော့ များလာတယ်။ ဘုရားကျောင်းတွေလည်း ဖျက်ဆီးတယ်။ Pastor တွေလည်း သတ်ဖြတ်တယ်။ ဥပမာအနေနဲ့ ထန်တလန်မြို့မှာဆို ခရစ်ယာန်ဘုရားကျောင်းက ၂၂ ခုရှိတယ်။ ၂၁ ခုက အကုန်လုံး ဖျက်ဆီးခံခဲ့ရတယ်။ အခု တစ်ခုပဲ ကျန်တယ်။ ထန်တလန်မြို့က လူတစ်သောင်းလောက် ရှိတယ်။ အကုန်လုံး ထွက်ပြေးကြရတယ်။ ဒီဟာက စစ်ရာဇဝတ်မှု ကျူးလွန်တယ်။ ကျွန်တော်တို့ ဒီလိုပဲ သတ်မှတ်တယ်။ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဆိုပြီးတော့ အမေရိကန် အစိုးရက သတ်မှတ်လိုက်တယ်။ အဲသလိုပါပဲ။ စစ်အစိုးရကနေ အခုလို ဘုရားကျောင်း ဖျက်ဆီးတယ်။ တိုက်လေယာဉ်သုံးပြီးတော့ အပြစ်မဲ့ ပြည်သူတွေ၊ ရွာတွေကို ဖျက်ဆီးတယ်။ အဲဒါကို War Crimes စစ်ရာဇဝတ်မှုများ၊ Crime Against Humanity လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ နောက်ပြီးတော့ အခု အီးယူကနေ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကိုလည်း ပိတ်ဆို့အရေးယူပြီးပြီ။ ဘိုင်ဒင်အစိုးရအနေနဲ့လည်း အလားတူ ပိတ်ဆို့ အရေးယူဖို့ ကျွန်တော်တို့ အချက်နှစ်ချက်ကို တောင်းဆိုတယ်။”

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ရမ်ထလိုရွာမှ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

မြန်မာစစ်တပ်ဟာ လူနည်းစု ဘာသာဝင်တွေ ကြောက်ရွံ့အောင် အမုန်းတရားကို အခြေခံတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ကရင်နီဒေသမှာ ၂၀၂၂ တုန်းက ခရစ်စမတ်ညမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားတာကို မီးမောင်းထိုးပြသွားတယ်။ ခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ကာလမှာ စစ်တပ်က အခုလို လုပ်သွားတာက တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လူနည်းစု ဘာသာဝင်တွေ ကြောက်သွားအောင် လုပ်သွားတာ အမုန်းတရားကို အခြေခံပြီး လုပ်တဲ့တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာ တင်ပြခဲ့ပါတယ်။”

စက်တင်ဘာလ ၁၈ ရက်က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့နယ်က ခရစ်ယာန်ဘာသာဝင် ချင်းအမျိုးသမီးတစ်ဦးနဲ့ ချင်းဘုန်းတော်ကြီး တစ်ဦးကလည်း လူကိုယ်တိုင် တက်ရောက်ပြီး ထွက်ဆိုခဲ့ကြပါတယ်။

အမေရိကန်လွှတ်တော်အတွင်းမှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အမတ်တွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖိနှိပ်ခံနေရတာနဲ့ ပတ်သက်လို့ ဦးစားပေးအဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာကြဖို့ မျှော်လင့်ကြောင်းလည်း ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်တာဝန်ရှိသူတွေက မြန်မာနိုင်ငံမှာ လူနည်းစုဘာသာဝင်တွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org