စစ်ကောင်စီကို ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ တရုတ်ကမ်းလှမ်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို အမေရိကန်ဒေါ်လာ သန်း သုံးထောင်ချေးမယ်လို့ ပြောတဲ့ကိစ္စဟာ စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ကမ်းလှမ်းတာလို့ RFA ရဲ့ ပြင်ပ ဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာက ဆောင်းပါးတစ်စောင် ရေးလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်ရှိ သံတမန်ဧည့်ခန်းဆောင်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က တွေ့ဆုံစဉ်။ Myanmar Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို အမေရိကန်ဒေါ်လာ သန်းသုံးထောင်ချေးမယ်လို့ ပြောတဲ့ကိစ္စဟာ စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေးအရ ဝင်ကယ်ဖို့ကမ်းလှမ်းတာလို့ RFA ရဲ့ ပြင်ပဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာက ဆောင်းပါးတစ်စောင် ရေးလိုက်ပါတယ်။

အတိုက်အခံတွေရဲ့ စစ်မြေပြင် အောင်နိုင်မှုတွေက စစ်ကောင်စီအတွက် အရှုံးတစ်ခုတည်းသာမဟုတ်ဘဲ ဘဏ္ဍာငွေအကျပ်အတည်းကြောင့်ဖြစ်နေတဲ့ စီးပွားရေးအခြေအနေက စစ်ကောင်စီအတွက် အကျပ်အတည်းဖြစ်နေပြီး တရုတ်က ဝင်ကယ်ဖို့စဉ်းစားနေတာလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

၂၀၂၃ ခုနှစ် မကုန်ခင်မှာဖြစ်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်အချိန်အထိ စစ်ကောင်စီဟာ စစ်ရေးအရ စိန်ခေါ်မှုတွေထက် သူတို့ရဲ့ မှားယွင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုကြောင့်ဖြစ်နေတဲ့ပြဿနာက ပိုကြီးနေတယ်လို့ ပါမောက္ခ အဘူဇာက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရဲ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အာဏာမသိမ်းခင်က မြန်မာကျပ်ငွေ ၁၃၅၀ ရှိခဲ့တဲ့ အမေရိကန် တစ်ဒေါ်လာဟာ အခုတော့ ၇၀၀၀ အထိ ရောက်သွားပါတယ်။ ငွေကြေးဖောင်းပွနှုန်းက ၃၀ ရာခိုင်နှုန်းကျော်သွားပြီး ကုန်ပစ္စည်းစျေးတွေက ၂၀၀ ရာခိုင်နှုန်း တက်သွားတယ်လို့ ဆိုပါတယ်။

စီမံကိန်းဆွဲထားတဲ့ စီးပွားရေးတိုးတက်မှုက ဒီနှစ်ထဲမှာ ၁ ရာခိုင်နှုန်းရဲ့ တစ်ဝက်ပဲရှိပါတော့တယ်။ တကယ့်ဝင်ငွေတွေ ထိုးကျသွားပြီး ပြည်တွင်းစားသုံးမှုကိုသက်ရောက်စေခဲ့ပါတယ်။

၁၅ နှစ်လောက် ဆက်တိုက်ပုံမှန်ဖြစ်နေတဲ့ စီးပွားရေးဟာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ပျက်စီးသွားပြီး နိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်လောက် ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်သွားပါတယ်။ ကျန်းမာရေးအတွက် ဘဏ္ဍာငွေ အလွန်နည်းသွားပါတယ်။

ငွေလဲနှုန်းကို ကန့်သတ်လိုက်တဲ့အတွက် သွင်းကုန်လုပ်ငန်းသမားတွေ အထိနာကုန်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေ ရှားပါးသွားပြီး လေယာဉ်ဆီနဲ့ တခြား မရှိမဖြစ် ကုန်ပစ္စည်းတွေ တင်သွင်းဖို့ နိုင်ငံခြားငွေကို ချွေတာသုံးနေရပါတယ်။ ဘဏ်တွေမှာ တစ်ရက်ကို ငွေကျပ် နှစ်သိန်းထက် ပိုထုတ်ယူခွင့်မပြုဖို့ ကန့်သတ်ထားပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များ မန္တလေးတိုင်း မိုးကုတ်မြို့အတွင်းသို့ ဝင်ရောက်လာသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က တွေ့ရစဉ်။ (Photo: Mai A Hein)

စစ်ရှုံးမှုက စီးပွားရေးကို အထိနာ

တော်လှန်ရေးအင်အားစုတွေက တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်နဲ့ မြို့တွေရဲ့ သုံးပုံတစ်ပုံလောက်ကို ထိန်းချုပ်ထားပြီးပြီလို့ ပြောကြပါတယ်။ စစ်ကောင်စီဟာ စစ်ပွဲတွေ ဆက်တိုက်နိုင်ဖို့ အတင်းအကျပ် စစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ်တွေကို တစ်စထက်တစ်စ ပိုပြီး မှီခိုလာနေရပါတယ်။

စစ်ကောင်စီဟာ တပ်သားသစ်တွေ အရေးပေါ်လိုအပ်နေတာကြောင့် လူငယ်တွေ နိုင်ငံပြင်ပထွက်ခွာတာကို တားဆီးနေပြီး တစ်ချိန်တည်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီကလည်း ရသမျှလုပ်ခလစာတွေရဲ့ ၂၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ဖို့ အမိန့်ထုတ်ထားပါတယ်။ ဒီအခွန်ငွေကို စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဘဏ်တွေကနေ ပြင်ပပေါက်ဈေးထက် အလွန်နိမ့်တဲ့ ငွေလဲနှုန်းနဲ့ ပေးဆောင်ရမှာဖြစ်ပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်နေတဲ့အတွက်ကြောင့် စစ်ကောင်စီအတွက် ငွေရလမ်းတွေ ဖြစ်တဲ့ ကျောက်မျက်ရတနာကဏ္ဍ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ကော်ပိုရိတ် လုပ်ငန်းတွေဆီကရတဲ့ အခွန်ငွေတွေလည်း ထိခိုက်နေပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီတွေ လက်ဝါးကြီးအုပ်ရောင်းချနေတဲ့ ပတ္တမြားနဲ့ နီလာတွေထွက်တဲ့ မိုးကုတ်မြို့ကို တအောင်းလွတ်မြောက်ရေးတပ် (TNLA) က သိမ်းယူထားပြီး ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့နယ်ကို KIA က ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းက PDF တပ်ဖွဲ့တွေဟာ တကောင်း ကြေးနီတူးဖော်ရေးစီမံကိန်းကို သိမ်းယူခဲ့ပါတယ်။ ဝမ်ပေါင်ကုမ္ပဏီက လုပ်ကိုင်နေတဲ့ ဒီ ကြေးနီစီမံကိန်းဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ကိုင်နေတဲ့ အကြီးဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီဟာ ဒီစီမံကိန်းကနေ မြေငှားရမ်းခ တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၁၂၀ လောက်ရနေတာ ဖြစ်ပါတယ်။

မြန်မာမှ တရုတ်နိုင်ငံကို ပို့ဆောင်သည့် ဓာတ်ငွေ့ပိုက်လိုင်း၏ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်နေရာကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: REUTERS)

အတိုက်အခံတွေက ရေနံပိုက်လိုင်းခ မြေငှားရမ်းခ လိုချင်

ဒီစီမံကိန်းကို လက်လွှတ်လိုက်ရပြီးတဲ့နောက် တရုတ်ဟာ NUG ကို တိုက်ရိုက်ဆက်သွယ်ပြီး စကားပြောလာပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေက အဲဒီနေရာကို လုံခြုံရေးပေးထားပြီး စစ်ကောင်စီကို မြေငှားရမ်းခ ပေးတော့မှာမဟုတ်ဘူးလို့ ဆောင်းပါးရှင်က ရေးပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ PDF တွေဟာ တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းထဲက စခန်းတစ်ခုကို အလားတူ သိမ်းခဲ့ပါတယ်။ အဲဒီနောက် တရုတ်နိုင်ငံဆီက မြေငှားခရနေတာကို ဆုံးရှုံးမခံနိုင်တဲ့အတွက် စစ်ကောင်စီတပ်တွေက အမြန်ဆုံးပြန်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေက တရုတ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ်လို့ ကတိအထပ်ထပ်ပေးပြီး အဲဒီစီမံကိန်းအတွက်ပေးနေတဲ့ငွေကို စစ်ကောင်စီကို မပေးရဘူး၊ သူတို့ကိုပေးရမယ်လို့ တွန်းအားပေးနေပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင်လည်း အာရက္ခတပ်တော် (AA) က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို မသိမ်းသေးပါဘူး။ ဒါပေမဲ့ တရုတ်စီမံကိန်းပတ်ပတ်လည်က ဒေသအားလုံးကို ထိန်းချုပ်ထားပါပြီ။

နောက်ထပ် အထိနာနေတာက စစ်ကောင်စီအတွက် အဓိက ဝင်ငွေရှာပေးနေတဲ့ ကော်ပိုရေးရှင်းလုပ်ငန်းကြီး နှစ်ခုပါ။ ဦးပိုင် (MEHL) နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ လက်အောက်မှာ ကုမ္ပဏီခွဲပေါင်း ၁၂၀ လောက်ရှိပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ အားလုံးလိုလိုမှာ ဝင်ရောက်နေရာယူထားကြပါတယ်။

NUG ကနေ စစ်တပ်ပိုင် တယ်လီကွန်းလုပ်ငန်း Mytel ကို မသုံးကြဖို့ လှုံ့ဆော်ထားပြီး မြန်မာဘီယာနဲ့ ဒဂုံဘီယာ၊ Red Ruby နဲ့ Premium Gold စီးကရက်တွေကိုလည်း မဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေများကို တွေ့ရစဉ်။ (Photo: RFA)

ငွေကြေးထိန်းချုပ်မှုက ပြည်တွင်းအရင်းအနှီးတွေ ပြည်ပကိုရောက်စေခဲ့

ဒီလို စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းမှုတွေ ဘယ်လောက်ထိရောက်သလဲ မသိရပေမဲ့ ဦးပိုင်ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက ပေးနေကျ အမြတ်ငွေတွေ မပေးနိုင်တော့ပါဘူး။ စစ်သားအားလုံးဟာ ရာထူးအဆင့်အလိုက် သူတို့ရဲ့ လစာထဲက သတ်မှတ်ထားတဲ့ငွေကို ဦးပိုင်ကုမ္ပဏီမှာ အစုရှယ်ယာ ထည့်ထားရပါတယ်။ ဒီအတွက် ကုမ္ပဏီရဲ့ အမြတ်ငွေထဲကနေ နှစ်စဉ် ပြန်ခွဲပေးတဲ့ငွေက သူတို့အတွက် အသက်သွေးကြော ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး စီးပွားရေးကျဆင်းနေတဲ့အတွက် ကော်ပိုရိတ်လုပ်ငန်းတွေကရတဲ့ အခွန်ဘဏ္ဍာငွေလည်း ကျဆင်းနေပါတယ်။ တရုတ်နဲ့ ထိုင်းလုပ်ငန်းတချို့ကလွဲရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်လည်း ဝင်မလာတော့ပါဘူး။ ဒီနှစ်ရဲ့ ပထမ ခုနစ်လမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ပဲ ရှိပါတယ်။

စစ်ကောင်စီဟာ စစ်ပွဲတွေဆက်တိုက်နိုင်ဖို့ ငွေလဲနှုန်း ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ ငွေရှာနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားငွေရတဲ့ ကုမ္ပဏီအားလုံး သူတို့ရတဲ့ဝင်ငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးထက် အများကြီးနည်းတဲ့ ငွေလဲနှုန်းနဲ့ စစ်ကောင်စီကို ပြန်ရောင်းပေးနေရပါတယ်။ မြန်မာ့အရေးသုံးသပ်သူ ဂျာရဲ ဘစ်ဆင်ဂျာ (Jared Bissinger) ရေးသားတဲ့ အစီရင်ခံစာ တစ်စောင်အရဆိုရင်၊ စစ်ကောင်စီဟာ ပုဂ္ဂလိကလုပ်ငန်းတွေဆီက နိုင်ငံခြားငွေကို ဈေးနှိမ်ပြီးဝယ်တဲ့ နည်းလမ်းနဲ့ ဒီနှစ်တစ်နှစ်ထဲမှာတင် ဒေါ်လာ သန်းပေါင်း ၁၈၀၀ လောက်ရခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်လိုက်တဲ့အတွက် နိုင်ငံစီးပွားရေး တိုးတက်စေမဲ့ ငွေကြေးတွေ ပျောက်ဆုံးသွားပြီး၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ ပြည်ပကို ရောက်ကုန်တယ်လို့ ဆောင်းပါးရှင်က ထောက်ပြပါတယ်။ နိုင်ငံခြားငွေရတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဟာ သူတို့ရတဲ့ဝင်ငွေကို အကုန်မပြဘဲ ဖုံးကွယ်ထားတာ၊ ပိုင်ဆိုင်မှုတွေကို နိုင်ငံခြားရွှေ့ထားတာတွေ လုပ်လာကြပါတယ်။

စီးပွားရေး မကောင်းတဲ့အထဲမှာ လျှပ်စစ်မီး ပုံမှန်မရတာကြောင့်လည်း အခြေအနေတွေ ပိုဆိုးလာပါတယ်။ ဟောင်ကောင်အခြေစိုက် V-corp ကုမ္ပဏီ ကလုပ်နေတဲ့ စီမံကိန်းတွေ ရပ်လိုက်ပြီး၊ စင်ကာပူနိုင်ငံက Sembcorp ကုမ္ပဏီကလည်း မန္တလေးမြို့နားက ၂၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို ကာလ အကန့်အသတ်မရှိ ရပ်နားလိုက်ပါတယ်။

စစ်ကောင်စီဟာ လောင်စာဆီ တင်သွင်းဖို့ ဒေါ်လာ သန်းတစ်ရာ သုံးမယ်လို့ ကတိပေးထားပေမဲ့၊ တကယ်တမ်း ဘာမှဖြစ်မလာတဲ့အတွက်၊ နိုင်ငံတစ်ဝှမ်း လောင်စာဆီ ပြတ်လပ်တာနဲ့ ဈေးတက်တာတွေ ဆက်ဖြစ်နေပါတယ်။

တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (Photo: RFA)

တရုတ်က ဘဏ္ဍာရေးအရ ဝင်ကယ်ခြင်းလား

နိုင်ငံခြားငွေအကျပ်အတည်းကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်စဖို့ စစ်ကောင်စီက တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ တရုတ်နယ်စပ်က ဂိတ်တွေအတော်များများကို တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့အတွက် ဒီရောဂါအတွက် ကုထုံးမရှိဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။

ဒီလိုအချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို အမေရိကန်ဒေါ်လာ သန်း သုံးထောင် ထုတ်ချေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီလို ငွေထုတ်ချေးဖို့ ကမ်းလှမ်းလိုက်တာဟာ စစ်ကောင်စီအနေနဲ့ အမြန်ဆုံး ရွေးကောက်ပွဲလုပ်ပေးပြီး ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ ဆွဲဆောင်လိုက်တာလို့ ယူဆလို့ရသလို ဒီငွေတွေကြောင့် မြန်မာစစ်တပ်အတွက် စစ်ပွဲတွေဆက်တိုက်ဖို့ အားဖြည့်ပေးလိုက်သလိုလဲ ရှုမြင်နိုင်ပါတယ်။

အဲဒီနောက် ချက်ချင်းပဲ နောက်တက်လာမဲ့အစိုးရဟာ အခုလို စစ်ကောင်စီကို ထုတ်ချေးထားတဲ့ ကြွေးမြီတွေကို ပြန်ဆပ်မှာမဟုတ်တဲ့အကြောင်း NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က တရုတ်နိုင်ငံကို သတိပေးလိုက်ပါတယ်။

စစ်မြေပြင်မှာ အရှုံးနဲ့ ရင်ဆိုင်နေရချိန်မှာ ဝင်ငွေရလမ်းတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးနေတာကြောင့်လည်း စစ်ကောင်စီဟာ ပိုပြီး ဘေးကျပ်နံကျပ် အခြေအနေကို ရောက်လာနေပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက ရေးသားထားပါတယ်။

(RFA ရဲ့ ပြင်ပဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီ အဘူဇာရဲ့ "Caveat creditor: China offers a financial lifeline to Myanmar’s junta" ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org