အာဏာသိမ်းလ ၂၀ အတွင်း KNU နယ်မြေမှာ တိုက်ပွဲပေါင်း ၆၇၀၀ နီးပါး ဖြစ်ပွား

အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေထဲမှာ တိုက်ပွဲပေါင်း ၆၇၀၀ နီးပါးရှိခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသူအချို့ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: KNU

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလအထိ လ ၂၀ အတွင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေနှစ်ခုမှာ တိုက်ပွဲပေါင်း ၆၆၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီး ကိုးခုအထိ သိမ်းနိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လမှာ တိုက်ပွဲပေါင်း ၂၅၉ ကြိမ်နဲ့ ဩဂုတ်လမှာ ၂၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလမှာတော့ တိုက်ပွဲပေါင်း ၃၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

မွန်ပြည်နယ်၊ သထုံခရိုင်ထဲမှာလည်း KNU က ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကို စုစည်းပြီး မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုအဖြစ် အောက်တိုဘာလ ၃ ရက် နေ့က ဖွဲ့စည်းလိုက်ပြီးနောက် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားတောင်ခြေနဲ့ ကင်မွန်းချောင်းကျေးရွာက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

"သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကတော့ အဝေးကွင်းပဲဖြစ်ဖြစ်၊ အိမ်ကွင်းပဲဖြစ်ဖြစ် ကန်ဖို့ အဆင်သင့်ပါပဲ"

သထုံခရိုင်မှာ အခုအောက်တိုဘာ လလယ်ကစလို့ စစ်ကောင်စီတပ်က အင်အားတွေ တိုးချဲ့နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ KNU သထုံခရိုင် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူတို့ကတော့ မိတ်/ကွပ် (မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ) ကြေညာချက်တွေနဲ့ ပတ်သက်လို့ အမြင်တစ်မျိုးပေါက်မှာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ကလည်း အဆင်သင့်ဖြစ်နေပါတယ်။ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကတော့ အဝေးကွင်းပဲဖြစ်ဖြစ်၊ အိမ်ကွင်းပဲဖြစ်ဖြစ် ကန်ဖို့ အဆင်သင့်ပါပဲ။ ကန်လည်း ကန်နေတာပဲလေ။ အဝေးကွင်းမှာလည်း သွားကန်တာပဲ၊ အိမ်ကွင်းမှာလည်း ဧည့်ခံကစားတာပဲ။ ကျနော်တို့ အိမ်ကွင်းထဲဝင်လာရင်တော့ ဧည့်ခံပေးရမှာပေါ့"

သထုံခရိုင်အပြင် KNU ရဲ့ တခြားဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စက်တင်ဘာလ ၂၀ ရက်နေ့က တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ကြိတ်စခန်း၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ဘုရားတောင်စခန်းတွေကို သိမ်းနိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ သူတို့အနေနဲ့ တိုက်ပွဲအရှိန်မြှင့်တင်တာ မဟုတ်ဘဲ စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလို့ ပြောပါတယ်။

"ကျနော်တို့မြင်တာကတော့ သူက မိုးတွင်းဘက်ရောက်လာတော့ ဟန်ကိုယ့်ဖို့ပဲ ပြောရမှာပေါ့နော်။ အဲဒါပြန်ပြီးတော့ ထိုးစစ်ဆင်လာတယ်။ အနီးစပ်ဆုံးဆို ဒူးပလာယာ ခရိုင် (တပ်မဟာ - ၆) ထဲမှာ သူက တပ်မ သုံးခုလောက်နဲ့ ဝင်ချလာပြီး လက်ရုံးတပ် အပါအဝင်ပေါ့။ တစ်နေ့တစ်နေ့ ကြားနေတာပဲ၊ သူတို့ထွက်ပြေးတဲ့သူက ပြေးနေတာပဲ လေ။ နောက်ပြီးတော့ ကျနော်တို့ဘက်က တဖြည်းဖြည်းနဲ့ အမှည့်ခြွေတဲ့ပုံစံနဲ့ သွားနေတာပဲ။ အခုဘာသံမှ ထူးထူးခြားခြား မကြားရတော့ဘူး၊ အဲဒီတပ်မတွေက"

တပ်မဟာ (၆) နယ်မြေထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့အထိ KNU နယ်မြေကို မထိုးဖောက်နိုင်သေးဘူးလို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

တိုက်ပွဲတွေနဲ့အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတွေက KNU နယ်မြေတွေမှာ လူပေါင်း သုံးသိန်းခုနစ်သောင်းကျော် (၃၇၁,၉၅၈ ဦး) ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြ ထားပါတယ်။

အဲဒီထဲက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တစ်ခုတည်းမှာ ကျေးရွာပေါင်း ၈၀ ကျော်က လူပေါင်းလေးသောင်းလောက်အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေး ဒုက္ခသည်အရေးကူညီနေသူက ပြောပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲပဲလို့ ကျောက်ကြီးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

"အခုအချိန်အထိတော့ ပြန်မလာကြ‌သေးဘူးဗျ။ အခြေအနေကလည်း အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေကလည်း ရှိနေတုန်းပဲ၊ တစ်ဖက်ကလည်း တိုက်ပွဲတွေကလည်း သေးသေးမွှားမွှားလေးတွေနဲ့ နေ့တိုင်းလိုလို ရှိနေတော့ ရွာသူ၊ ရွာသားတွေအနေနဲ့လည်း ပြန်မလာရဲတဲ့ အနေအထားပဲ ရှိသေးတယ်။ စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေပို့တဲ့ အခါမှာ ဖမ်းတာတို့ အဲဒီလိုမျိုးတွေလည်း ရှိတယ်ပေါ့လေနော်။ PDF တွေဘာတွေ ပို့ပေးတယ်ဆိုတဲ့ဟာတွေကြောင့် သယ်တဲ့သူတွေလည်း မသယ်ရဲတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်"

စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးအပြင် လာမယ့် ဆောင်းရာသီ အတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

အာဏာသိမ်း လ ၂၀ အတွင်းမှာ အရပ်သား ၁၃၇ ဦး သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားဟာလည်း ၃၀၅ ဦးအထိ ရှိခဲ့တယ်လို့ KNU ရဲ့ လစဉ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထီးရိုးတောင်ခြေက စစ်ကောင်စီတပ်ဂိတ်ကို KNU လက်အောက်ခံတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ အရပ်သား သုံးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုတွေ ထပ်မဖြစ်အောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းကြိုးပမ်းသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"အခုလို တစ်ပြည်လုံးအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ အပြန်အလှန်စွပ်စွဲတာနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကတော့ ရှိနေတဲ့အတွက် ပြည်သူလူထု ထိခိုက်နစ်နာမှုတွေ ကတော့ ရှိနေတာပေါ့။ ဒါပေမဲ့ ကျနော်တို့က အဲဒါကို အထူးသဖြင့် NUG အနေနဲ့ ကြိုးပမ်းသင့်တာပေါ့။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတဲ့ ကိစ္စကတော့ ကိစ္စတစ်ခုချင်း စီမှာ ပြောရခက်ပါတယ်။ တစ်ခုလုံးအနေနဲ့ကတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုနဲ့ ပြည်သူ့အင်အားစုတွေရဲ့ စစ်စည်းမျဉ်း စည်းကမ်းတွေကတော့ မတူပါဘူး"

ကျိုက်ထီးရိုးစေတီတော် တောင်ခြေမှ စစ်ကောင်စီဂိတ်တွင် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Kyaw Walar - Facebook)

KNU ထိန်းချုပ်နယ်တွေအတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာနိုင်ဆွေဦးကတော့ တပ်မတော်က ထိုးစစ်ဆင်တာ မရှိဘဲ အကြမ်းဖက်မှုတွေကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

"တပ်မတော်ဘက်ကတော့ ထိုးစစ်မလုပ်ဘူးလို့ ပြောထားပြီးသားရှိတယ်။ ဒါပေမဲ့လည်း ဒါက မိမိကို လာတိုက်ရင်တော့ ပြန်တိုက်ရမှာပဲပေါ့လေ။ နောက်တစ်ခုကတော့ ထိုးစစ်လုပ်နေတာ မရှိဘူး။ ဒါပေမဲ့ အကြမ်းဖက်မှုတွေကိုတော့ လက်ခံလို့မရဘူး။ အကြမ်းဖက်မှု လက်မခံဘူးဆိုတာ ဘယ်နိုင်ငံမှ လက်မခံဘူးပေါ့။ ဘယ်လောက် ဒီမိုကရေစီထွန်းကားတယ်ဆိုတဲ့ နိုင်ငံတွေမှာပါ လက်မခံတဲ့ အနေအထားမျိုးဖြစ်တယ်။ အကြမ်းဖက်ဆိုတာ ပြည်သူလူထုကို အများပြည်သူကို ထိခိုက်စေမယ့် ဖောက်ခွဲ တိုက်ခိုက်မှုတွေကိုတော့ ပြန်ပြီးတော့ တုံ့ပြန်ရမှာဖြစ်တယ်။ အခုက စစ်ဘက် ပစ်မှတ်တွေသာမက သာမန်ပြည်သူတွေကိုပါ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ အထောက်အထားတွေ အများကြီး ရှိတာပေါ့နော်"

တပ်မတော်အနေနဲ့ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း (ROE) အရ ကျင့်သုံး ဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNU အတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်တပ်နိုင်ငံရေးက ထွက်သွားဖို့က KNU ရဲ့ အန္တိမရည်မှန်းချက် ဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ အန္တိမရည်မှန်းချက်ကတော့ ရှင်းတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တစ်ဖွဲ့တည်း ထီးထီးရပ်တည်လို့ မရပါဘူး။ ကိုယ့်နယ်မြေကျဉ်းကျဉ်းလေးမှာပဲ ကြည့်လို့လည်း မပြီးပါဘူး။ ကျနော်တို့က တစ်ခုခု စဉ်းစားလိုက်ပြီဆိုရင် တခြားလူတွေ အတွက် တခြားလူမျိုးတွေအတွက်၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတစ်ခု ဖြစ်ပေါ်ဖို့ဆိုတာ ၁၉၅၆ ခုနှစ်ကတည်းက ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ခိုင်မာတဲ့ ပေါ်လစီနဲ့ ချပြီးသားပါ။ အနှောင့်အယှက်က ဘာလဲဆိုရင် ဒီကျနော်တို့ရဲ့ တိုင်းပြည်ကို တစ်သက်လုံးဂုတ်ခွ စီးလာတဲ့ စစ်တပ်က နိုင်ငံရေးက လုံးဝ ထွက်သွားမှာပဲ ရှင်းမယ်"

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့၊ သီးခြားပြည်နယ်ခွဲထွက်နိုင်ဖို့ ကြိုးပမ်းနေသူတွေ ရှိနေချိန်မှာ အခုလို KNU ရဲ့ မျှော်မှန်းချက်ဟာ အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအတွက် အသိအမှတ်ပြုစရာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီဒေသတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စစ်ဘေးဒုက္ခသည် သုံးသိန်းခုနှစ်သောင်း ကျော် လက်ရှိမှာ နေရပ်မပြန်နိုင်ကြသေးသလို KNU နယ်မြေထဲက တိုက်ပွဲတွေဟာ လစဉ်အနည်းဆုံး နှစ်ရာကျော်ကနေ ငါးရာကျော်အထိ ဆက်လက် ဖြစ်ပွားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org