ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီတပ်စခန်းတွေ ထွက်ခွာသွားဖို့ အသိပေးစာတွေ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာပါတယ်။

KNU တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ခုနှစ် သြဂုတ်လက တွေ့ရစဉ် Photo: KNU KNLA ARMY 5

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေနဲ့ KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေလက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ဌာနချုပ်တွေက သူတို့ဒေသထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာပေးဖို့ အသိပေးစာတွေ ထုတ်ပြန် ထားပါတယ်။ တပ်မဟာ ၂ နယ်မြေထဲက ကျီးချောင်းစစ်စခန်းနဲ့ ၄၈ မိုင် ကိုးဒေးစစ်စခန်းတွေကို ၁၅ ရက်အတွင်း ဆုတ်ခွာပေးဖို့ ဧပြီလ ၂၅ ရက်နေ့ ရက်စွဲနဲ့ KNDO တပ်ရင်း-၄ က စာထုတ်ပြန်ခဲ့တာပါ။

တပ်မဟာ ၁ နယ်မြေထဲက လေးကေစစ်စခန်းနဲ့ ဝင်းတာပန် စစ်စခန်းတွေကိုလည်း ဧပြီလ ၂၃ ရက် နောက်ဆုံးထား ဆုတ်ခွာပေးဖို့ စာထုတ်ထားပေမယ့် ဆုတ်မပေးတဲ့အတွက် စစ်ရေးအရ အရေးယူသွားမယ်လို့ KNU တပ်မဟာ - ၁ ၊ တပ်ရင်း (၂) ဌာနချုပ်ရဲ့ ပြောခွင့်ရ စောခန်းမြင့်က ပြောပါတယ်။

“ ကျနော်တို့ နယ်မြေထဲမှာ အခုရှိနေတဲ့ တပ်စခန်းတွေပေါ့လေ။ သူတို့ အခြေစိုက် နေထိုင်တဲ့အတွက် ဒေသခံတွေအတွက် အကျိုးမပေးဘူး။ သွားရေး၊ လာရေးက အစပေါ့လေ။ သူတို့ လုပ်ငန်းစဉ်တွေကအစ အားလုံး အဆင်မပြေတဲ့အခါကျတော့ ကြာလေ ဆူးညှောင့်ခလုတ်လို ဖြစ်နေတယ်ဗျ။ ဒေသခံပြည်သူတွေရဲ့ စားဝတ်နေရေးက အစပေါ့လေ။ သူတို့ တောင်ယာလည်း သွားလည်းမလွယ်၊ ဘာလည်းမလွယ်။ တားဆီး တာတွေ၊ ပိတ်ဆို့တာတွေ ရှိတဲ့အခါကျတော့ ဒေသခံပြည်သူတွေရဲ့အသံကို နားထောင် ပြီးတော့ မဖြစ်တော့ဘူးဆိုတာ ခံယူပြီးတော့ ကျနော်တို့ အလုပ်လုပ်တာပါ ”

KNU ရဲ့ ရည်မှန်းချက်ကလည်း KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်စခန်းတွေ မရှိသင့်တော့ဘူးလို့ သတ်မှတ်ထားတဲ့အတွက် ထွက်သွားဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ စောခန်းမြင့်က ပြောပါတယ်။

KNU တပ်မဟာ ၁ နယ်မြေထဲက တပ်စခန်းတွေ ဆုတ်ခွာလို့ရအောင် ဆုတ်ခွာမယ့် လမ်းကြောင်းလည်း KNU ဘက်က ဖွင့်ပေးထားပေမယ့် လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တစ်နိုင်ငံလုံးမှာ တိုင်းရင်းသား ပြည်သူလူထုအပေါ်မှာ ဖမ်းဆီးသတ်ဖြတ် ညှဥ်းပန်းနှိပ်စက်တာ၊ လူသားမဆန်တဲ့ ကိစ္စတွေ လုပ်ဆောင် နေတာကြောင့် သူတို့ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ခွင့်မပြုတော့ဘူးလို့ KNU ဘက်က ပြောပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေမှာ ကော်သူးလေအုပ်ချုပ်ရေး စတင်တော့မှာမို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထွက်ခွာဖို့ သတိပေးနေတာလို့ KNU တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“စစ်ရေးတစ်ခုအနေနဲ့ပဲ မကပါဘူး။ အုပ်ချုပ်ရေး၊ နိုင်ငံရေး ပြန်လည်တည်ဆောက်ရေး ကအစ အတတ်နိုင်ဆုံး အထိအခိုက် နည်းနိုင်သမျှ အနည်းဆုံးပေါ့။ စစ်ရေးအရ ဆောင်ရွက်ပြီဆိုတော့ အကျအဆုံးကတော့ နှစ်ဖက်စလုံးမှာ ရှိလာပြီးသား။ နည်းနိုင်သမျှ နည်းအောင် ကြိုတင်ပြီးတော့မှ ဆုတ်ခွာပေးဖို့ပေါ့နော်။ ရာဇသံပေးတယ် လို့လည်း ပြောလို့ရတယ်။ အဲဒါတွေကိုတော့ ကျနော်တို့က ဒါတွေ အရင်ဆုံး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဟာရဲ့နောက်ပိုင်းမှာ စစ်ရေးအစီအမံ တွေလည်း ဆောင်ရွက်မှုတွေကတော့ ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ် ”

တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲက ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ထွက်နေပြီ လို့တောင် ပြောလို့ရတဲ့ အဆင့်ရောက်နေပြီလို့ ပဒိုမန်းမန်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ကလည်း ဖာပွန်မြို့ထဲအထိ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ လုပ်လာတာကြောင့် ဖာပွန်မြို့ထဲက ဒေသခံ သုံးပုံနှစ်ပုံဟာ မြို့ကို စွန့်ခွာနေရပြီး KNU နယ်မြေထဲ ရောက်လာသူတွေကိုတော့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ လုပ်ပေး ထားတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း KNU က ထုတ်ပြန်ကြေညာပြီးတဲ့နောက် တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၄ ထားဝယ်ခရိုင်၊ တပ်မဟာ ၅ ဖာပွန်ခရိုင်၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်၊ တပ်မဟာ ၇ ဘားအံခရိုင်တို့မှာ KNUနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

"စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရေးက ထွက်ခွာသွားမယ်ဆိုတဲ့ သဘောထားမရမချင်း ဆက်တိုက်သွားမယ့် သဘောရှိနေပါတယ်။"

စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကရော၊ မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာတင် စစ်တပ်နဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄၂၉ ဦး သေဆုံး၊ ၂၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU နဲ့ ပူပေါင်းတပ်ဖွဲ့တွေဘက်က ၂၂ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြဝတီခရိုင်ထဲက လေးကေ့ကော်မြို့သစ်မှာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ဝေါလေမြို့အနီးက ဝေါလေဒေသခံတွေဟာ နေရပ်စွန့်ခွာခဲ့ရတာ လေးလရှိနေပြီး စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရတုန်းပဲလို့ ဒုက္ခသည် နော်အယ်ဝါးက ပြောပြပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ် (Photo: KIC)

"စစ်ရှောင်မိသားစုတွေက အလုပ်မရှိတော့လည်း အခက်အခဲတော့ ရှိတယ်။ များသောအားဖြင့် နေဖို့၊ ထိုင်ဖို့ စီစဉ်ပေးတယ်။ စားရေး၊ သောက်ရေးအတွက်လည်း စီစဉ်ပေးတယ်။ လုံလောက်မှုတော့ မရှိဘူးပေါ့နော်။ ၅၀ ရာခိုင်နှုန်းလောက် နေနိုင်စားနိုင်တဲ့ အဆင့်တော့ရှိတယ်ပေါ့နော်။ ကျမတို့အတွက် စိုးရိမ်စရာကတော့ လေယာဉ်နဲ့လာပစ်တာတစ်ခုပဲ စိုးရိမ်နေရတယ်"

ဒီဒေသမှာ စစ်ဘေးဒုက္ခသည်စခန်း ခုနစ်ခုလောက်ရှိနေပြီး သူတို့နေထိုင်တဲ့စခန်းမှာတော့ အိမ်ထောင်စု ၁၄၁ ခုက လူ ၆၆၇ ယောက်က နေထိုင်နေရတယ်လို့ ပြောပါတယ်။ သူတို့ မြဝတီခရိုင်တစ်ခုလုံးမှာ နေရပ်စွန့်ခွာနေရတဲ့ ဒေသခံ တစ်သောင်းကျော်အထိ ရှိနေပါတယ်။

စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေး ကမ်းလှမ်းနေပေမယ့် ကရင်ဒေသမှာ တိုက်ပွဲတွေပိုပြီး ပြင်းထန်လာမယ့် အခြေအနေရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"KNU မှာရှိတဲ့ တပ်မဟာ ၇ ခုနဲ့ KNDO အဲဒီနေရာတွေ အားလုံးမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရအောင် ဖိတ်ခေါ်ကမ်းလှမ်းမှုကို သူကိုယ်တိုင်လုပ်လိုက်ရုံနဲ့တော့ ပြဿနာ ပြေလည်မသွားနိုင်ပါဘူး။ စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရေးက ထွက်ခွာသွားမယ်ဆိုတဲ့ သဘောထားမရမချင်း ဆက်တိုက်သွားမယ့် သဘောရှိနေပါတယ်။ KNU ဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်လိမ့်မယ်။ သိသာထင်ရှားတဲ့ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ဖြစ်ပေါ်မလာနိုင်ဘူးလို့ ကျနော် ယူဆပါတယ်ခင်ဗျာ"

ကရင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ သဘောထားကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org