ပုဂံဘုရားတွေ အချိန်မီ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်

ပုဂံဒေသမှာ မိုးရွာပြီး ရေဝင်လို့ ဘုရားတွေပျက်စီးတာ နှစ်တိုင်းဖြစ်နေပါတယ်။ ဒါဟာ စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှု အားနည်းတဲ့အတွက်ကြောင့်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ထောက်ပြကြပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းဘုရားစေတီတချို့ ထိခိုက်ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီပြန်ကြားရေး က ထုတ်ပြန်ထားစဉ်။ MOI

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ အခုနှစ်တွေထဲ မိုးများပြီးရေဝင်တာတွေကြောင့် အဖိုးတန် ရှေးဟောင်းဘုရားတွေ ထိခိုက်ပျက်စီးတာ ပိုများလာနေပါတယ်။

ဒါတွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ပုဂံဘုရားပေါင်း ၃၈၃၇ ဆူ ရှိတဲ့အထဲက တစ်ဝက်လောက်ဟာ ကြံ့ခိုင်မှု အားနည်းလာနေပြီဖြစ်တဲ့အတွက် မပျက်စီးခင် အချိန်မီ ထိန်းသိမ်းဖို့ လိုအပ်နေပြီလို့ ရှေးဟောင်းသုတေသီ ဦးသူရအောင်က ပြောပါတယ်။

"အခု ပုဂံမှာရှိနေတဲ့ ရှေးဟောင်းသုတေသနဌာနရဲ့ ဝန်ထမ်းအင်အားနဲ့ မလောက်ဘူး။ မလောက် တာကို ဘယ်လိုကုစားမယ်ဆိုတဲ့ ပလန် (အစီအစဉ်) လည်း သူတို့မှာမရှိဘူး။ ပြောချင်တာကဗျာ၊ အဲဒီတော့ ပုဂံဧရိယာအကျယ်ကြီး၊ ဘုရားတွေ အများကြီး။ သူတို့ရှိတဲ့ Human Resource (ဝန်ထမ်းအင်အား) နဲ့ မလောက်ဘူး။ မလောက်တဲ့အခါမှာ ဘာလုပ်ရမလဲဆိုတဲ့ ကုစားမှုမျိုး မရှိဘူး"

ဒေသခံတွေပါတဲ့ လူထုအခြေပြု အမွေအနှစ်ထိန်းသိမ်းရေး စီမံကိန်းလုပ်ပြီး စဉ်ဆက်မပြတ်စောင့်ကြည့်တာမျိုး အရေးကြီးတယ်လို့ ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ မိုးသည်းတဲ့အတွက်ကြောင့် ရှေးဟောင်းဘုရားစေတီနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးတာနဲ့ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကလည်း စက်တင်ဘာလ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေစည်းခုံ၊ သဗ္ဗညုနဲ့ ထီးလိုမင်းလို ဘုရားတို့မှာ စောင်းတန်း၊ အုတ်တံတိုင်းနဲ့ မုခ်ဦးတွေ ထိခိုက်ပျက်စီးတာ၊ ငှက်ပစ်တောင်အစုက ဘုရားအမှတ် (၁၈၂) နဲ့ (၁၆၇) တို့မှာ ဘုရာပစ္စယံအောက်ပိုင်းပဲ့ကျတာနဲ့ ရင်ပြင်အုတ်ခုံတွေ ပဲ့ကျတာတာတွေ ရှိခဲ့သလို ဘုရားအမှတ် (၁၀၄၂)၊ ဘုရားအမှတ် (၇၁၁) နဲ့ ဘုရားအမှတ် (၃၄၅) တို့မှာလည်း စေတီနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ပျက်စီးခဲ့တဲ့ဘုရားတွေကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနေတယ်လို့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ကမ္ဘာ့အမွေအနှစ်ရကတည်းကတော့ အားလုံးက ရှေးမူမပျက်ဘဲ ဆောင်ရွက်တာပေါ့၊၊ ဘိလပ်မြေတောင်မှ မသုံးရဘူးပေါ့နော်။ နဂို အင်္ဂတေစပ်နည်းအတိုင်းပဲ၊ ရိုးရာစပ်နည်းအတိုင်းပဲ ကျွန်တော်တို့ ပြန်စပ်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အုတ်တွေ အသုံးပြုတဲ့နေရာမှာလည်း မူလ အုတ်အရွယ်အစားအတိုင်းပေါ့နော်၊ ကျွန်တော်တို့ အသုံးပြုတယ်၊၊ အရောင်အသွေးရော၊ ကာလာရောပေါ့နော်။ အကုန်လုံး မူလတန်ဖိုးမကျအောင်ပေါ့နော်။ ကျွန်တော်တို့ ပြန်ပြီးတော့ ထိန်းသိမ်းတယ်"

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရားအမှတ် (၁၀၄၂) ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုး ပြိုကျနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: MOI)

စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဘုရားကိုးဆူ ထိခိုက်ပျက်စီးခဲ့သလို၊ နောက်တစ်ရက်မှာ နှစ်ဆူ ပျက်စီးတာတွေ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပုဂံဘုရားတွေကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနေတယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို လက်တွေ့ မတွေ့ရဘူးလို့ ရှေးဟောင်းသုတေသီ ဦးသူရအောင်က ပြောပါတယ်။

"ရှေးမူမပျက်ဆိုတဲ့စကားပေါ့နော်။ ရှေးမူမပျက် ပြန်လည်ပြင်ဆင်နေပါတယ်ဆိုတာ On paper ပေါ့နော်၊၊ စာရွက်ပေါ်မှာပဲ ရှိတဲ့စကားဗျ"

ဘုရားတွေကို ပြန်လည်ပြုပြင်ရာမှာ ပုဂံခေတ်က အသုံးပြုခဲ့တဲ့ အုတ်အရွယ်အစား၊ ဘိလပ်မြေ အမျိုးအစား၊ ပုဂံခေတ်နည်းပညာအတိုင်းမဟုတ်ဘဲ အခုခေတ် အလွယ်တကူရတဲ့ ပစ္စည်းတွေကိုပဲ အစားထိုးအသုံးပြုပြီး ပြုပြင်တာတွေကြောင့်လည်း ကြံ့ခိုင်မှုပိုင်းမှာ ပိုအားနည်းလာတယ်လို့ ပြောပါ တယ်။

လက်ရှိ ပြိုနေတဲ့ ဘုရားအများစုဟာ နောက်ပိုင်းပြုပြင်တဲ့ ဘုရားအများစုပဲဖြစ်တယ်လို့ ဘုရားတွေ ပြုပြင်ရေးမှာ လုပ်ကိုင်ဖူးတဲ့ ပုဂံဒေသခံတစ်ဦးက ပြောပါတယ်။

"အခုပြိုတယ်ဆိုတာ ငလျင်လှုပ်တုန်းကပြိုတာတို့ ပြန်ပြင်တဲ့ဟာတွေက ပြိုနေတာ။ ရှေးတုန်းက ဘုရားကြီးတွေ ပြိုတာမဟုတ်ဘဲနဲ့ ဘုရားစေတီပေါက်စတွေ ပြိုတာ။ အရင်တုန်းက ဘုရားတွေက အုတ်ကျက်တယ်။ ပြီးတော့ ဖိဖိစီးစီးနဲ့ ရှိတယ်။ အဲဒီတော့ မပြိုဘူး။ အရင်တုန်းက သေချာလုပ်ခဲ့တာကို။ သက်တမ်းကုန်လို့ ပြိုရင် တစ်ချက်ပဲ။ အခုနောက်ပြင်တာ ပြိုတယ်ဆိုတာက သက်တမ်း မကုန်သေးဘူး။ ဒါက နည်းစနစ်နဲ့ အချိုးအစားနဲ့ အရည်အသွေးနဲ့ ဆိုင်တာပေါ့။ အဓိကကတော့ အရည်အသွေးပေါ့"

ဘုရားတွေကို ပြုပြင်ထိန်းသိမ်းတဲ့အခါ ပစ္စည်းကောင်းကောင်းသုံးတာ၊ အုတ်ကိုကျက်အောင် ဖုတ်ထားတာနဲ့ အချိုးအစားမှန်တာတွေ လိုအပ်သလို၊ သေချာစနစ်တကျ ရှိဖို့လိုတယ်လို့ သူကပြောပါတယ်။

"အခုပြိုတယ်ဆိုတာ ငလျင်လှုပ်တုန်းကပြိုတာတို့ ပြန်ပြင်တဲ့ဟာတွေက ပြိုနေတာ။ ရှေးတုန်းက ဘုရားကြီးတွေ ပြိုတာမဟုတ်ဘဲနဲ့ ဘုရားစေတီပေါက်စတွေ ပြိုတာ"

ဘုရားတွေပေါ်မှာ အပင်တွေပေါက်လာရင် မိုးရွာတဲ့အချိန်မှာ ရေက အပင်ရဲ့အမြစ်ကနေ ဘုရားအတွင်းထဲအထိ စိမ့်ဝင်နေတာကြောင့် စနစ်တကျ ရှင်းလင်းဖို့ လိုအပ်ပါတယ်။ အဲဒီအပြင် ဘုရားတွေရဲ့ အပေါ်ဘက် နတ်လမ်း၊ ပစ္စယံတွေကို ရေလုံအောင် ကျောက်နဲ့ မာမာထန်ထန် လောင်းလို့ရှိရင် ပြိုစရာ သိပ်မရှိဘူးလို့ ပြောပါတယ်။

ပုဂံရဲ့ရှုခင်းဟာ မြို့ပြဆန်ဆန် ပြောင်းလဲလာမှုနဲ့အတူ ရေသွင်းစနစ်တွေ ပျက်စီးလာပါတယ်။ တစ်ချိန်တည်းမှာ သစ်ပင်တွေစိုက်တာ၊ လမ်းတွေဖောက်တာနဲ့ ဟိုတယ်အသစ်တွေ အများကြီး ပေါ်ပေါက်လာတာတွေက ပုဂံရဲ့ ရေ၊ မြေ၊ ရာသီဥတုကို ပြောင်းလဲစေပြီး၊ ပိုပျက်စီးစေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကလည်း ပုဂံမှာ မိုးများတာကြောင့် သံပျင်စွာဘုရားတောင်ဘက် တိုက်နံရံ ပြိုကျခဲ့သလို၊ ဓမ္မရာဇကဘုရားရဲ့ မြောက်ဘက်ခြမ်း မဟာရံတံတိုင်း ပြိုကျပျက်စီးခဲ့ပါတယ်။


ဆက်နွှယ်သောသတင်းများ

မိုးများလို့ ပုဂံရှေးဟောင်းဘုရားတချို့ပြိုကျ

ပုဂံဒေသက နှစ်တစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်းကျောင်းဆောင်တစ်ခု မီးလောင်ပျက်စီး

ပုဂံဒေသ ​လျှော်ဖြူစိုက်ပျိုးမှု ရှေးဟောင်းသုတေသန လေ့လာသူတွေ ကန့်ကွက်


၂၀၂၃ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့်လည်း ပုဂံဘုရား ခြောက်ဆယ်ဝန်းကျင် ပျက်စီးခဲ့ပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးတာတွေ မဖြစ်အောင် ရှေးဟောင်းကန်တွေပြုပြင်တာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်ခဲ့ပါတယ်။

ပုဂံဒေသမှာ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ ဆက်ပြီးလုပ်နေရင် ဘုရားတွေ ပိုပျက်စီးလာဖို့ပဲရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org