ပုဂံဒေသထိန်းသိမ်းရေး တင်ဒါခေါ်မှု ပညာရှင်တွေစိုးရိမ်
ယူနက်စကို စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အုတ်ကျောင်းတွေ၊ တံတိုင်းတွေကို တင်ဒါခေါ်ယူပြီး ပြုပြင်မယ်ဆိုရင် ထိန်းသိမ်းရမယ့် ရှေးလက်ရာတွေ ပျောက်ပျက်သွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
-
ဇာဏီထွဏ်း
2020-12-01 -
-
-
ယူနက်စကို စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက အုတ်ကျောင်းတွေ၊ တံတိုင်းတွေကို တင်ဒါခေါ်ယူပြီး ပြုပြင်မယ်ဆိုရင် ထိန်းသိမ်းရမယ့် ရှေးလက်ရာတွေ ပျောက်ပျက်သွားမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က သတ်မှတ်ထားတဲ့ ပုဂံဒေသက ပြုပြင်ဖို့ လိုအပ်တဲ့ နေရာတွေကို လုပ်ငန်းရှင် ကန်ထရိုက်လက်ထဲအပ်တာထက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြုပြင်တာမျိုး ဖြစ်စေချင်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက ထောက်ပြကြပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲကနေ ပုဂံမြို့ရိုးနေရာ ၃ ခု၊ အုတ်ကျောင်း ၂၀၊ မဟာရံတံတိုင်း ၉ ခု ပြုပြင်ထိန်းသိမ်းဖို့အတွက် ကန့်သတ်တင်ဒါ ခေါ်ထားပါတယ်။
အရာထမ်းအိမ်ရာတွေ တိုးချဲ့မွမ်းမံတာ၊ ပုဂံဌာနခွဲ လုံခြုံရေးနေအိမ် ၁၂ လုံးအသစ်ဆောက်တာတွေအပါဝင် အဆောက်ဦးတွေ ပြုပြင်၊ အသစ်ဆောက်တာတွေအတွက် အိတ်ဖွင့်တင်ဒါတွေ ခေါ်ထားပါတယ်။
တင်ဒါအားလုံးကို နိုဝင်ဘာ ၂၄ ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ နောက်ဆုံးထား တင်သွင်းဖို့ ထုတ်ပြန်ထားပါတယ်။
ပုဂံယဉ်ကျေးမှု အဆောက်အဦးတွေကို အခုလို တင်ဒါစနစ်နဲ့ ပေးပြီး ပြုပြင်တာဟာ ငွေကြေးပေါ်မှာ အခြေခံနေတဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှုတွေကို ပြုပြင်ထိန်းသိမ်းတဲ့ အတွေ့အကြုံရှိသူတွေ နည်းတာကြောင့် ရှေးဟောင်းလက်ရာတွေ ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။
တင်ဒါရဲ့ သဘောတရားအရ ငွေကုန်ကျမှုအနည်းဆုံးကို လုပ်ခွင့်ပေးတာဖြစ်တဲ့အတွက် ကန်ထရိုက်ရဲ့ သဘောသဘာဝအရ အရှုံးမခံနိုင်တဲ့အခါ ပြုပြင်ထိန်းသိမ်းတဲ့ အရည်အသွေးတွေ ထိခိုက်မှာကို စိုးရိမ်တယ်လို့ မန္တလေးမြို့က ရှေးဟောင်းသုတေသနပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။
ပုဂံယဉ်ကျေးမှုနယ်မြေဟာ နှစ်ပေါင်းထောင်ချီကြာ ရှိနေခဲ့တာကြောင့် နှစ်ပေါင်းများစွာ ရာသီဥတုဒဏ်၊ လူတွေကြောင့် ထိခိုက်ရတဲ့ဒဏ်၊ သဘာဝဘေးဒဏ်တွေကိုလည်း ရင်ဆိုင်ခဲ့ရတဲ့ နယ်မြေတစ်ခုပါ။ ပုဂံဟာ ရှေးဟောင်းယဉ်ကျေးမှုတန်ဖိုး၊ ဗိသုကာ တန်ဖိုးတွေ ပြည့်နှက်နေပြီး ဆောက်လုပ်တဲ့နေရာမှာ သုံးခဲ့တဲ့ အုတ်နဲ့ မဆလာတွေဟာ ဘုရားတစ်ဆူနဲ့ တစ်ဆူတောင် မတူညီကြဘူးလို့ ရှေးဟောင်းပညာရှင်တွေက ပြောပါတယ်။
အဲဒီလို တန်ဖိုးတွေနဲ့ ပြည့်ဝနေတဲ့ ဘုရားကို ၁၉၉၀ ပြည့်နှစ်မှာ ပြုပြင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ငလျင်မှာ အသစ်ပြင်ထားတဲ့ နေရာတွေကနေ ပြိုကျပျက်စီးခဲ့တာတွေကိုလည်း သာဓက ယူစေချင်ကြပါတယ်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရဲ့ ရှေးဟောင်းအဆောက်ဦးတွေ ပြုပြင်ထိန်းသိမ်းဖို့ တင်ဒါခေါ်ယူတဲ့အထဲမှာ သတ်မှတ်ချက် သုံးခုပါပါတယ်။ ရှေးဟောင်း အဆောက်အအုံ တွေကို ပြုပြင်မွမ်းမံ ထိန်းသိမ်းတဲ့အတွေ့အကြုံ၊ ရှေးဟောင်းအဆောက်အအုံ ပြင်ဆင်တဲ့ သင်တန်းဆင်း လက်မှတ်၊ ရှေးမူလက်ရာမပျက် ပြင်ဆင်နိုင်ရမယ် ဆိုတဲ့အချက်တွေပါ။
မြန်မာနိုင်ငံမှာက ယဉ်ကျေးမှု အဆောက်ဦးတွေကို ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်နိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မရှိတဲ့အပြင် သင်တန်းပေးထားတာတွေလည်း မတွေ့ဖူးဘူးလို့ ရန်ကုန်မြို့က ရှေးဟောင်းသုတေသနပညာရှင်အသင်း အတွင်းရေးမှူး ဦးသူရအောင်က RFA ကို ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသဟာ ၂၀၁၉ ခုနှစ် ဇူလိုင်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်လိုက်ပါတယ်။
ပုဂံယဉ်ကျေးမှု အမွေအနစ်ဒေသကို ထိန်းသိမ်းဖို့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးတိုင်းအစိုးရနဲ့ မကွေးတိုင်းအစိုးရတို့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ဘက်စုံစီမံခန့်ခွဲရေးမူဘောင် (စီမံခန့်ခွဲမှုအစီအစဉ်) ကို ရေးဆွဲထားပါတယ်။
အဲဒီအထဲမှာ ပုဂံဒေသ အဆောက်အအုံတွေထဲမှာ အုတ် ဒါမှမဟုတ် ကျောက်တုံး၊ အဆောက်အအုံ၊ သစ်သားဘုန်းကြီးကျောင်းတွေ ပါဝင်တဲ့အကြောင်း၊ ဒါတွေကို ပြုပြင်တည်ဆောက်ရင် မူလပုံသဏ္ဌာန်၊ ဒီဇိုင်းအတိုင်း၊ မူလဝတ္ထုပစ္စည်းမျိုးကို အသုံးပြုပြီး မူလတည်ဆောက်နည်းပညာအတိုင်း တည်ဆောက်ရမယ့် အကြောင်း၊ ပညာရှင်အဖွဲ့က သဘောတူပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်က ဦးစီး အတည်ပြုမယ်လို့ ပါရှိထားပါတယ်။
ထိန်းသိမ်းမှုအပိုင်းမှာလည်း သမိုင်းနဲ့ဆိုင်တဲ့ ဝတ္ထုပစ္စည်းတွေ၊ အဆောက်အအုံကို ထိန်းသိမ်းတာနဲ့ မူလလက်ရာကို အနှောက်အယှက် အနည်းဆုံးဖြစ်ဖို့ လိုအပ်တဲ့အကြောင်း၊ ပြည်လည်ပြုပြင် ထိန်းသိမ်းတဲ့ နေရာမှာလည်း နေရာဌာနတစ်ခု၊ အဆောက်အအုံတစ်ခု၊ ဝတ္ထုပစ္စည်းတစ်ခုကို မူလအစိတ်အပိုင်းအတိုင်း ပြန်ဖြစ်စေဖို့အတွက် ဝတ္ထုပစ္စည်းအသစ်တွေကို အသုံးမပြုဘဲ အသစ်ထပ်ဖြည့်ထားတာတွေကို ဖယ်ရှားတာ၊ မူလရှိနေတဲ့အစိတ်အပိုင်းတွေကို ပြန်တပ်ဆင်တာကို ဆိုလိုတဲ့အကြောင်း ပါရှိထားပါတယ်။
အရင်က ရှေးဟောင်းအဆောက်ဦးတွေ ပြုပြင်ထိန်းသိမ်းတာကို ဌာနက ကျွမ်းကျင်ပညာရှင်တွေက တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ၁/၂၀၁၇ ညွှန်ကြားချက်အရ လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ဒါခေါ်ရတာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက RFA ကို ပြောပါတယ်။
တင်ဒါလျှောက်လွှာ လာတင်တဲ့အထဲမှာ ပြင်ဆင်တဲ့နေရာမှာ အုတ်အသစ်တွေ အစားထိုးပြီး ပြုပြင်တာ မဟုတ်ဘဲ ပြိုပျက်သွားတဲ့အတိုင်း ကျန်နေတဲ့ အပိုင်းလေးတွေကို ပြန်လည်ထိန်းသိမ်းရမှာတွေ၊ ကျန်ရှိနေတဲ့ရှေးဟောင်းလက်ရာအတိုင်း ပြုပြင်ရမယ့်အချက်တွေကို ကောက်ယူပြီး ဓာတ်ပုံတွေ၊ အချက်လက်တွေနဲ့အတူ တင်ပြရမှာဖြစ်ပါတယ်။
ကုမ္ပဏီမှတ်တမ်းတွေ၊ အလုပ်သမားတွေကလည်း ရှေးဟောင်းယဉ်ကျေးမှု အဆောက်ဦတွေ ပြုပြင်ဖူးတယ် ဆိုတဲ့ အထောက်ထားတွေကိုပါ တင်ပြနိုင်မှသာ လက်ခံစဉ်းစားမှာဖြစ်တယ်လို့ ဦးမြင့်သန်းက ပြောပါတယ်။
အိတ်ဖွင့်တင်ဒါ စတင်လက်ခံတဲ့ နိုဝင်ဘာ ၂၄ ကနေ နိုဝင်ဘာ ၃၀ ရက်အထိ တင်ဒါလျှောက်လွှာဝယ်တဲ့ ကုမ္ပဏီ ၁၀ ခုလောက်ရှိနေပေမယ့် လာရောက်လျှောက်ထားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
ပုဂံဒေသခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save Bagan အဖွဲ့က ကိုမျိုးဆက်စံက ရှေးဟောင်းယဉ်ကျေးမှု နေရာတွေကို ပြုပြင်ထိန်းသိမ်းနည်းအတိုင်း လုပ်ကိုင်တဲ့ကုမ္ပဏီကိုသာ ရစေချင်တယ်လို့ ပြောပါတယ်။
တကယ်လို့ တင်ဒါလျှောက်တဲ့ ကုမ္ပဏီမရှိတာဖြစ်ဖြစ် တင်ဒါလျှောက်ပေမယ့်လည်း လိုအပ်တဲ့ အချက်လက်တွေနဲ့ မကိုက်ညီတာတွေ ရှိခဲ့ရင်ဖြစ်ဖြစ် တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့ အဆင့်ဆင့်ကို တင်ဒါခေါ်ယူတဲ့ ဌာနကနေ ပြန်လည်တင်ပြသွားမှာဖြစ်ပါတယ်။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီမရှိတဲ့အခါ ပြုပြင်ဖို့လိုအပ်နေတဲ့ အဲ့ဒီရှေးဟောင်းနေရာတွေကို ဌာနက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပြုပြင်ထိန်းသိမ်းခွင့်ရဖို့ ခွင့်ပြုချက် တောင်းခံရမှာပါ။
ဌာနကပဲ ဆောင်ရွက်ဖို့ ခွင့်ပြုချက်ရရင်တော့ ဌာနမှာရှိတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောပါတယ်။
၂၀၁၆ စက်တင်ဘာလက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့မှာ ကမ္ဘာ့ကုလသမဂ္ ဂအဆောက်အအုံကို ရောက်ရှိခိုက်မှာ ယူနက်စကိုအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် Ms.Irina Bokova နဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး ငလျင်ကြောင့်ပျက်စီးသွားတဲ့ဘုရားတွေ မွမ်းမံတဲ့အခါ ပုဂံ ရှေးမူလလက်ရာအတိုင်း ဖြစ်ရေး၊ ပုဂံဒေသရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးတို့အတွက် ယူနက်စကိုနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
မျိုးဆက်သစ်လူငယ်တွေ နိုင်ငံရဲ့ယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်ရေးအတွက် ပြတိုက်တွေကို အဆင့်မြှင့်ဖို့ ဆန္ဒရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ပြည်သူတွေအတွက် အင်အားဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့လည်း ယူနက်စကိုရဲ့ ထုတ်ပြန်တစ်စောင်မှာ ဖော်ပြထားပါတယ်။