အာဆီယံအထူးသံ ခရီးစဥ် သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့လို
အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ဟာ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ခွင့်မရဘူးဆိုရင် စစ်တပ်အတွက် ထွက်ပေါက်ပေးသလိုသာဖြစ်လိမ့်မယ်။
- 2022-01-31
-
-
-
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရက်ခ်ဆိုခွန်း မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ စီစဥ်နေပြီး စစ်ကောင်စီဘက်ကလည်း အထူးကိုယ်စားလှယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ကမ္ဘောဒီးယားနဲ့ မြန်မာ နှစ်ဖက်စလုံးက ဇန်နဝါရီ ၂၉ ရက်နေ့က အသီးသီးသတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ခရီးစဥ်ရက်အတိအကျကိုတော့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။
အာဆီယံအထူးကိုယ်စားလှယ်ဟောင်း ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (၂) အာရဝမ် ယူဆွတ် တာဝန်ယူခဲ့စဥ်က အဖမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခွင့်မရတာကြောင့် သူ့ခရီးစဥ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်ခရီးစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ မရ ဆိုတာဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဒီတစ်ကြိမ်ခရီးစဥ်မှာလည်း အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်အမတ်ဟောင်း ဦးရဲထွန်း က ကြိုတင်ခန့်မှန်းပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရနိုင်ဘူးလို့ထင်တယ်။ စစ်တပ်က အရင်လူ ကိုလည်း တွေ့ခွင့်မပေးသလို အခုတစ်ယောက်ကိုလည်း တွေ့ခွင့်ပြုလိမ့်ဦးမယ်လို့ မထင်ဘူး။ ဒါပေမဲ့ အခုကိုယ်စားလှယ်က အရင်လူက တွေ့ခွင့်မရလို့ မလာဘူး ဆိုတဲ့အချက်နဲ့ မြန်မာကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တက်ခွင့်မပေးဘဲ ငြင်းပယ်လိုက်တာပေါ့။ အဲဒါမျိုးက ရှေ့ဆက်ဖို့အခက်အခဲဖြစ်သွားတယ်လို့ သုံးသပ်ပုံရပါတယ်”
စစ်ကောင်စီရဲ့ ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ အပေါ် မူတည်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရရှိမယ်လို့ ပြောထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ မတွေ့ဆိုတာကို အတိအကျဖော်ပြမထားပါဘူး။
ဒီကိစ္စအသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
အာဆီယံအထူးသံရဲ့ ဒီတစ်ကြိမ်ခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်လို သမ္မတ ဦးဝင်းမြင့်လို မြန်မာ့နိုင်ငံရေးအတွက် အရေးပါသူတွေနဲ့ တွေ့ခွင့်မရဘူးဆိုရင် ဘာမှထူးမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အာဆီယံအထူးကိုယ်စားလှယ် ဦးဘိုလှတင့်က ထောက်ပြဝေဖန်ပါတယ်။
“အာဆီယံရဲ့ လက်ရှိဘုံသဘောတူညီချက် ငါးရပ်မှာ သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနဲ့ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ပြီးမှသာလျှင် နိုင်ငံရေးအဖြေရှာမှုကို အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့ သူတို့ပြောထားတာရှိတယ်။ နိုင်ငံရေးပဋိပက္ခ မှာ အဓိကအားဖြင့်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့လို ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မှုမရှိဘဲနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကြားထဲမှာ ကူညီဖြေရှင်းပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး”
စင်္ကာပူအခြေစိုက် အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာ ကလည်း အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်လို အဓိကခေါင်းဆောင်နဲ့ တွေ့ခွင့်၊ ဆွေးနွေးခွင့်မရဘူးဆိုရင် အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင် အထည်ဖော်ရေးကို ပိုပြီးနှောင့်နှေးစေနိုင်တယ်လို့ သုံးသပ်ပါတယ်။
"တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ပြီးမှသာလျှင် နိုင်ငံရေးအဖြေရှာမှုကို အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်"
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်၊ ဒါကြောင့် ဆွေးနွေးပွဲတွေမှာ မဖြစ်မနေ ပါဝင်ရမယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့က နိုင်ငံတကာသတင်းမီဒီယာတွေကို ထုတ်ပြောခဲ့ဖူးပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကလည်း အာဆီယံအထူး ကိုယ်စားလှယ်ဟာ အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ခွင့် မရရင်တောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီ (NUCC) က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်လို့ အကြံပေးပါတယ်။
အဲဒီလိုမဟုတ်ဘဲ စစ်တပ်နဲ့ စစ်တပ်လိုလားသူတွေကိုပဲ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အကျိုးမရှိဘဲ စစ်တပ်ရဲ့ ထွက်ပေါက်သက်သက်အတွက်သာ ဖြစ်လိမ့်မယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြဝေဖန်ပါတယ်။
“ဒေါ်စုနဲ့ မတွေ့ပေမယ့် တကယ်လို့ ကျန်တဲ့အဖွဲ့တွေ NUG တို့ NUCC တို့နဲ့ပေါ့။ NUCC ဆိုရင် ကဏ္ဍစုံအဖွဲ့စုံပါဝင်တဲ့အဖွဲ့လို ဖြစ်နေတာကိုး။ အဲလိုမျိုး ကိုယ်စားလှယ်တွေနဲ့ တွေ့မလား၊ မတွေ့ဘူးလားပေါ့။ တကယ်လို့ မတွေ့ဘူးဆိုရင်တော့ ဒါက စစ်ကောင်စီနဲ့ အလှည့်ကျနိုင်ငံနဲ့ သူတို့ဟာ သူတို့ နားလည်မှုယူပြီး အာဆီယံလမ်းကြောင်းကနေ ထွက်ပေါက်တစ်ခုရှာတယ်လို့ ပြောလို့ရမှာပေါ့။ တကယ်လို့ တွေ့တယ်ဆိုရင် မြန်မာ နိုင်ငံအရေးဖြေရှင်းဖို့ သူတို့ ကြိုးစားတယ်လို့ ပြောလို့ရမှာပေါ့”
မြန်မာ့အရေးနဲ့ ပတ်သက်ရင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရမယ် ဆိုတဲ့အချက် အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာဖို့ ပျက်ကွက်နေတဲ့အတွက် အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီဥက္ကဋ္ဌ အပါအဝင် အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလကတည်းက ပိတ်ပင်ထားတာပါ။
မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလက ရက်ရွှေ့ခဲ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ပြန်ကျင်းပဖို့ စီစဥ်ထားပါတယ်။
အာဆီယံအထူးသံဟာ အဲဒီရက်မတိုင်ခင် မြန်မာနိုင်ငံကို လာရောက်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ အာဆီယံအရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားတာမို့ အဲဒီခရီးစဥ်အပြီးမှာပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီဘက်က ဘယ်သူတက်ရောက်ခွင့်ရမလဲဆိုတာကို ပြည်တွင်းရော ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။