အာဆီယံအသင်းဟာ မြန်မာပြည်သူထက် စစ်တပ်ကိုသာ ပိုအကျိုးပြု

အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ သမိုင်းနောက်ခံနဲ့ အသင်းတည်ထောင်ပြီး နှစ် ၃၀ ကြာမှာ အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို အာဆီယံက အကျိုးကျေးဇူးပြု၊ မပြု ဆိုတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

၂ဝ၁၈ ခုနှစ်က စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၃၃ ကြိမ်မြောက် အာဆီယံအစည်းအဝေး တက်ရောက်လာသော အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တချို့နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။ Photo: Reuters

၁၉၆၇ ခုနှစ်မှာ စတင်တည်ထောင်တဲ့ အာဆီယံ-အရှေ့တောင် အာရှနိုင်ငံများ အသင်းကို ၁၉၉၇ ဇူလိုင် ၂၃ ရက်ကမှ မြန်မာနိုင်ငံ ဝင်ရောက်တဲ့အတွက် အဖွဲ့စတင်တည်ထောင်ပြီး နောင် အနှစ် ၃၀ ကြာမှ အသင်းဝင် ဖြစ်ပေမယ့် အာဆီယံအကာအကွယ်ကို လူထုထက် စစ်တပ်က အထူးခံစားရပါတယ်။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းပြီး ခုလိုစက်တင်ဘာမှာ စစ်အာဏာ တကျော့ပြန် သိမ်းတဲ့အခါ ဆိုးဝါးတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ဖိအားနေတဲ့အချိန်မှာ အသင်းဝင်လိုက်တာပါ။

ဒါကြောင့်လည်း ၁၉၉၈ ခုှမှာတင်သွင်းတဲ့ စာတမ်းတစောင်မှာ သြစတေးလျအမျိုးသားတက္ကသိုလ် နိုင်ငံရေးနဲ့ လူမှုရေးရာဌာနပါမောက္ခ Robert Cribb က ဥရောပနိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို အာဆီယံအသင်းဝင်အဖြစ် လက်မခံဖို့ တိုက်တွန်းခဲ့တယ်လို့ ရေးသားပါတယ်။ အသင်းစတည်ထောင် ကတည်းက အဖွဲ့ဝင်ရေးရာ မူဝါဒမှာ အနောက်က ညွှန်ကြားတာတွေကို အာဆီယံက မလိုလားဘူးလို့လည်း သူ့စာတမ်းမှာဖော်ပြပါတယ်။

သယံဇာတကြွယ်ဝတဲ့ မြန်မာနိုင်ငံကိုလည်း အာဆီယံက မျက်စိကျပြီး တချို့ကလည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး တိုးတက်လာအောင် ဖိအားပေးကောင်း ပေးနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားမှာ အာဆီယံဟာ စစ်တပ်ဘက်ကရပ်တည်နေတာကို အမေရိကန်အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုအခြေစိုက် BADA မြန်မာ-အမေရိကန် မဟာမိတ်အသင်း ဥက္ကဋ္ဌ ဦးညွန့်သန်းက ထောက်ပြပါတယ်။ နိုင်ငံတည်ငြိမ်နေချိန်မှာတော့ အာဆီယံဟာ မိတ်ဆွေအဖွဲ့အစည်းဖြစ်ပေမဲ့ ခုလိုအခြေအနေမှာ အာဆီယံက မပြတ်သားဘူးလို့ ပြောပါတယ်။

ပြည်တွင်းရေးကိစ္စကို ဝင်မစွတ်ဖက်တဲ့ မူကျင့်သုံးတဲ့ အာဆီယံဟာ စီးပွားရေး အဓိကထားတယ်လို့ ရန်ကုန်မြို့ က အငြိမ်းစားဆရာမတဦးကလည်း ပြောပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်ချုပ်နေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်အောက် မြန်မာနိုင်ငံကျရောက်နေတဲ့ ၁၉၆၇ သြဂုတ် ၈ ရက်မှာ အာဆီယံကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ထူထောင်ပါတယ်။ဘရူနိုင်းနိုင်ငံက ၁၉၈၄ မှာ အဖွဲ့ဝင်ဖြစ်လာပြီး အာဏာရှင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်က ၁၉၉၅၊ လာအိုက ၁၉၉၇ ၊ မြန်မာက ၁၉၉၇ နဲ့ ကမ္ဘောဒီးယားက ၁၉၉၉ မှာ အဖွဲ့ဝင်တွေဖြစ်လာပါတယ်။

၂ဝဝ၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-အိန္ဒိယ ဆွေးနွေးပွဲကို တက်ရောက်လာသော ဗိုလ်ချုပ်ကြီး (ဟောင်း)ခင်ညွန့်ကို တွေ့ရစဉ်။ (File Photo: Reuters)

စစ်တပ်လက်အောက် ဖြတ်သန်းရတဲ့ မြန်မာနိုင်ငံပေါ် အာဆီယံကထားရှိတဲ့ သဘောထားကို လူထုက လက်မခံဘူးလို့ အငြိမ်းစားဆရာမက ပြောပါတယ်။ BADA ဥက္ကဋ္ဌ ဦးညွန့်သန်းကတော့ ပြည်သူနဲ့ စစ်တပ်ရန်-ငါ စည်းပြတ်သွားပြီလို့ ပြောပါတယ်။ ပြည်သူနဲ့ စစ်တပ် ရန်-ငါ စည်းပြတ်သွားချိန်မှာ စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ အာဆီယံနဲ့ မြန်မာအွန်လိုင်းက တဆင့်ကျင်းပတဲ့ ဆွေးနွေးပွဲသတင်းတွေ မပြတ်တွေ့ ရှိနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org