အာဆီယံ၊ မြန်မာနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး

မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနိးရှားသမ္မတတို့က တိုက်တွန်းခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က စကော့တလန်နိုင်ငံ၊ Glasgow မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံမှာ တွေ့ရတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို။ Photo: AFP

မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန်သမ္မတနဲ့ အင်ဒိုနိးရှားသမ္မတတို့က တိုက်တွန်းခဲ့ကြပါတယ်။

စကော့တလန်နိုင်ငံ၊ Glasgow မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံမှာ တိုက်တွန်းပြောဆိုခဲ့ကြတာပါ။ ကိုဗစ်ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲမှု၊ ဒီမိုကရေစီ၊ မြန်မာ့အရေးကနေ အာဖဂန်နစ္စတန်အထိ အကြောင်းအရာ ပြဿနာတွေကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တံခါးပိတ်ဆွေးနွေးခဲ့ကြကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က အင်္ဂါနေ့က ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောဆိုပါဘူး။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ခေါင်းဆောင်နှစ်ဦးဟာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအပေါ် စိုးရိမ်မကင်းဖြစ်ရပြီး အကြမ်းဖက်မှုတွေ ရပ်တန့်၊ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်၊ ဒီမိုကရေစီဆီ ပြန်လည်ဦးလှည့်ဖို့ ဆွေးနွေးခဲ့ကြကြောင်း၊ မြန်မာစစ်တပ်အနေနဲ့ အာဆီယံ သဘောတူညီချက် ငါးချက်အတိုင်း လိုက်နာဖို့ အာဆီယံရဲ့ အားထုတ်မှုကို ထောက်ခံကြောင်း ဖော်ပြပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်အတွင်း စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ဒေသခံတွေရဲ့ အိုးအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရတာတွေ အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားအစိုးရကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်မထွန်းကားသေးသရွေ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒေသတွင်း အဆင့်မြင့်စည်းဝေးပွဲတွေမှာ တက်ရောက်ခွင့်မပြုဖို့ သဘောတူခဲ့ပါတယ်။

အခုအခါ ဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေ စိုးရိမ်ဖွယ် ဖြစ်လာနေပေမယ့် ဩစတေးလျအနေနဲ့ အာရှတိုက်က အဓိကရ နိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု ဖော်ဆောင်ဖို့ အတည်ပြုလိုက်ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ဒေသတွင်း အထွေထွေ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ လူဦးရေ ၂.၂ ဘီလျံအတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာပြီး၊ ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၉ ရာခိုင်နှုန်း ရှိလာမှာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဘရူနိုင်း တို့အပြင် ဩစတေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်ကြပါတယ်။ အဖွဲ့ရဲ့ အင်္ဂါနေ့က ပူးတွဲထုတ်ပြန်ချက်မှာ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နဲ့ ကုန်သွယ်ရေးဝန်ကြီး Dan Tehan တို့က - RCEP ခေါ် ဒေသဆိုင်ရာ အထွေထွေစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဟာ လယ်သမားတွေနဲ့ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်ကြောင့် မြန်မာနိုင်ငံအပေါ် ဩစတေးလျအစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲသွားမှာမဟုတ်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့နောက် အရပ်ဘက်ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေပြီး နိုင်ငံမတည်မငြိမ်ဖြစ်နေရတာဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်သမားတွေကြောင့်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေက ပြောဆိုနေတာပါ။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (File Photo: AFP)

မြန်မာစစ်တပ်အနေနဲ့ အရပ်ဘက်ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ ဩစတေးလျ ပါမောက္ခ ဒေါက်တာ Sean Turnell အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အမြန်ဆုံးပြန်လွှတ်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံ အကျပ်အတည်းကနေ လွတ်မြောက်ရေးအတွက် အာဆီယံရဲ့ ဦးဆောင်မှုကို ဩစတေးလျအနေနဲ့ အလေးအနက်ထောက်ခံကြောင်း၊ ဒေသတွင်း ပြဿနာတွေ ဖြေရှင်းရေး အာဆီယံနဲ့တကွ ဒေသဆိုင်ရာ ပြဿနာတွေပြေလည်ရေး အတွက်၊ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း အဖွဲ့ရဲ့ အင်္ဂါနေ့က ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org