အာဆီယံရဲ့ ဒုက္ခသည်ကူညီရေး ပြန်သုံးသပ်ဖို့ အဖွဲ့လေးဖွဲ့ တိုက်တွန်း

အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးအပ်ဖို့ စီစဉ်တာကို လက်မခံနိုင်ဘူးလို့ NUG အပါအဝင် ကရင်အမျိုးသား KNU၊ KNPP နဲ့ CNFတို့က မေလ ၃၀ ရက် မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ

အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက တစ်ဆင့်ပေးအပ်ဖို့ စီစဉ်တာကို လက်မခံနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က မေလ ၃၀ ရက် မနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အကူအညီတွေကို စစ်ကောင်စီကတစ်ဆင့် ပေးအပ်မယ့်အစီအစဉ်ဟာ စစ်ကောင်စီကို တရားဝင်ကြောင်း အသိအမှတ်ပြုရာရောက်ပြီး အမှန်တကယ် ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေဆီ အကူအညီတွေ မရောက်နိုင်ဘူးလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကရင်၊ ကယား၊ စစ်ကိုင်းနဲ့ ချင်းဒေသ တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေရတာကြောင့် သူတို့အစီအစဉ်နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ စီစဉ်တာဟာ သဘာဝမကျဘူးလို့လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီခေါင်းစဉ်နဲ့အတူ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းတွေကို ရိက္ခာ ဖြည့်တင်းဖို့ပါ ဗျူဟာမြောက်အသုံးချလာရင် ဒေသတွင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေး အစီအစဉ်တွေကို ပြန်ရေးဆွဲဖို့ တိုက်တွန်းချက် ထုတ်ပြန်တာလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

“လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုတဲ့ လက်နက်ကြီးကိုတော့ ကျနော်တို့ကို ပြန်ပြီးတော့ တိုက်ခိုက်ဖို့ပဲ ဦးတည်တယ်ဆိုတဲ့အပြင် တစ်ဖက်ကနေ ပြီးတော့ နေရင်းထိုင်ရင်းနဲ့ စစ်ကောင်စီရဲ့ တရားဝင်မှု (Legitimacy) ကို အပြည်ပြည် ဆိုင်ရာကနေ ပြန်ပြီးတော့ အသိအမှတ်ပြုရမယ့် အနေအထားကို ရောက်သွား တယ်ဆိုတာ သေသေချာချာကို တမင်စီစဉ်ပြီးတော့ လုပ်သွားတဲ့ အနေအထားမျိုးလို့ ကျနော်တို့ ဒီလိုပဲခံစားရတယ်။ ဒီလိုဟာမျိုးကို သူတို့က အတင်းကာရော ဇွတ်တရွတ် လုပ်သွားမယ်ဆိုရင် ကျနော်တို့ကလည်း ခွင့်ပြုရမှာ အရမ်းခက်သွားတယ်။ ကျနော်တို့ တားဆီးပြန်ရင်လည်း အပြစ်တစ်မျိုးမြင်မယ်။ ဆိုတာ အဲဒါ နိုင်ငံရေးအရ အသုံးချ သွားမယ်ဆိုတာ ရှင်းနေတာပဲ။ အဲဒါကြောင့်မို့လို့ ဒီလိုမဖြစ်အောင် ကျနော်တို့ ကြိုတင်ပြီးတော့ ဒီလိုမလုပ်ကြပါနဲ့ ပြန်ပြီးတော့ ရေးဆွဲပါဆိုတာ ကျနော်တို့တားတာပဲ ဖြစ်တယ်”

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအစည်းအဝေးမှာ စစ်ကောင်စီကတစ်ဆင့် အကူအညီတွေ ပံ့ပိုးမယ့်အကြောင်း ဆုံးဖြတ်ခဲ့ကြ တာပါ။

အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) တို့ဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်နယ် အတိုင်ပင်ခံ ကောင်စီတွေနဲ့ ဆွေးနွေး တိုင်ပင်တာမျိုးမရှိခဲ့ဘူးလို့ NUG၊ KNU၊ KNPP၊ CNF နဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့က အရေးကြီးတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခူးပလုရယ်က ပြောပါတယ်။

“အဓိက ကျနော်တို့ စဉ်းစားချက်ကတော့ လူသားချင်းစာနာထောက်ထားမှုဖြစ်စဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပါဝင်လုပ်ဆောင်မှုကတော့ အရေးကြီးတာပေါ့လေ။ အဲဒါကို ကျနော်တို့ ပါဝင်နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ အဲဒီလိုမျိုးမပါဝင်ဘူးဆိုရင် လူသားချင်းစာနာထောက်ထားမှု လုပ်တဲ့နေရာမှာ အခက်အခဲဖြစ်မှာပေါ့နော်။ စစ်ကောင်စီကိုတော့ အသိအမှတ်မပြုခိုင်းစေချင်ဘူးပေါ့လေ။ အဲဒါလည်း ပါပါတယ်”

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

"လူသားချင်းစာနာထောက်ထားမှုဖြစ်စဉ်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပါဝင်လုပ်ဆောင်မှုကတော့ အရေးကြီးတာပေါ့လေ။"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ အခုကန့်ကွက်မှုတွေက ဒုက္ခရောက် နေသူတွေဆီ အကူအညီတွေ ရောက်နိုင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

“အခုကျနော်တို့ စာထုတ်ကန့်ကွက်မှုတွေက ပြည်သူကို အကူအညီမပေးအောင် ပိတ်ပင်နေတာ မဟုတ်ပါဘူး။ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ အကူအညီတွေ ထိထိရောက်ရောက် ပေးနိုင်ဖို့က ကျနော်တို့ရဲ့ အဓိကဦးတည်ချက် ဖြစ်တယ်။ ကျနော်တို့ NUG ကိုလည်း အာဆီယံအနေနဲ့ ထိတွေ့လုပ်ဆောင်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပြီဖြစ်တယ်။ ဒါက ကျနော်တို့ဘက်က ဘုံသဘောတူညီချက် ငါးချက်ထဲကနေ ဘောင်ဝင်အောင် တောင်းဆိုတာပါ။ တိုင်းရင်းသား မဟာမိတ်တွေ ကလည်း ဒီသဘောအတိုင်းပဲ ဖြစ်ပါတယ်။ သူတို့ဒေသတွေမှာ လုပ်မယ့် လုပ်ငန်းတွေ အတွက် သူတို့နဲ့ အသေးစိတ်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကိုမှ မလိုက်နာဘဲနဲ့ သူတို့ဒေသတွေက ပြည်သူတွေကို ကူညီပေးမယ်ဆိုတာကို ဘယ်သူကမှ လက်ခံနိုင်စရာ မရှိပါဘူး”

အာဆီယံက ဘုံသဘောတူညီချက် ငါးချက်နဲ့အညီ ပါဝင်ရမယ့် သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းရမယ့်အစား စစ်ကောင်စီနဲ့ တစ်ဖက်သတ် ညှိနှိုင်းအကောင်အထည် ဖော်နေတာ ဟာလည်း လွဲမှားနေတဲ့ ဆောင်ရွက်ချက် ဖြစ်တာကြောင့် ဖြစ်စဉ်ထဲမှာပါဝင်နေတဲ့ သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးပြီး လုပ်ငန်းအစီအစဉ်ကို ပြန်လည်ရေးဆွဲ အကောင်အထည်ဖော်ဖို့ ဆက်လက်တောင်းဆိုသွားမယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ ဒေါကလူ ကွန်ရက်က အထွေထွေ အတွင်းရေးမှူး ယအဲ့န ကတော့ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့သာ လူသားချင်း စာနာမှုအကူအညီတွေပေးမယ်ဆိုရင် အမှန်တကယ် ဘေးဒုက္ခ ရောက်နေသူတွေထံ အကူအညီတွေ မရောက်နိုင်ဘူးလို့ ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေက အားလုံးက ကြုံနေကြတယ်။ အဲဒီ လူသားချင်းစာနာမှု ဆိုင်ရာက သူတို့ပဲပြောတဲ့စကား။ အဲဒီလိုမျိုး ဆွေးနွေးညှိနှိုင်းပြီးတော့ စကစကိုပဲ တာဝန်ပေးမယ်ဆိုတော့ တကယ့် တကယ်ကျတော့ တကယ်ဒုက္ခအခက်အခဲ ရောက်နေတဲ့လူ၊ စစ်ဘေးရှောင်နေရတဲ့လူ၊ စားရေးသောက်ရေး၊ နေရေးထိုင်ရေး တကယ်အကျပ်အတည်းဖြစ်တဲ့ ပြည်သူတွေဆီကိုတော့ ရာခိုင်နှုန်းအပြည့်တော့ မရောက်နိုင်ဘူးတော့ထင်တယ်”

ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေရသူတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဥ် (Photo: CJ)

လူသားချင်းစာနာမှု အကူအညီတွေပေးရာမှာ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စစ်ဘေးဒုက္ခသည်အရေး ဒေသတွင်းမှာ လက်တွေ့ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ နဲ့လည်း ဆွေးနွေးတိုင်ပင် ချိတ်ဆက်တာတွေ လုပ်သင့်တယ်လို့ သူက ဆိုပါတယ်။

NUG၊ KNU၊ KNPP၊ CNF တို့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဒုက္ခသည်တွေကို အကူအညီတွေ ပေးတဲ့နေရာမှာ စစ်ကောင်စီက ဝင်ရောက်မစွက်ဖက်ရေး အလေးထားလုပ်ဆောင်ဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆွေးနွေးဖို့၊ လေ့လာကြည့်တဲ့ တတိယ အစုအဖွဲ့တွေ ပါဝင်ဖို့ အချက်တွေအပြင် တောင်းဆိုချက် ခုနစ်ချက်ကို အာဆီယံ၊ ကုလသမဂ္ဂနဲ့ အလှူရှင်တွေကို အကြုံပြု တောင်းဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကို RFA က အီးမေးလ်ကနေ တစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်းမှာ စစ်ဘေး ဒုက္ခသည် အရေအတွက် ၈၁၀,၈၈၉ ဦးထိရှိလာပြီး အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးရှိတာကြောင့် လက်ရှိမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ဦးကျော်ရှိတယ်လို့ သုတေသနအဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ ISP-Myanmar က ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဒုက္ခသည် ၅၉၀,၁၀၀ အထိ တိုးလာပြီး အရင်ကတည်းကရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ ပေါင်းရင် လက်ရှိ ဒုက္ခသည်ပေါင်း ၉၃၆,၇၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org