ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၁၃၀၀ နီးပါးရှိလာ

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်တွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အချိန် သတ်ဖြတ်ခံရသူ ၁၃၀၀ နီးပါးအထိ ရှိလာပါတယ်။

စစ်ကောင်စီမှ သေဒဏ်ပေးကွပ်မျက်လိုက်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော် (ဝဲမှယာ) တို့အား တွေ့ရစဉ်

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲနီးပါးအတွင်း စစ်ကြောရေးစခန်း၊ အချုပ်နဲ့ ထောင်တွေမှာ သတ်ဖြတ်ခံရသူ ၁၂၈၄ ယောက်ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက် နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ ဒေသအသီးသီးက အဖမ်းခံရပြီး တရားရုံးမရောက်ဘဲ အသတ်ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်တွေရဲ့စာရင်းတွေ ပါဝင်တယ်လို့ AAPP တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ AAPP အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီစာရင်းမှာ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသူ၊ ကျန်းမာရေးမကောင်းတာကို ကောင်းကောင်းမွန်မွန် ကုမပေးလို့ သေဆုံးရသူ အယောက် ၁၅၀ ထက်မနည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ဇွန်လ ၂၇ ရက်နေ့က ဖြစ်ရပ်တစ်ခုမှာဆိုရင် ပဲခူးတိုင်း ဒိုက်ဦးမြို့ ကျိုက်ဇကောထောင်ကနေ တခြားထောင်ကို ပြောင်းဖို့ဆိုပြီး ခေါ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၃၇ ယောက် ပျောက်နေတယ်လို့ AAPP က ထောက်ပြပါတယ်။ သူတို့ထဲက ကိုပြည့်ဖြိုးဟိန်းနဲ့ ဗကသ ကျောင်းသား ကိုခန့်လင်းနိုင်တို့ဟာ အင်းစိန်ထောင်ကို ပြောင်းတဲ့လမ်းမှာ ကားမှောက်တဲ့အချိန် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ရာကနေ သေဆုံးသွားတယ်ဆိုပြီး ထောင်အာဏာပိုင်တွေက မိသားစုတွေကိုအကြောင်းကြားစာပို့တဲ့ဖြစ်ရပ်တွေကို AAPP ရဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဖြစ်ရပ်တစ်ခုကတော့ စစ်တပ်ဘက်က ရပ်တည်တဲ့ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရ သေဆုံးခဲ့တဲ့ကိစ္စပါ။ သူတို့နှစ်ဦးဟာ ဇူလိုင်လ ၆ ရက်က သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းချိန်မှာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ဒဂုံမြို့သစ်မြောက်ပိုင်း မောင်းမကန်လမ်းနားမှာ ပစ်ခတ်ဖမ်းဆီးလို့ သေဆုံးသွားတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်တဲ့အကြောင်းလည်း AAPP ကထောက်ပြထားပါတယ်။

ဒါကြောင့် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့တဲ့ တစ်ထောင့်သုံးရာနီးပါးထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပြင် သာမန်အရပ်သားတွေလည်း ပါတာကို AAPP ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

အနီးစပ်ဆုံးဖြစ်ရပ်တစ်ခုကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်မှာ ဇူလိုင် ၂ ရက် နေ့က ဖြစ်ခဲ့တဲ့ကိစ္စပါ။ အဲဒီဖြစ်ရပ်မှာ အရပ်သားတစ်ယောက်ဖြစ်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးနေမျိုးထက်ဟာ သူစီးလာတဲ့ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးတစ်စီး တိုက်မိခဲ့ပါတယ်။ ဒါကို စက်ဘီးသမားက မကျေနပ်လို့ စစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို သွားတိုင်တဲ့အခါ အုပ်ချုပ်ရေးမှူးက တရားဥပဒေအရ အရေးယူတာမလုပ်ဘဲ၊ ရပ်ကွက်နားမှာ စခန်းချထားတဲ့ စစ်တပ်လက်ထဲကို အပ်လိုက်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ဦးနေမျိုးထက် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"ထိန်းသိမ်းခံထားရတဲ့ စွပ်စွဲခံရသူတွေကို ရိုက်နှက်ညှဉ်းပန်း စစ်ဆေးမှုမပြုရဘူးလို့ ဒီအတိုင်းပဲ တားမြစ်ထားပါတယ်"

နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ မန္တလေးတိုင်း မြင်းခြံထောင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဖြစ်ခဲ့တာပါ။ မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရပြီး အဲဒီထဲက မြင်းခြံမြို့နယ် မကျီးစုရွာသား အသက် ၄၃ နှစ်အရွယ် ကိုစိန်ဝင်း သေဆုံးသွားပါတယ်။ သူက နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံထားရတာပါ။ ကိုစိန်ဝင်း သေဆုံးသွားပြီ ဆိုတဲ့အကြောင်းကို မြင်းခြံမြို့နယ်ရဲစခန်းက မိသားစုကို ဇူလိုင်လ ၂ ရက်နေ့မှာ အကြောင်းကြားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ကိုစိန်ဝင်း အစာအိမ်သွေးကြောပေါက်ပြီးသေဆုံးသွားတာလို့ ထောင်အာဏာပိုင်တွေက မိသားစုကို ပြောခဲ့ပေမယ့် ရုပ်အလောင်းမှာညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။

“သူတို့ကတော့ အစာအိမ်သွေးကြောပေါက်လို့သေတယ်ဆိုပြီးတော့ အကြောင်းပြတာပေါ့ တကယ်တန်း ကတော့ သတ်ပစ်လိုက်တာပေါ့။ ဘာရောဂါမှမရှိပါဘူး။ အလောင်းကိုမြင်ခဲ့ရတယ်။ ရင်ခွဲပြီးတော့ ချုပ်ထားတဲ့ အရာလည်းတွေ့တယ်။ နောက်ပြီးတော့ လက်မောင်းတွေမှာ၊ လည်ပင်းရဲ့ ညာဘက်ဘေးမှာ ထိခိုက်ဒဏ်ရာ ပေါ့နော်။ ညိုမဲတဲ့အဲဒီလိုမျိုး ဒဏ်ရာတွေတွေ့ရတယ်”

AAPP စာရင်းအရ အဖမ်းခံထားရတဲ့ကာလအတွင်း သေဆုံးသူဦးရေဟာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်တယ်လို့ တွေ့ရပါတယ်။

အဲဒီက ဖြစ်ရပ်တစ်ခုမှာ… ကောလင်းမြို့နယ် ခံသာတိုက်နယ်က ရွာတွေကို စစ်ကောင်စီတပ်က မေလ ၂၆ ရက်ကနေ ဇွန်လ ၃ ရက်အထိ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ပြီး အရပ်သား ၁၇ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခဲ့ပါတယ်။

စစ်ကြောင်းပြန်ထွက်သွားတဲ့အခါမှာတော့ အဲဒီလူတွေ ထဲက ကိုးယောက်ရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ပါတယ်။

စစ်ကြောင်းနဲ့ တည့်တည့်တိုးတဲ့ အရပ်သားတွေကိုဖမ်းပြီး အထမ်းသမားပေါ်တာအဖြစ်ရော၊ လူသားဒိုင်းအဖြစ်နဲ့ပါ အသုံးချသလို စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ အဲဒီလူတွေထဲက တချို့ကို ပြန်မလွှတ်တော့ဘဲ သတ်လိုက်တာတွေ ရှိတယ်လို့ ကောလင်းဒေသခံတစ်ယောက်က ပြောပါတယ်။

“သူတို့က စစ်ကြောင်းထိုးလိုက်ပြီဆိုရင် တွေ့တဲ့ပြည်သူတွေကို ဖမ်းသွားတယ်။ ဖမ်းသွားပြီး သူတို့ ရိက္ခာတွေ၊ ခြင်းတွေကိုသယ်ခိုင်းတယ်။ သူတို့ခိုင်းတာ အကုန်လုပ်ရတယ်။ သူတို့ဘက်က ထိသွားတယ်ဆိုရင် ဖမ်းသွားတဲ့ပြည်သူကို သူတို့က တပ်စွဲခိုင်းတယ်။ တပ်စွဲခိုင်းပြီးတော့ တစ်ခါပြန်ခိုင်းတယ်။ အဲဒီကနေ သူတို့ စစ်ကြောရေးမှာ စစ်တယ်၊ မေးတယ်၊ အခန့်မသင့်ရင် သတ်တယ်”

ဖမ်းထားတဲ့အချိန်မှာ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေဟာ ပြည်တွင်း၊ ပြည်ပ ဘယ်ဥပဒေတွေနဲ့မှ မညီညွတ်ဘဲ လူသတ်မှုမြောက်တယ်လို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ယောက်က ပြောပါတယ်။

“နိုင်ငံတကာဥပဒေအရပဲ ဖြစ်ဖြစ် ပြည်တွင်းဥပဒေအရပဲ ဖြစ်ဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စွပ်စွဲခံရသူတွေကို ရိုက်နှက်ညှဉ်းပန်း စစ်ဆေးမှု မပြုရဘူးလို့ ဒီအတိုင်းပဲ တားမြစ်ထားပါတယ်။ အဲဒီတော့ ရိုက်နှက်ခွင့်တောင်မရှိတဲ့ အခြေအနေမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေကို အသက်သေဆုံးသည်အထိ စစ်ကြောမေးမြန်းပြီး သေဆုံးသွားကြတယ်ဆိုတာ ဥပဒေနဲ့ညီညွတ်မှု ဘယ်လိုမှမရှိဘူး။ ပြောမယ်ဟေ့ဆိုရင်တော့ တည်ဆဲဥပဒေဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေ ၃၀၂ အရ ဒါဟာ လူသတ်မှုပဲ”

နောက်တစ်ချိန်မှာ နစ်နာခဲ့ရတဲ့သူတွေအတွက်တရားစွဲခွင့်ရသင့်သလို၊ ကျူးလွန်တဲ့သူတွေနဲ့ အမိန့်ပေးတဲ့သူ တွေကိုလည်း သေချာပေါက်အရေးယူဖို့လိုတယ်လို့ သူကပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အကျဉ်းကျပြီး သေဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဝင်း။ (Photo: Citizen Journalist)

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းဆက်ပေမယ့် မရခဲ့ပါဘူး။ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုး သူတို့ဘက်က မလုပ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို အရင်က ငြင်းဆိုထားပါတယ်။ ဒါ့အပြင် နှစ်နှစ်ကျော်အတွင်း အသတ်ခံရတဲ့အရပ်သား လေးထောင့်ခြောက်ရာကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ကတော့ စစ်ကောင်စီတပ်ကကျူးလွန်နေတာတွေဟာ နိုင်ငံတကာရာဇဝတ်မှု မြောက်တယ်လို့ ပြောပါတယ်။

“စစ်တပ်က ပြည်သူလူထုအပေါ် နိုင်ငံတစ်ဝန်းမှာပေါ့လေ ရက်ရက်စက်စက်နည်းမျိုးစုံနဲ့ အသွင် သဏ္ဍန်မျိုးစုံနဲ့ ကျူးလွန်နေတဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက နိုင်ငံတကာ ရာဇဝတ်မှုတွေ မြောက်တယ်ဆိုတာ ကျနော်တို့က မေးခွန်းမေးစရာမလိုဘဲနဲ့ လူတကာသိနေတဲ့အရာ ဖြစ်ပါတယ်။ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှု စစ်ရာဇဝတ်မှုမျိုးတွေကို နေ့ညမရွေး လူမိုက်ဆန်ဆန် ကျူးလွန်နေတာ နိုင်ငံတစ်ဝန်းမှာပါ”

ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရပေမယ့် စစ်ကောင်စီကို ပြစ်ဒဏ်ပေးဖို့ နိုင်ငံတကာက ပျက်ကွက်နေတုန်းပဲလို့ သူကပြောပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ သူတို့ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ပေး အရေးယူမခံရသေးဘဲ လွတ်မြောက်နေသေးတယ်လို့လည်း ဦးအော်ကျော်မိုးက ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဖော့်လ်ကာ တာ့ခ်(Volker Turk) ကတော့ မြန်မာပြည်ရဲ့ အခြေအနေတွေဟာ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ် လက်ထဲမှာ တစ်နေ့တခြား ပိုပြီးဆိုးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကိုလွှဲပြောင်းပေးဖို့ ဇူလိုင်လ ၆ ရက်နေ့က တိုက်တွန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၆ ရက်နေ့အထိ စာရင်းတွေ အရ နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၃,၇၅၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁၉,၃၈၃ ဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org