တစ်လအတွင်း စစ်ကောင်စီကိုဝေဖန်ရေးသားသူ လေးဆယ်နီးပါး ဖမ်းဆီးခံရ
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ လေးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။
-
RFA Burmese
2023-11-03 -
-
-
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးတာဝန်ယူဖူးတဲ့ ဦးရဲထွဋ် အပါအဝင် လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတဲ့ ပြည်သူ ၃၇ ဦးကို အောက်တိုဘာလအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်။
စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက် တွေအရ ဖမ်းဆီးခံရသူတွေထဲမှာ မန္တလေးတိုင်းက ၁၅ ဦး၊ ရန်ကုန်တိုင်းက ခုနစ်ဦး၊ မွန်ပြည်နယ်က ခုနစ်ဦး၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက နှစ်ဦးစီ၊ နောက် ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းက တစ်ဦးစီ ပါဝင်ပါတယ်။
လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာနဲ့ ခြိမ်းခြောက်တာတွေလုပ်ရင် အကြမ်းဖက်ပုဒ်မ၊ ဆက်သွယ်ရေး ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်ကြေညာခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီကို ဝေဖန် ရေးသားတဲ့သူတွေ ဆက်တိုက် ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်ကောင်စီကို ဝေဖန်ရေးသားလို့ အောက်တိုဘာလတွင်း ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကို RFA ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးအရ လက်ခံဖြေကြားဖို့ ငြင်းဆန်ကြပါတယ်။
"လက်ရှိ လူမှုကွန်ယက် သုံးကြတဲ့အခါမှာတောင်မှ ကျွန်တော်တို့ အွန်လိုင်းပေါ်က ကျွန်တော်တို့ရဲ့ ဆန္ဒတွေဖော်ထုတ်တာတောင်မှ ကျွန်တော်တို့မှာ လုံးဝလွတ်လပ်ခွင့် မရှိဘူးဖြစ်နေတာပေါ့လေ"
မန္တလေးမြို့ခံတစ်ဦးကတော့ စစ်အစိုးရလက်ထက်မှာ လွတ်လပ်ခွင့်လုံးဝပျောက်ဆုံးနေ တယ်လို့ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ကတော့ လက်ရှိ ဒီစစ်အစိုးရလက်ထက်မှာတော့ လွတ်လပ်ခွင့်ကတော့ အစစအရာရာ ပျောက်ဆုံးနေတာကတော့ အမှန်ပဲလေ။ လက်ရှိ လူမှုကွန်ယက် သုံးကြတဲ့အခါမှာတောင်မှ ကျွန်တော်တို့ အွန်လိုင်းပေါ်က ကျွန်တော်တို့ရဲ့ ဆန္ဒတွေဖော်ထုတ်တာတောင်မှ ကျွန်တော်တို့မှာ လုံးဝလွတ်လပ်ခွင့် မရှိဘူးဖြစ်နေတာပေါ့လေ။ အစစအရာရာ ကျပ်တည်းနေတာပေါ့လေ"
စစ်ကောင်စီက လူမှုကွန်ရက်ကို မျက်ခြေမပြတ်စောင့်ကြည့်နေတာလို့ သူကပြောပါတယ်။
လူမှုကွန်ရက်မှာ လှုံ့ဆော်ဝါဒဖြန့်တာတွေကို ထပ်ဆင့်ဝေမျှတာ၊ အားပေးကူညီတာတွေ လုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၂၄ (က)၊ ပုဒ်မ - ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၃၃(က)တွေနဲ့ အရေးယူမယ့်အပြင် သက်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း သိမ်းယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။
ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီက ပြည်သူတွေကို အခုလို ဖမ်းဆီး အရေးယူနေတာဟာ ဥပဒေနဲ့မညီဘူးလို့ ဝေဖန်ပါတယ်။
"အခြားပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို မထိခိုက်စေဘဲနဲ့ နိုင်ငံသားတွေသည် မိမိတို့ရဲ့ သဘောဆန္ဒတွေ၊ အကြုံပြုချက်တွေ၊ ဆွေးနွေးချက်တွေ၊ တင်ပြချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဒါ တင်ပြနိုင်တယ်ဆိုတဲ့ပြဌာန်းချက်က ရှိပြီးဖြစ်ပါတယ်။ အဲဒီပြဌာန်းချက်နဲ့ဆန့်ကျင်ပြီးတော့မှ နိုင်လွတ်လုံ (နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု) ဥပဒေကို ပိတ်ပင်တားဆီး လိုက်တာသည် တကယ်တမ်းပြောရင်တော့ ဥပဒေကြောင်းအရပြောမယ်ဆို တရားမဝင်ဘူး၊ မညီညွတ်ဘူးလို့ ကျွန်တော်မြင်ပါတယ်"
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။ ၂၀၂၂ ခုနှစ် မေလတုန်းကတော့ NUG၊ CRPH တို့နဲ့ ပတ်သက်ပြီး လှုံ့ဆော်အားပေးတာတွေလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းတာဖြစ်လို့ အရေးယူမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောခဲ့ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့စုဖွဲ့ ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ အခွင့်အရေးလိုချင်ပြီး တာဝန်ယူမှုမရှိရင် ဒီလိုဖမ်းဆီးခံရမှာပဲ လို့ပြောပါတယ်။
"အဲဒါကတော့ အခွင့်အရေးနဲ့တာဝန်ဆိုတာ အမြဲတမ်းရှိတယ် နိုင်ငံသား တစ်ယောက် ဖြစ်လာရင်။ အထူးသဖြင့် ဒီမိုကရေစီဆိုတဲ့အသံ အရမ်းအော်လာရင် အခွင့်အရေးဆို ပြောကြတယ်။ လူအခွင့်အရေးတို့၊ ဘာအခွင့်အရေးတို့၊ ညာအခွင့်အရေးတို့ပေါ့နော်။ ဒါပေမဲ့ အခွင့်အရေးဆိုတာကိုလိုချင်ရင် အဲဒီအနောက်မှာ တာဝန်ဆိုတာ ကပ်ပါလာတာကို မေ့လို့မရဘူး။ အဲဒီအခွင့်အရေးကို မှန်မှန်ကန်ကန် လိုချင်ပြီဆိုရင် ကိုယ်ထမ်းဆောင်ရမယ့် တာဝန်ကိုလည်း အပြည့်အဝ ထမ်းဆောင်ရတာရှိတယ်။ အဲတော့ အခွင့်အရေးကိုအော်နေပေမယ့် တာဝန်မှာ အပြည့်အဝ မလုပ်ဆောင်နိုင်တဲ့ အခါမျိုးမှာ ပြသာနာဖြစ်တတ်ပါတယ်"
အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify Rightsရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းကတော့ စစ်ကောင်စီဟာ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ကိုချိုးဖောက် ပြီး ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးနေတာလို့ ပြောပါတယ်။
"စစ်တပ်က သူတို့ရဲ့ သမိုင်းကိုကြည့်မယ်ဆိုရင် သူတို့နဲ့ဆန့်ကျင်တဲ့သူမှန်သမျှကို လွှတ်ပေးတာ ဘယ်သူမှမရှိဘူး။ သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းကိုကြည့်မယ်ဆိုရင် စစ်တပ်က ဘယ်သူ့ကိုမှ လွှတ်ပေးတာမရှိဘူး။ အဲဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် ပေါ့နော် သူတို့ကို ဆန့်ကျင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အရေးယူမယ်ပေါ့နော်။ အဲဒါကို ဒီဟာနဲ့ ပြသလိုက်တာလို့ ကျွန်တော်တို့ပြောချင်ပါတယ်"
လူမှုကွန်ရက်မှာ ဝေဖန်ရေးသားသူတွေကို ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက စတင်ကြေညာပြီးနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ အဖမ်းခံရသူ ၁၃၁၆ ဦးထိ ရှိကြောင်း Data for Myanmar အဖွဲ့က အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့ Freedom on the Net ၂၀၂၃ ခုနှစ် အစီအရင်ခံစာအရ မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ကမ္ဘာပေါ်မှာဒုတိယအဆိုးရွားဆုံးနိုင်ငံ ဖြစ်နေပါတယ်။