ဥပဒေ မူကြမ်း ၇ ခုကို တပ်အမတ် အားလုံးနီးပါး ဝင်ဆွေးနွေးဖို့ ပြင်ဆင်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ တပ်မတော်သား ကိုယ်စားလှယ် အားလုံးနီးပါး အမည်စာရင်းပေးသွင်း ထားတဲ့အပေါ် နိုင်ငံရေးပါတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်း တင်ပြထားပါတယ်။
-
2020-02-19 -
-
-
ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးရှိရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဆွေးနွေးဖို့ အမည်စာရင်းပေးသွင်းထားတာ ၁၆၄ ဦး ရှိပါတယ်။
အရပ်သားအမတ် ၁၁၈ ဦး စာရင်းသွင်းထားရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၆၉ ဦး၊ တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄၉ ဦး ပါဝင်ပါတယ်။
တပ်ဘက်ရော အရပ်ဘက်ပါ စုစုပေါင်း ၂၈၂ ဦး ရှိနေတာပါ။
ရန်ကုန်မြို့က စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အကုန်လုံးနီးပါး ဆွေးနွေးဖို့ စာရင်းပေးကြတာဟာ တပ်မတော်က သူတို့သဘောထားကို အများသိအောင် ချပြချင်တာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လောလောဆယ်မှာ ဒီလောက်အများကြီး ပြင်ဆင်စရာမလိုဘူးလို့ သူတို့ ယူဆထားပုံရပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD က လှုံ့ဆော်သလို လူထုကလည်း လိုလားနေတဲ့အချိန်မှာ သူတို့ မပြင်ချင်တဲ့အချက်တွေဟာ ဘာကြောင့် မပြင်ချင်တာလဲ ဆိုတာ လူထုကို ဖြေရှင်းဖို့ ရည်ရွယ်တယ်လို့ ယူဆရပါတယ်”
ပြည်ထောင်စုလွှတ်တော်မှာ လာမယ့် သီတင်းပတ်လောက်မှာ စတင် ဆွေးနွေးနိုင်ဖွယ်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ခန့်မှန်းပါတယ်။
NLD ပါတီက ကိုယ်စားလှယ်အများစု ဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီ တင်ပြဆွေးနွေးမှုတွေကို တပ်မတော်ဘက်က ဆက်တိုက်ကန့်ကွက်ခဲ့တာပါ။
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပေါ်ဖို့နဲ့ နိုင်ငံအတွက် ရေရှည်အကျိုး မျှော်ကိုးပြီး တပ်မတော်က ပူးပေါင်းပါဝင်လိမ့်မယ်လို့ အကောင်းဘက်က အမြဲတမ်းရှုမြင်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့က နိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်ဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အချက်တွေကို တဆင့်ချင်း ပြုပြင် ပြောင်းလဲဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒီတော့ အခြေခံအရ မဖြစ်မနေ လိုအပ်တဲ့ အချက်တွေကို တိုင်းပြည်အတွက် ရေရှည်အကျိုးကို မျှော်ကိုးပြီးတော့ တပ်မတော်ကလည်း ပူးပေါင်း ပါဝင်လိမ့်မယ်လို့ ကျွန်တော်တို့ အကောင်းဘက်က အမြဲရှုမြင်ပါတယ်”
ဒီမူကြမ်းဆွေးနွေးမှုမှာ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ် ငါးဦးလည်း ပါဝင်ပါလိမ့်မယ်။
ANP ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ၄၅ ဦး ကော်မတီရဲ့ မူကြမ်းမှာ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို လျစ်လျူရှုထားတယ်လို့ ပြောပါတယ်။
“NLD အနေနဲ့ စစ်တပ်ပါဝါလျှော့ချရေးရယ်၊ ဒီမိုကရေစီရယ် အဲဒီအတွက်ကို ဇောင်းပေးပြီးတော့ ပြင်သွားတယ်။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်အပေါ်မှာ ပြင်ဆင်ချက်တစ်ချက်မှ မတွေ့ဘူး။ ကျွန်တော်တို့ တင်ပြခဲ့တာတွေလည်း အကုန်လုံး ပယ်ချခံခဲ့ရတယ်။ အဲဒါကြောင့် ဒီပွဲဟာ သိပ်လှတဲ့ ပွဲ မဟုတ်ဘူး။ တိုင်းရင်းသားတွေအတွက် အခြေအနေကောင်းတစ်ခုကို တွန်းပို့မယ့် ရလဒ်တွေ ရလာနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်က ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြောချင်တာကို ပြောနိုင်အောင် ဝင်ဆွေးနွေးရတာပေါ့။ မျှော်လင့်ချက်တော့ သိပ်မထားဘူး။”
တပ်ကိုယ်စားလှယ်တွေရဲ့ခြေလှမ်းနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ရာမှာတော့ အခြေခံဥပဒေ၊ လွှတ်တော်ရေးရာတို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တပ်အရာရှိတွေကို မေးမြန်းဖို့ ပြောပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ သတင်းသမားတွေနဲ့ ထိတွေ့မှုအများဆုံးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်ကို လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိဘူး။
လွှတ်တော်မှာတော့ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်း ၇ ခု ရောက်နေပါပြီ။ ကြံ့ခိုင်ရေးပါတီက ၃ ခု၊ တပ်မတော်က ၂ ခု နဲ့ NLD က ၂ ခု တင်ထားကြတာပါ။
အဲဒီဥပဒေမူကြမ်းတွေကို သီးခြားစီဆွေးနွေးဖို့ တပ်မတော်နဲ့ ကြံ့ခိုင်းရေးပါတီက တင်ပြခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်နာယကက အားလုံးတစ်ပေါင်းတည်း ဆွေးနွေးမယ်လို့ ပြောကြားထားပါတယ်။