မြန်မာ့အရေး ပိုဆိုးဖွယ်ရှိကြောင်း လေ့လာသူတွေ သုံးသပ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ သုံးဆနီးပါး မြင့်တက်လာတယ်လို့ စစ်ရေးလေ့လာတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် Photo: Loikaw PDF

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲ တွေဟာ သုံးဆနီးပါး မြင့်တက်လာတယ်လို့ စစ်ရေးလေ့လာတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

စစ်အာဏာမသိမ်းမီ ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ ၂၀၁၉ စာရင်းမှာ နိုင်ငံတစ်ဝန်းမှာ တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၁၀၈၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲအခြေအနေကို စာရင်းပြုစု နေတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ရဲ့ မတ် ၂၅ ရက်နေ့ထုတ် အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၁၃ လနီးပါးအတွင်း တိုက်ပွဲပေါင်း ၃၃၀၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီအချက်အလက်တွေအရ နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ ပေါ်ပေါက်လာပြီးနောက် တိုက်ပွဲအရေအတွက် သုံးဆနီးပါးအထိ မြင့်တက် လာခဲ့တာလို့လည်း ထောက်ပြကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထားက အပြောင်းအလဲ မရှိသေးတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်လို့ လုံခြုံရေးနဲ့ စစ်ရေးအကဲခတ် ဒေါက်တာ မင်းဇော်ဦးက သုံးသပ်ပါတယ်။

"တိုက်ပွဲအရေအတွက်တွေ ပိုပြီးများလာတယ်။ အရင်တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်တာတွေ ပိုများလာတယ်။ လောလောဆယ်မှာတော့ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်တယ်ဆိုတဲ့ဟာက အထူးသဖြင့် ဒီနှစ်ထဲမှာ PDF သီးသန့်နဲ့ တိုက်ပွဲကြီးဖြစ်မယ့်ဟာ အလားအလာ နည်းသေးတယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ခဲယမ်း မီးကျောက် PDF မှာ ဒီလောက် ပြည့်ပြည့်စုံစုံ မရှိဘူး။ တိုက်ပွဲကြီးတွေတိုက်ဖို့ လက်နက်ခဲယမ်း မီးကျောက် အားကောင်းမှပဲ တိုက်လို့ရမှာ။ ဒါပေမဲ့ EAO တွေနဲ့ ဆက်စပ်ထားတဲ့ ဒေသတွေမှာ အခုလိုတိုက်ပွဲကြီးမျိုးတွေ ဖြစ်တာတွေ ရှိနိုင်ပါတယ်"

သွေးချောင်းစီးတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေအစား နိုင်ငံရေးနည်းလမ်းနဲ့ စေ့စပ် အဖြေရှာဖို့ စစ်ကောင်စီကို နိုင်ငံတကာက တွန်းအားပေးနေတာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ သူ့အုပ်ချုပ်မှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို စေ့စပ်ဆွေးနွေးဖို့ မရှိဘဲ အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ မနေ့က မတ်လ ၂၇ ရက် တပ်မတော်နေ့မှာ ပြောခဲ့ပါတယ်။

"တို့တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ် အေးချမ်းမှု ရှိစေဖို့အတွက် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၊ အကြမ်းဖက် နှိမ်နင်းရေးတွေကို လုပ်ဆောင် နေရတာတွေ ရှိတယ်။ အပြစ်မဲ့ပြည်သူများနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့ အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံ တည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြား လိုတယ်"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားမှာ တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

စစ်ကောင်စီဟာ သူ့တို့နဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းတာ၊ လက်နက်ကိုင်ပြီး ပုန်ကန်တာတွေ ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ကြေညာထားတာပါ။

ပြည်သူရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အဖွဲ့အစည်းတွေကို အမြစ်ပြတ် ချေမှုန်းမယ် ဆိုတာက ပြည်သူကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ သဘောပဲလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

"ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များက ဖွဲ့စည်း ပေးထားတဲ့ CRPH၊ ပြည်သူ့အစိုးရအဖြစ် ပြည်သူများက အသိအမှတ်ပြုထားတဲ့ (NUG)၊ ပြည်သူရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားတဲ့ ပြည်သူက မွေးဖွားတဲ့ PDF တွေကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ပြောတာက ပြည်သူတစ်ရပ်လုံးကို ချေမှုန်းမယ်။ ပြည်သူ တစ်ရပ်လုံးကို ဖိနှိပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲခင်ဗျ။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ အားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းမလာမချင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်"

လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းမှာ စစ်တပ်ကို လက်နက်ကိုင်ခုခံဖို့ ဖွဲ့စည်းထားတဲ့ PDF အဖွဲ့ ပေါင်း ၃၄၄ ဖွဲ့ ရှိပါတယ်။

"ကျွန်တော်တို့ အားလုံးရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွန်းမလာမချင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားမှာပဲ ဖြစ်ပါတယ်"

ဒါကြောင့် စစ်ကောင်စီဟာ အာဏာသိမ်းမှု နိုင်ငံရေးပြဿနာကို မရှင်းဘဲနဲ့ နိုင်ငံတစ်ဝန်း က PDF တွေကို စစ်ရေးနည်းနဲ့ အမြစ်ပြတ် ချေမှုန်းဖို့ ကြိုးစားရင် အောင်မြင်မှာ မဟုတ်ဘူး လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

အဆုံးသတ်မှာတော့ NUG ကို စားပွဲဝိုင်းပေါ် ဖိတ်ခေါ်ရမှာပဲလို့ သြစတြေးလျ အမျိုးသား လုံခြုံရေး ကောလိပ်က စစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ လေ့လာသူ ကိုကျော်ဇောဟန် က သုံးသပ်ပါတယ်။

"အကြမ်းဖက်အဖွဲ့အစည်းဖြစ်လို့ စစ်တပ်က ငြိမ်းချမ်းရေးစကားမပြောဘူးလို့ ပြောတာပေါ့။ ဒါပေမဲ့ အဲဒီ စကားလုံးက မမှန်ဘူး။ အစိုးရတွေအနေနဲ့ သူ အသာစီးရတဲ့ အခြေအနေမှာဖြစ်စေ၊ သူအသာစီး ရနေတယ်လို့ အထင်ခံချင်တဲ့ အခြေအနေမှာဖြစ်စေ၊ ဒါမျိုးစကားကို ပြောကြတာများတယ်။ တကယ်တော့ အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာ ထားတဲ့ အဖွဲ့အစည်းအတွေနဲ့ ညှိနှိုင်းခဲ့တာ ကမ္ဘာမှာလည်း ရှိတယ်၊ မြန်မာမှာလည်း ရှိတယ်။ ဖောက်ခွဲမှုတွေ အများကြီးလုပ်ခဲ့ဖူးတဲ့ မင်ဒဲလားနဲ့ လူဖြူအစိုးရ အကြားမှာ လည်း ညှိနှိုင်းမှုတွေ လုပ်ရတာပဲ။ မြန်မာနိုင်ငံမှာဆိုရင် အနီးဆုံး ဥပမာကြည့်မယ်ဆိုရင် AA ကို ကြည့်လို့ရပါတယ်။ ဆိုတော့ အကြမ်းဖက်သမားမိုလို့ မညှိဘူးဆိုတာ ကမ္ဘာမှာ လည်း မမှန်သလို မြန်မာမှာလည်း မမှန်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ Power Balance အပြောင်းအလဲဖြစ်ရင် ညှိနှိုင်းမှာပေါ့"

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အမေရိကန်၊ တရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံအများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အာဆီယံက စေ့စပ်ဆွေးနွေးမှုနဲ့ အဖြေရှာနိုင်ဖို့ ကြိုးပမ်း နေပါတယ်။

ဒါပေမဲ့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စေ့စပ်ဆွေးနွေးမှုကို ငြင်းပယ်ပြီး စစ်ရေးနည်းနဲ့ ချေမှုန်းဖို့ ကြိုးစားတာဟာ တိုင်းပြည်ကို ကျဆုံးနိုင်ငံဖြစ်ဖို့ ခပ်မြန်မြန် တွန်းပို့လိုက်တာနဲ့ အတူတူပဲလို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တွေက ထောက်ပြ ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org