တစ်နှစ်အတွင်း မြို့နယ်ပေါင်း ၄၀ ကျော် လေကြောင်းနဲ့ တိုက်ခိုက်ခံရ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း ၄၄ မြို့နယ်မှာ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်ခဲ့ပါတယ်။
- 2022-01-31
-
-
-
မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းထားတဲ့ တစ်နှစ်တာအတွင်း တိုင်းနဲ့ပြည်နယ် ကိုးခုက မြို့နယ်ပေါင်း ၄၄ မြို့နယ်မှာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းပြည်နယ်တွေနဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်း တွေမှာ ကြုံခဲ့ရတာပါ။
အဲဒီအထဲမှာ ကချင်နဲ့စစ်ကိုင်းက အများဆုံး ကြုံရတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ ၁၀ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၇ မြို့နယ်၊ ကယားပြည်နယ်မှာ ငါးမြို့နယ်၊ ကရင်ပြည်နယ် မှာ သုံးမြို့နယ်၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာ နှစ်မြို့နယ်စီ၊ ရှမ်းပြည်နယ်မှာ သုံးမြို့နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းမှာ တစ်မြို့နယ်စီ ဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေ ကြောက်လာအောင် လုပ်တဲ့နည်းလမ်း တစ်ခုလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
“စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့ ပီပီပေါ့နော်။ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည်သူ တွေကို အကြောက်တရားတွေ ပေးပြီးတော့မှ အုပ်ချုပ်နိုင်ဖို့ ကြိုးစားတာ ဟိုးနှစ်ပေါင်း များစွာကတည်းက ဖြစ်ပါတယ်။ ရွာတွေကိုလည်း လေကြောင်းကနေ ပစ်ခတ်တယ် ဆိုတာကတော့ အကြမ်းဖက်အဖွဲ့ပီပီ အကြမ်းဖက် လုပ်ရပ်တွေ လုပ်တယ်။ ပြည်သူ တွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားတယ်ဆိုတဲ့ အနေအထားမျိုးလို့ ကျနော် သုံးသပ်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ပြည်သူတွေရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ် အနေအထား ကြောင့် ဒီလိုမျိုး ခြိမ်းခြောက်မှုတွေလည်း အောင်မြင်လာလိမ့်မယ်လို့ မထင်ပါဘူးခင်ဗျ”
အာဏာသိမ်း စစ်ကောင်စီဟာ လက်နက်အင်အားကလွဲပြီး ကျန်တဲ့နေရာမှာ အားသာချက် မရှိတော့လို့ လေကြောင်းကို အဓိကအသုံးပြုခဲ့တာလို့လည်း ဦးနိုင်ထူးအောင်က ဆိုပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ကလည်း စစ်ကောင်စီတပ်ဟာ မြေပြင်မှာ တိုက်ခိုက်ရေးစွမ်းရည် အားနည်းလာတာ ကြောင့် ကချင်ပြည်နယ်မှာလည်း လေကြောင်း ပစ်ကူ ပိုသုံးနေတာလို့ ပြောပါတယ်။
“သူတို့လည်း စစ်အင်အားတွေလည်း တောင့်တင်းမှု မရှိတော့ဘူး ဖြစ်နေတာ။ အခုတော့ လေကြောင်း မဟုတ်လို့ရှိရင် လက်နက်ကြီးကိုပဲ အားကိုးပြီးမှ တိုက်ခိုက်တာ ဖြစ်မယ်လို့ ကျနော် သုံးသပ်ပါတယ်။ လေကြောင်းကနေ စစ်ပွဲတွေကို အဆုံးသတ်ဖို့တော့ အဲလောက်ထိတော့ ထိရောက်မှု မရှိပါဘူး။ ဒါပေမဲ့ တပ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကိုတော့ လှုပ်ရှားစေတာပေါ့။ ရှေ့တန်းသမားတွေက လေကြောင်းနဲ့လာတယ် ဆိုရင်တော့ စစ်ကောင်စီဘက်က ရှေ့တန်းသမားတွေက ပိုပြီးတော့ အားရတာပေါ့။ ဒီလိုမျိုး စိတ်ဓါတ်စစ်ဆင်ရေးကတော့ ရှိတာပေါ့။ ဒါပေမဲ့ လက်တွေ့ မှာတော့ အဲလောက်ကြီး ထိရောက်မှုမရှိပါဘူး”
စစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်သူ အချင်းချင်း နိုင်အောင်မတိုက်နိုင်တဲ့အခါ ပြည်သူလူထုဘက်ကိုပါ ပစ်မှတ်ထားလာပြီး လူထုက ကြောက်ရွံ့စိတ်နဲ့အတူ တော်လှန်ရေးကိုပါ အားပျော့သွားအောင် လုပ်နေတာ တွေ့ရတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ပြည်တွင်းက စစ်ရေး လေ့လာသူတွေကလည်း အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင် တော်လှန်မှုတွေ ပိုများသလို တိုက်ပွဲဧရိယာလည်း ပိုကျယ်လာတာကြောင့် စစ်တပ်ဟာ မြေပြင် တပ်သား ဖြန့်ကျက်မှုအပိုင်းကို နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် လေကြောင်းကိုအဓိက အသုံးပြုလာကြရတာ လို့လည်း သုံးသပ်ကြပါတယ်။
"အခုလေကြောင်းနဲ့ သူတို့က ဘယ်ပြည်သူမှန်မှန်ဆိုတဲ့ အနေအထား"
NUG အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို သိနိုင်ဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေ ၃ နာရီလောက်အထိ အကြောင်းမပြန်သေးပါဘူး။
လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က RFA က မေးမြန်းရာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ထားပါတယ်။
“လေကြောင်းနဲ့သွားပြီးတော့ တိုက်ခိုက်တာမျိုး ဆောင်ရွက်ခဲ့တာရှိတယ်။ လေကြောင်းနဲ့ သွားပြီးတော့ တိုက်ခိုက်တာဆိုတာက ဗုံးကြဲတိုက်ခိုက်တာမျိုး မရှိဘူး။ ရဟတ်ယာဉ်နဲ့ သွားပြီးတော့ တိုက်ခိုက်ခဲ့တာမျိုး ရှိတယ်။ စစ်သည်တွေ လိုက်ပါ ပြီးတော့ အနီးဆုံးနေရာမှာ ဆင်းပြီးတော့ ဝင်ရောက် တိုက်ခိုက်ခဲ့တာမျိုး ရှိတယ်။ သူတို့ အနေနဲ့ ကျေးရွာကို အကာအကွယ်ယူပြီး မလုပ်ဘူးဆိုရင် ကျေးရွာထဲမှာ ဘာမှလုပ်စရာ အကြောင်းမရှိဘူး”
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဒေသခံ ကိုဇော်ဇော်ကတော့ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ အရပ်သားတွေပါ ထိခိုက်နေတယ်လို့ RFA ကို ပြောပါတယ်။
“အခုလေကြောင်းနဲ့ သူတို့က ဘယ်ပြည်သူမှန်မှန်ဆိုတဲ့ အနေအထား၊ အိုးအိမ်တွေ မှာလည်း အများကြီး ပျက်စီးတယ်။ ပြည်သူ လူထုတွေမှာလည်း ရဟတ်ယာဉ်နဲ့ ပစ်တော့ကျ အရမ်းကာရော ကြောက်လန့်ပြီး ထွက်ပြေးရတဲ့ အနေအထားမှာ ပြည်သူ လူထုတွေမှာလည်း ရဟတ်ယာဉ် ကျည်ဆန်တွေ ထိနိုင်တဲ့အနေ အထားတွေ ရှိတယ်။ ဒီအပေါ်မယ် လုံးဝကို စစ်ကောင်စီကို ရှုတ်ချတယ်။ လုံးဝမှာကို ပြည်သူ တစ်ယောက် အနေနဲ့ ကန့်လည်းကန့်ကွက်တယ်။ ဘယ်လို အခြေအနေပဲနေနေ ကျေလည်း မကျေနပ်ဘူး”
မနေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အင်မထီးရွာမှာ ပျူစောထီး သင်တန်းလာဖွင့်တဲ့ စစ်ကောင်စီ တပ်တွေကို ဒေသခံကာကွယ်ရေး တပ်ပေါင်းစုတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။ အဲဒီအချိန်မှာ စစ်တပ်ဘက်က ရွာကို မီးရှို့ခဲ့သလို ည ၇ နာရီလောက်မှာလည်း ရဟတ်ယာဉ် နှစ်စီးနဲ့ပါ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ကိုဇော်ဇော်က ပြောပါတယ်။
စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၂၀ လောက် လေပေါ်ကနေ ဝဲပြီး အင်မထီး၊ လှော်ကား၊ ကိုင်းနွမ်း၊ အင်တွင်းစု ရွာတွေဘက်ကို ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း အင်မထီးရွာမှာ စစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ အင်အားတွေ လာချခဲ့တာကြောင့် အဲဒီရွာနဲ့ပတ်ဝန်းကျင်က ရွာသား တစ်သောင်းကျော်လောက် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲတွေကြောင့် သေဆုံးသူ အရပ်သား ၄၀၀ ကျော်ရှိပြီး၊ အဲဒီထဲက အယောက် ၅၀ လောက်ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင်း သေဆုံးခဲ့ရတာလို့ ဖော်ပြ ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ၁၁ လအတွင်း၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅၂ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ပြီး၊ အဲဒီအထဲက အကြိမ် ၃၀ ကျော်ကို ပြီးခဲ့တဲ့ နှစ်လအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ပြုလုပ်ခဲ့တာလို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့က ဆိုပါတယ်။
အဲဒီနှစ်လအတွင်း စစ်ပြေးဒုက္ခသည်က တစ်သိန်းလေးသောင်းကျော် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။