လေကြောင်းတိုက်ခိုက်မှုကြောင့် မံစီမြို့နယ်မှာ ဒေသခံ ခြောက်ဦး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခြောက်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့ထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Kachin News Group

[Update: 1: 38 PM, Feb 19, 2024]

ကချင်ပြည်နယ်၊ မံစီမြို့နယ် စီခမ်းကြီးရွာကို ဖေဖော်ဝါရီ ၁၇ ရက် နဲ့ ၁၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

စီခမ်းရွာအနီးက စစ်ကောင်စီ ဗျူဟာကုန်း တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ဒါကြောင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်တစ်ရက်တည်းမှာပဲ လေကြောင်းကနေ အကြိမ် နှစ်ဆယ်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံး၊ ထိခိုက်သူတွေနဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

"ငါးဦးကတော့ သေဆုံးတယ်လို့ ကျွန်တော်တို့ အကြမ်းဖျင်း သိထားတယ်။ အဲဒီမှာ ကျွန်တော်တို့ အလောင်းတွေလည်း ကောက်လို့မရဘူး။ ကောက်လို့မရတဲ့အခါ အဲဒီဘက်က ပြေးခဲ့တဲ့ ရွာသားတွေ ပြောပြချက်အရပေါ့၊ ဗုံးခိုကျင်းထဲမှာ သေထားတာ သုံးလောင်းရှိတယ်။ နောက်အပြင်မှာ သေထားတာ ဆွဲလို့မရဘူးပေါ့နော်။ အဲဒါနဲ့ သူတို့ ကိုယ်လွတ်ရုန်းပြီး ပြေးခဲ့ရတာ။ ဒဏ်ရာရတဲ့ဟာတော့ ကျွန်တော်တို့ ဆေးရုံပို့လိုက်ပြီဗျ။ လက်ရှိ ကျွန်တော်တို့ ပို့လိုက်တာက ခုနစ်ဦးဗျ၊ ဒဏ်ရာရတာ။ အခုလက်ရှိ ကယ်ဆယ်ပေးနေတဲ့ လူကတော့ လေးရာ၊ ငါးရာ ဝန်းကျင်လောက်တော့ ရှိသွားပြီ တောက်လျှောက်ကယ်နေတာ"

သေဆုံးသူတွေထဲမှာ အသက် နှစ်နှစ်အရွယ်နဲ့ ခြောက်နှစ်အရွယ် မိန်းကလေး နှစ်ဦး၊ အသက် ၄၀ အရွယ် အမျိုးသားလေးဦး ပါဝင်ပြီး ဒဏ်ရာရသူအများစုက အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဗန်းမော်ဆေးရုံကို တင်ပို့ထားတယ်လို့လည်း ကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်

"အခုလက်ရှိ ကယ်ဆယ်ပေးနေတဲ့ လူကတော့ လေးရာ၊ ငါးရာ ဝန်းကျင်လောက်တော့ ရှိသွားပြီ တောက်လျှောက်ကယ်နေတာ"

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် သံတံတား၊ မလင်၊ စီခမ်းကြီး၊ စီကော်စတဲ့ ရွာတွေက ဒေသခံ တစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။

ဒေသခံတွေကို မံသာရွာဘုန်းကြီးကျောင်းကို ပို့ထားပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပေးနေတယ်လို့လည်း ပြောပါတယ်။

စီကော်ရွာဒေသခံတစ်ဦးကတော့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၂ နာရီမှာ ရွာကနေ အသက်လုထွက်ပြေးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ရွာကနေ မနက် ၂ နာရီလောက် စထွက်တယ်။ လမ်းမှာတော့ ဘာမှ အခက်အခဲမရှိပါဘူး။ ကိုယ်ပိုင်ဆိုင်ကယ်နဲ့ လာရတာပါ။ လောလောဆယ်ကတော့ မံသာဘုန်းကြီးကျောင်းဘေးက ခန်းမထဲမှာ ရောက်နေကြတာပါ။ ကျွန်တော်တို့ရောက်တာနဲ့ မံသာက ရပ်ရွာအဖွဲ့အစည်းတွေက ကျွေးမွေးနေပါတယ်။ ကယ်ဆယ်ရေးမေတ္တာရှင်အဖွဲ့ကလည်း လာချင်တဲ့သူ အကုန် ကြိုပေးနေပါတယ်"

ဒေသခံတချို့လည်း ထွက်မပြေးနိုင်ဘဲ ရွာထဲမှာ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီရဲ့ လေကြောင်းက ထိုးစစ်တွေကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာမှာ အကာအကွယ်ယူပြီး နေထိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

"စီခမ်းဘက်မှာတော့ တိုက်တာက ရှိပါတယ်။ နောက် စစ်ကောင်စီဘက်က လေကြောင်းနဲ့ မနေ့က တစ်နေကုန် ပြောရမှာပေါ့၊ လေကြောင်းနဲ့ ပစ်ကူတာ ရှိပါတယ်။ အခုလည်းပဲ ဆက်ပြီးမှ တိုက်ပွဲ ဆက်ဖြစ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါက သူတို့ရဲ့ ထုံးစံ ဖြစ်နေပါတယ်။ သူတို့က မြေပြင်နဲ့ ထိုးစစ်ဆင်တာကိုတော့ အဓိက သူတို့ မလုပ်ဆောင်ဘဲ အခုက လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာကိုပဲ သူတို့ အဓိက အားကိုးလုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ အတတ်နိုင်ဆုံးတော့ ကိုယ့်ရဲ့ လုံခြုံမှုနေရာဘက်ကို ရှောင်ရမှာပေါ့။ ကျွန်တော်က အဲလိုပဲ ပြောရမှာပါ"

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် တရုတ်ပြည်နယ်စပ်ရှိ ကိုင်ထိပ် စစ်ကောင်စီတပ်စခန်းကို တွေ့ရစဉ်။ (Photo: Citizen Journalist)

စီခမ်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းဟာ မံစီမြို့နယ်နဲ့ မိုင်သုံးဆယ်အကွာမှာရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၁၂၁၊ ခလရ-၂၇၆၊ ခလရ-၁၂၃နဲ့ ခလရ-၁၅ တို့ ပူးပေါင်းအထိုင်ချထားပါတယ်။

ဒီနေရာမှာ နှစ်ပေါင်း သုံးဆယ်ကျော် တပ်စွဲထားပြီး ဗန်းမော်မြို့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အဓိက ရိက္ခာထောက်ပံ့ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိတယ်လို့ KIA က ပြောပါတယ်။

ဒါကြောင့် ဒီစခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဘက်က လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ တိုက်ခိုက်နေတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကချင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီစစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း ၂.၆ သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOC HA) က ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်ကို ဖြည့်စွက်ပြင်ဆင်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org