တပ်မတော်ကို အရေးယူဖို့ AI ဖိအားပေး

မြန်မာ့အရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို တင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အချိန်ဆွဲမနေဘဲ တင်ပြဖို့အချိန်တန်ပြီလို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ၂၀၁၉ ဇူလိုင် ၁၉ နေ့မှာတွေ့ရစဉ်

တပ်မတော်ဟာ အရင်အတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလူအနည်းစုတွေအပေါ် ဖိနှိပ်ရက်စက် မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ကျူးလွန်မှုတွေဟာ တာဝန်ခံအရေးယူမှုမရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်ရာဇဝတ်မှုတွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူအားလုံး တရားဥပဒေနဲ့ ရင်ဆိုင် ရသင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှူး နီကိုလပ်စ် ဘက်ကယ်လင်က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒါက အမြဲတမ်းစွပ်စွဲနေ တဲ့ စွပ်စွဲချက်တွေဖြစ်တာကြောင့် ထူးပြီးတော့ ချေပစရာမရှိကြောင်းနဲ့ တပ်မတော်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ ဥပေဒေနဲ့ ငြိစွန်းတဲ့အလုပ်တွေ လုပ်ခဲ့တယ်ဆိုရင်လည်း လက်တွေ့အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။

"ဒီစွပ်စွဲချက်တွေဟာ အမြဲတမ်းစွပ်စွဲနေတဲ့ စွပ်စွဲချက်တွေဖြစ်တဲ့ အတွက် ကျွန်တော်တို့အနေနဲ့ ထူးပြီးတော့ ချေပစရာမရှိဘူး။ ကျွန်တော် ခုနကပြောခဲ့တဲ့ တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေ အကြောင်းပဲ ပြောစရာရှိတယ်။ တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်၊ ဥပေဒနဲ့ ငြိစွန်းတဲ့အလုပ်တွေ လုပ်ခဲ့တယ် ဆိုရင်လည်း လက်တွေ့အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေ တာရှိပါတယ်"

ဒါ့အပြင် တပ်မတော်အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တာပဲဖြစ်ဖြစ်၊ စစ်ပွဲဆိုင်ရာ ဥပေဒတွေနဲ့ ပတ်သက်လာရင်ပဲဖြစ်ဖြစ် အရင်ကထက် ခေတ်မီတပ်မတော်ဖြစ်ရေး တည်ဆောက်တဲ့နေရာမှာ မလွဲမသွေ လိုအပ်တာကြောင့် တပ်မတော်သားတွေကို အသိပညာပေးမှုတွေကို စစ်ဥပဒေချုပ်ရုံးက ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကဆိုပါတယ်။

တပ်မတော်ရဲ့ တပ်မ ၉၉ တပ်ဖွဲ့ဝင်တွေဟာ ကချင်၊ လီဆူး၊ ရှမ်းနဲ့ တအောင်း ဒေသခံတွေကို စစ်ရာဇဝတ်မှုနဲ့ တခြားချိုးဖောက်ခဲ့တဲ့ ကျူးလွန်မှုအထောက်အထားတွေကို ပြီးခဲ့တဲ့ မတ်လနဲ့ သြဂုတ်လတွေက နှစ်ကြိမ် ကွင်းဆင်းလေ့လာစုဆောင်းခဲ့ကြောင်းလည်း AI က ဖော်ပြထားပါတယ်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA၊ SSPP/SSA ၊ RCSS/ SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တို့ကလည်း လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန် ခဲ့ကြောင်း AI က ဆိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပ်မှူးတွေ၊ တာဝန်ရှိသူတွေကိုလည်း စုံးစမ်းစစ်ဆေးပြီး စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံခိုင်းသင့်တယ်လို့ နီကိုလပ်စ် ဘက်ကယ်လင် က ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော် ကတော့ သူတို့အနေနဲ့ ဒေသခံအရပ်သားတွေကို အဓမ္မလုပ်အားခိုင်းစေတာ၊ ဖမ်းဆီးနှိပ်စက်တာတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။

"ပေါ်တာဆွဲတာတို့၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုတွေ အဲဒီလို မူဝါဒလည်းမရှိဘူး၊ လုပ်ခိုင်းတာလည်းမရှိဘူး။ အဲဒီလိုအချက် အလက်တွေက သူတို့ဘယ်ကနေ ဆာဗေးဆင်းပြီး အချက် အလက်တွေ ကောက်ယူသလဲဆိုတာ ကျွန်တော်တို့ အဲဒါတွေလည်း မသိဘူး။"

တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ RCSS/SSA၊ SSPP/SSA တို့ကို RFA က ဆက်သွယ်မေးမြန်းဖို့ ဒီနေ့ ညနေအထိ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒေသခံတွေ ကို လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ၊ အဓမ္မလုပ်အားခိုင်းစေတာ၊ မတရားဖမ်းဆီးနှိပ်စက်တာတွေ ဒီနေ့အချိန်ထိ ဆက်လက်ကျူး လွန်နေကြတယ်ရှိကြောင်းနဲ့ ၂၀၁၉ ခုနှစ်ထဲမှာ အမှုပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ ပြောပြချက်အရသိရပါတယ်။

ဒါပေမဲ့ ဒေသခံတချို့ဟာ ကျူးလွန်ခံရမှန်း မသိရှိကြဘဲ အဖွဲ့အစည်းအတွက် ပေးဆပ်ရမယ့်တာဝန်တစ်ခုလို ဆောင်ရွက်နေကြတာရှိတယ်လို့လည်း တအောင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါး က ပြောပါတယ်။

အများဆုံးကျူးလွန်တာ တပ်မတော်ဖြစ်တယ်၊ ဒုတိယက တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တယ်

လူ့အခွင့်ရေးချိုးဖောက်မှုတွေကို  မြန်မာ့တပ်မတော်က အများဆုံးကျူးလွန်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဒုတိယအများဆုံး ကျူးလွန်ကြောင်းနဲ့ အဲဒီပေါ်မှာ တာဝန်ရှိအကြီးအကဲတွေက အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ပေးစေချင်သလို နိုင်ငံတကာက အရေးယူဆောင် ရွက်မှုတွေ လုပ်ပေးစေချင်ကြောင်း လွေးချီဆငါး က ပြောပါတယ်။

"အများဆုံးကျူးလွန်နေတာက တပ်မတော် ဖြစ်နေတယ်၊ ဒုတိယနေရာကျတော့ တိုင်းရင်းသားလက်နက် ကိုင်တွေဖြစ်တယ်။ အမှုမှန်မပေါ်တဲ့အပိုင်းတွေ အများကြီးတွေ့နေရတယ်။ ဒီအပေါ်မှာ ပြန်ပြီးတော့ တိုင်းရင်း သားလက်နက်ကိုင်မှာရော၊ တပ်မတော်ဘက်မှာရော ပြန်ပြီးတော့ အထူးစုံစမ်းစစ်ဆေးမှုပုံစံနဲ့ အမှုမှန် အမှန် တရားတွေရရှိဖို့ လုပ်ဆောင်ပေးတဲ့ပုံစံမျိုး လုပ်ဆောင်စေချင်တယ်။ ဒီအပေါ်မှာပေါ့နော် နိုင်ငံတကာက ပြန်ပြီး အရေးယူဆောင်ရွက်တာမျိုး လုပ်ဆောင်စေချင်တယ်။"

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၉ စက်တင်ဘာလအထိ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ အပစ်အခတ်ရပ်စဲခဲ့ပေမယ့် တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် အဖွဲ့အစည်းအသီးသီးက ပြင်ဆင်နေချိန်မှာ နိုင်ငံအတွင်း ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တိုးတက်ဖြစ်ပေါ်လာမယ့် အလားအလာတွေ မတွေ့ရဘူးလို့လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ဖွဲ့ AI က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org