ဒုက္ခသည်ပြန်လည်လက်ခံရေး အတင်းအကျပ်ဆောင်ရွက်နေကြောင်း ဝေဖန်မှုတွေရှိ
2018.11.10
အခုလလယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့မယ့် ဒုက္ခသည် ၂၂၆၀ စာရင်းမှာ ဘယ်သူ တွေပါဝင်တယ်ဆိုတာ ဒုက္ခသည်တွေ ကိုယ်တိုင်မသိရတာကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဟာ အတင်းအကျပ်ဆောင်ရွက်သလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်ကြသူတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒုက္ခသည်ပြန်လည်လက်ခံရေး အတင်းအကျပ်ဆောင်ရွက်နေကြောင်း ဝေဖန်မှုတွေရှိ
(ဝေမာထွန်း)
■ နှစ်နိုင်ငံ သဘောတူညီချက်အရ အခုလလယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် နှစ်ထောင်ကျော်ကို မြန် မာကို ပြန်ပို့မယ်လို့ နှစ်ဖက်အစိုးရ တာဝန်ရှိသူတွေက အတိအလင်း ပြောထားပြီးဖြစ်ပါတယ်။
မြန်မာအစိုးရအနေနဲ့လည်း ဒီရက်ပိုင်းအတွင်း ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်လာတဲ့အခါ လိုအပ်မယ့် စား ဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar က ဒုက္ခသည်စခန်း အမှတ် ၁၃ မှာရှိတဲ့ ဦးခင်မောင်ကတော့ နိုဝင်ဘာလ ၁၀ ရက်နေ့ ဒီနေ့အထိ သူတို့ထဲက ဘယ်သူတွေ မြန်မာနိုင်ငံကို ပြန်ရမယ်ဆိုတာ ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင် အသိပေးတာ မရှိသေးဘူးလို့ RFA ကိုပြောပါတယ်။
"ကျနော် မြန်မာနိုင်ငံထဲမှာ ပါသလား၊ မပါသလား ဘယ်သူမှလဲ မသိဘူး။ ရှင်းရှင်းလင်းလင်းပြောရင် ပွင့်လင်း မြင်သာမှု လုံးဝမရှိဘူး။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောဖူးခဲ့တာရှိတယ်။ ဒုက္ခသည်တွေ repatriation ကိစ္စဟာ ဒုက္ခသည်တွေရဲ့ ဆုံးဖြတ်ချက်လို့ ပြောခဲ့တယ်။ ကျနော်တို့ သွားမလား၊ မသွားမလား ကျနော်တို့ကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်နေပြီ။ နှစ်နိုင်ငံ သဘောတူစာချုပ်မှာ ရေးထားတာမှာလည်း ရှင်းရှင်းလင်းလင်းရှိတယ်။ assisted voluntary repatriation ဖြစ်ရမယ်လို့ ပြောခဲ့တယ်။ အခု အတင်းအဓ္ဓ မ လုပ်ခဲ့မယ်ဆိုရင် assisted voluntary repatriation မဖြစ်ဘူး"
ဦးခင်မောင်ဟာ မောင်တောမြို့နယ်မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်သြဂုတ်လက အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေခဲ့တာလို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက မြန်မာနိုင်ငံကို ပြန်လာရေးနဲ့ပတ်သက်လို့ တောင်းဆိုတဲ့အထဲမှာဆိုရင် သူတိ့ုကို ရိုဟင်ဂျာ နာမည်အသုံးပြုခွင့်၊ မူလနေရပ်တွေကို ပြန်လည်နေထိုင်ခွင့်ပေးရေးအပါအဝင် နိုင်ငံတကာရဲ့ အကာအကွယ်ရရှိရေးနဲ့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို တရားဥပဒေအရ ပြစ်ဒဏ်ပေးပြီး တရားမျှတခွင့်ရရှိရေးဆိုတာတွေ ပါဝင်ပါတယ်။
ဒီလိုအချက်တွေရမယ်ဆိုရင် မြန်မာနိုင်ငံကို ပြန်မယ်လို့ ဦးခင်မောင် က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တချို့တဝက်ကို ကနေဒါနိုင်ငံက သူတို့ဆီ ပြောင်းရွှေ့နေရာချထားနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို တော့ ဦးခင်မောင် က လက်မခံဘူးလို့ ပြောပါတယ်။
"အဲဒါကျနော် လုံးဝလက်မခံဘူး။ ကျနော်တို့အတွက် အပေါင်းလက္ခဏာဆောင်တဲ့အရာမဟုတ်ဘူး။ ကျနော်တို့ နှစ်ပေါင်းများစွာ၊ ထောင်ပေါင်းများစွာ နေခဲ့တဲ့ နိုင်ငံတစ်ခုကနေ စွန့်လွတ်ပြီးတော့ တခြားနိုင်ငံမှာ ယာယီနေထိုင် တာမဖြစ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ identity ပျောက်အောင်လုပ်နေတဲ့အရာ ရောက်မှာပဲ။ ကနေဒါဖြစ်ဖြစ်၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ခေါ်နေတာကို ကျနော်တို့ ကြိုဆိုလို့မရဘူး"
Cox’s Bazar က ဒုက္ခသည်စခန်းတွေက တချို့တွေဆိုရင် မြန်မာကိုပြန်ရမယ်ဆိုတဲ့ စာရင်းမှာ သူတို့နာမည် တွေပါတယ်ဆိုတဲ့ စခန်းအတွင်း တရားမဝင်သိရတဲ့ သတင်းတွေကြောင့် မအိပ်နိုင်၊ မစားနိုင်သူတွေ ရှိတယ်လို့ ပြောပါတယ်။
နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး စခန်းအတွင်း ဖြစ်နေတဲ့ အနေအထားအပေါ် ဦးခင်မောင် က အခုလိုပြောပြ ပါတယ်။
"အခုအချိန်မှာ ကျနော်တို့ လုံးဝမသွားဘူး။ သွားနိုင်လောက်တဲ့ အခြေအနေလည်းမရှိဘူး။ ဒုက္ခသည်စခန်းမှာ လူတစ်ယောက်လားမသိဘူး။ သေဆုံးသွားခဲ့တာလည်းရှိတယ်။ သူစာရင်းက ဟိုမှာပါနေလို့ အင်မတန်မှာ ကြောက်ရွံပြီးတော့ Heartbeat ဖြစ်ပြီးတော့ သေဆုံးသွားတာလည်း တစ်ယောက်ရှိတယ်။ နောက်တစ်ယောက် ကတော့ သူ့ကိုယ်သူသေဆုံးဖို့ ကြိုးစားခဲ့တာရှိတယ်။ သူ့ကို ကျနော်ကိုယ်တိုင် တွေ့ခဲ့တယ်။ ခင်ဗျားဘာကြောင့် ဒီလိုလုပ်လဲမေးတော့ ကျနော့်နာမည်က မြန်မာနိုင်ငံ ဟိုဘက်သွားမယ့် စာရင်းမှာပါနေပြီ"
မြန်မာအစိုးရဘက်ကတော့ နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ ဒုက္ခသည်တွေကိုယ်တိုင် ဆန္ဒအလျောက် ပြန်လာလိုမှသာ ပြန်လာခွင့်ပြုမယ်လို့ ဖော်ပြထားတဲ့အတွက် အဲဒီအတိုင်းသာဆောင်ရွက်မှာ ဖြစ်ကြောင်းပြောထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးဟန်က မြန်မာဘက်က စိစစ်ပြီး ပြန်ခေါ်မယ်ဆိုတဲ့သူတွေဟာ သူတို့ကိုယ်တိုင်ပြန်လာလိုကြောင်း လက်မှတ်ရေးထိုးထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။
"MOU မှာ တိတိကျကျဖော်ပြထားတာက ပြန်လည်လက်ခံရေးဟာ voluntary victim ဖြစ်ရမယ်။ လက်ခံရရှိတဲ့ ဖောင်တွေမှာဆိုရင် သက်ဆိုင်ရာ ကာယကံရှင်ရဲ့ လက်မှတ် သို့မဟုတ် လက်ဗွေရာ ပါတယ်။ ဒါဟာ သူကိုယ်တိုင် သူရဲ့ ဆန္ဒအရ ဒီကိုပြန်လာမယ်လို့ ဆန္ဒပြုလို့ ကျနော်တို့က ဒါကိုလက်ခံစဉ်းစားတာ။ စွပ်စွဲမှုတွေကတော့ ရှိနေ မှာပဲ။ လုပ်ငန်းစဉ် မအောင်မြင်အောင် လုပ်နေတဲ့ လူပုဂ္ဂိုလ်တွေရှိတယ်။ အဖွဲ့အစည်းတွေရှိတယ်။ ဒါတွေကတော့ ဒါကိုသတင်းလွှင့်နေမှာပဲ"
ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေး စုံစမ်းရေးကော်မရှင်ရဲ့ အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးအေးလွင်က အခု လအတွင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးဖြစ်မြောက်ဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကို အခုလို ထောက်ပြ ပါတယ်။
"လွတ်လပ်သော ဆန္ဒနဲ့ပြန်ဖို့အတွက်က သူတို့ရဲ့ စိုးရိမ်မှုသောကတွေကို ဘယ်လိုနည်းနဲ့ပဲလုပ်လုပ် လုပ်ဖို့ လိုအပ်ပါတယ်။ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်ရပါလိမ့်မယ်။ ပြီးရင် မိမိတို့ ဘိုးဘွားဘီဘင် အဆက်ဆက်က နေထိုင်ခဲ့တဲ့ အိမ်တွေမှာ သူတို့ပြန်နေဖို့ လိုအပ်တယ်။ သူတို့ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေ၊ လယ်ယာတွေကို မရှိတော့ရင်လည်း ပြန်လည်ပြီးတော့ လျော်ကြေးပေးတဲ့ ပုံစံမျိုး တစ်စုံတစ်ရာလုပ်မယ့် အာမခံချက်ပေးဖို့ လိုအပ်တယ်။ အဲ့ဒီသတင်း စကားတွေကို သင့်တော်တဲ့နည်းလမ်းနဲ့ သူတို့ထံကို ရောက်ဖို့လိုအပ်ပါတယ်"
အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံဘက်က နေရပ်ပြန်လာလို့တဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံဆောင်ရွက်သွားမယ်လို့ ကြေညာထားခဲ့ပေမယ့် ပြန်လာတဲ့သူမရှိသေးတာဖြစ်ပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေများနေတဲ့ ဒီလိုအချိန်မှာ မြန်မာအစိုးရဘက်က ဒုက္ခသည် တွေနေရပ်ပြန်လာဖို့ အစိုးရဘက်က ဆောင်ရွက်ထားမှုအပေါ် ဒုက္ခသည်တွေက နားလည်လက်ခံနိုင်ဖို့အတွက် ရှင်းပြနိုင်ဖို့ လိုအပ်နေပါတယ်။
ဒုက္ခသည်တွေ ပြန်လာနိုင်ရေးဟာ မြန်မာအစိုးရအတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်သလို အခက်အခဲတွေ ရှိနိုင်တဲ့အပေါ် လူ့အခွင့်အရေး ရှေ့နေ ဦးသိန်းသန်းဦးက အခုလို သုံးသပ်ပါတယ်။
"မတရားစွပ်စွဲခံထားရတာတွေလည်း ရှိတဲ့အနေအထားမှာ ဒုက္ခသည်တွေပြန်လာနိုင်ရင် အောင်မြင်မှုတစ်ခုပဲ။ ထောင်နဲ့ချီရင် ပိုကောင်းတာပေါ့။ အဲ့လိုလက်ခံနိုင်မှ နိုင်ငံတကာမှာ မျက်နှာပန်းပြန်လှပြီးတော့ အစိုးရရဲ့ ရပ် တည်ချက် သဘောထားအမှန်ကို ကမ္ဘာကိုပြနိုင်မှာဖြစ်တဲ့အတွက် ဒီကိစ္စကတော့ မြန်မာနိုင်ငံ အစိုးရအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စလို့ ကျနော် ယုံကြည်တယ်ခင်ဗျ။ ပြဿနာတွေရှိနိုင်တယ်။ ရိုးရိုးသားသား သဘောမတူတဲ့ ရခိုင်အမျိုးသားတွေ၊ ပြည်သူတွေရှိနိုင်သလို လက်ရှိအစိုးရကို အကျပ်အတည်း ဖြစ်အောင် ဒီကိစ္စကို အကြောင်းပြပြီးတော့ အမျိုးသားရေး သစ္စာဖောက်တို့ ဘာတို့ဆိုပြီး ဆူပူမှုတွေဖြစ်အောင် လုပ်နိုင်သူတွေလည်းရှိတယ်ဗျ"
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒုက္ခသည် စုစုပေါင်း ၇ သိန်းကျော် ရောက်ရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုနေကြပြီး မြန်မာအစိုးရဘက်က လူဦးရေ ၅သိန်းကျော် ရောက်ရှိနေတယ်လို့ တွက်ဆထားပါတယ်ရှင်။