မကွေးတိုင်းမှာ တစ်လအတွင်း နေအိမ် ၁၃၀၀ ခန့် မီးရှို့ဖျက်ဆီးခံရ
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပေါက်၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့ မြို့နယ်ငါးခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ကျော် က နေအိမ် ၁၃၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-09-07
-
-
-
စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေ တဲ့ မကွေးတိုင်းမှာ ပြီးခဲ့ တဲ့ ဩဂုတ်လအတွင်း ပေါက်၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ဂန့်ဂေါ စတဲ့ မြို့နယ်ငါးခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ကျော် က နေအိမ် ၁၃၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အဲဒီမြို့နယ်တွေမှာ စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်စဉ်အတွင်း မီးရှို့ခံခဲ့ရတာလို့ ပြောကြပါ တယ်။
သြဂုတ်လ ၁၇ နဲ့ ၁၈ ရက်နေ့ တွေက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၈၀ ခန့် ရေစကြို မြို့နယ် ရေလယ်ကျွန်းဒေသက ငတရော်ရွာကို ဝင်ရောက်လာ ပြီးနောက် နေအိမ်အဆောက် အအုံ ၆၅၀ ခန့် မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
"သူတို့ မလုပ်တာ တစ်ခုမှ မရှိဘူး။ တိရစ္ဆာန်တွေ သတ်ဖြတ်စားတယ်။ အိမ်တွေ မီးနဲ့ရှို့တယ်"
အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ငတရော်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တယ်လို့ နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ငတရော်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
"ကျနော်ဆိုလို့ရှိရင် အဆောက်အအုံက လေးလုံးလောက်ရှိတာ။ သက်သက်ကို တက်ရှို့ သွားတာပါ။ မရှို့ခင်ကို အိမ်ကို သေနတ်နဲ့ ပစ်သေးတယ်ဗျ။ သူတို့က ကမ္ဘာမှာ ကြောက် စရာ ကောင်းတဲ့ လူပုဂ္ဂိုလ်တွေ စာရင်းထဲမှာ ရောက်နေပြီ။ တိုင်းပြည်တစ်ပြည်လုံးက လူသားအားလုံးကို ဒုက္ခပေးနေတာ။ တော်တော် ရက်ရက်စက်စက် လူမဆန်တဲ့ လူတန်း စားတွေ။ သူတို့မှာ လူစိတ်လည်း မရှိဘူး။ လူလိုလည်း နားမလည်ဘူး။ ကမ္ဘာလည်း လိမ်တယ်။ မြန်မာကိုလည်း နှိပ်စက်တယ်။ ကျနော်တို့ ဒေသက လူတွေဆို အခုတော် တော် ကို ဒုက္ခရောက်တယ်။ အခုလည်း လူတွေကို ထောင်ချီရုံမကဘူး သောင်းချီပြီး ရွာခုနစ်ရွာ၊ ရှစ်ရွာကို သူတို့ရှိနေလို့ ပတ်ပြေးနေရတာ။ အဲ့လောက် ရက်စက်တဲ့လူတွေ ကို ကျနော် ကြုံတောင် ကြုံဖူးပါဘူး"
အခုလိုမီးရှို့ခံရတာကြောင့် သူ့မှာ ကာလတန်ဖိုး ငွေကျပ် သိန်း ၅၀၀ ဖိုးလောက် ဆုံးရှုံးခဲ့ရ တယ်လို့ လည်း ပြောပါတယ်။
ငတရော်ရွာမှာ နှစ်ထပ်အိမ်ကြီးတွေများတဲ့အပြင် လယ်ယာလုပ်ငန်းကို အမှီပြုလုပ်ကိုင်ရ တာကြောင့် မိသားစုတစ်စုမှာ လူနေအိမ်အပြင် ပဲမှော်စင်အဆောက်အအုံ၊ စပါးနဲ့ ပဲတွေ သိုလှောင်တဲ့ ကျီနဲ့ သီးခြား မီးဖို ဆောင် အဆောက်အအုံတွေ ရှိကြတာကြောင့် ဆုံးရှုံးမှု ပမာဏ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့အိမ်တွေမှာ မျိုးစေ့တွေအပြင် စပါးတင်းရေ သောင်းနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ရတယ် လို့လည်း ပြောပါတယ်။
မီးရှို့ခံခဲ့ရတဲ့ အခြားကျေးရွာတွေကတော့ ပေါက်မြို့နယ် တောင်မြင့်၊ စန်းရေခုံ၊ ပခုက္ကူမြို့ နယ် ဆားကျင်း၊ မြိုင်မြို့နယ် သဒွတ်၊ ပေါက်ခေါင်း၊ အိုရင်း၊ သာစည်၊ နှမ်းဆီကန်၊ ရေစကြို မြို့နယ် လှေခုတ်၊ ဂန့်ဂေါမြို့နယ် မောက်၊ မောက်လင်း၊ ထယ်လှော် စတဲ့ကျေးရွာတွေ ဖြစ် ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနော်လင်းဟေဇာရဲ့ မကြာသေးခင်က မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက် တာတွေနဲ့ ပြည်သူလူထုနေထိုင်ရာ ရပ်ရွာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့ တောင်းဆို ခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်သူလူထုနေထိုင်ရာ နေအိမ်တွေ၊ ရပ်ရွာတွေကို မီးရှို့တယ်ဆိုတဲ့ကိစ္စဟာ လုံးဝမှားယွင်းကြောင်းနဲ့ မိမိတို့ တာဝန်ယူဆောင်ရွက်ပေးရမယ့် ဒုက္ခသည်တွေကို မိမိတို့က ဒုက္ခရောက်အောင် နေအိမ် တွေ မီးရှို့ဖျက်ဆီးတယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိနိုင်မှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
မြိုင်မြို့နယ်က ရွာကို မီးရှို့ခံရလို့ ထွက်ပြေးနေရတဲ့ သဒွတ်ရွာသား တစ်ဦးကတော့ ဒါဟာ တမင်ငြင်းဆိုနေတာ လို့ ပြောပါတယ်။
"သူတို့ မလုပ်တာ တစ်ခုမှ မရှိဘူး။ တိရစ္ဆာန်တွေ သတ်ဖြတ်စားတယ်။ အိမ်တွေ မီးနဲ့ရှို့တယ်။ လူတွေကို တွေ့တဲ့လူဖမ်း၊ ရိုက်နှက် ဒါတွေကို အနိုင်ကျင့်ပြီး လုပ်နေ တာတော့ ဒီကောင်တွေ လုပ်တာပဲ။ ဒီကောင်တွေ သက်သက်မဲ့ ငြင်းကွယ်နေ တာပဲလေ။ တော်တော်လေးတော့ ခံပြင်းစရာ ကောင်းပါတယ်။ ဒီကောင်တွေက ဗြောင်တွေလိမ် နေတာ။ လုပ်တာ ဒီကောင်တွေ လုပ်နေတာကို သိနေတာပဲ။ ကျနော်တို့ ဘယ်ပြည်သူ ကိုပဲ မေးမေး ဘယ်ကလေးကိုပဲမေးမေး ဒီကောင်တွေ လုပ်တာ လူတိုင်းသိတယ်”
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ ညနေက သဒွတ်ရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာကနေ စစ်ကောင်စီတပ်သားတွေက အဲ့ဒီနေ့ တစ်ညလုံး ရွာထဲ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာထဲက နေအိမ် ၃၃၀ ခန့်အနက် နေအိမ် ၆၈ လုံး မီးထဲပါသွားတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က သဒွတ်ရွာ ပတ်ဝန်းကျင်မှာ နေရာယူထားဆဲ ဖြစ်တာကြောင့် လူဦးရေ ၁၈၀၀ ဝန်းကျင်ဟာ တောတွေထဲမှာ ထွက်ပြေးခိုလှုံနေ ကြရတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာနားမှာ တိုက်ပွဲဖြစ်ရင် အဲဒီရွာမှာ PDF တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကို မီးရှို့လေ့ရှိပြီး သဒွတ်ကျေးရွာဟာဆိုရင် မီးရှို့ခံရတာ နှစ်ကြိမ်ရှိနေပြီလို့လည်း ဒေသခံ တွေက ပြောပါတယ်။
စစ်ကောင်စီက ခုခံတွန်းလှန်မှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဖိအားပေးလုပ်ဆောင်နေတဲ့ တစ်ချိန်တည်းမှာပဲ မကွေးတိုင်းကိုလည်း စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်နေတာ တွေ့ရတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"အခုကတော့ စစ်ကိုင်းတိုင်းပြီးလို့ ရှိရင် ဒုတိယချေမှုန်းဖို့ ဦးတည်ထားတဲ့ ပစ်မှတ် ကတော့ မကွေးတိုင်း ဖြစ်ပါတယ်။ အဲ့တော့ မကွေးတိုင်းကိုလည်း ကျနော်တို့ စစ်ကိုင်းတိုင်းလိုပဲ သူတို့အနေနဲ့ ပြန်ပြီးတော့ ခုခံ တွန်းလှန်မှု အင်အားတွေ ကျဆင်းသွားအောင် အခုမီးရှို့၊ လူသတ်၊ ပစ္စည်းလု စသည်အားဖြင့် အကြမ်းဖက်မှု မျိုးစုံကို လုပ်နေတာ တွေ့ရပါတယ်"
စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အခုလို အရပ်သားတွေကိုပါ ပစ်မှတ်ထားနေတာဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
"စစ်မြေပြင် စစ်ဆင်ရေးတွေ လုပ်နေတဲ့ အချိန် အဲ့ဒီအချိန်မှာ ဒီအရပ်ဘက် ပစ်မှတ်တွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ လူသားဒိုင်းအဖြစ် လုပ်တဲ့ကိစ္စတွေ ဒါတွေကို ဥပဒေက ခွင့်ပြုမထားပါဘူး။ ခွင့်ပြုမထားဘူး ဆိုတာမှာ နိုင်ငံတကာ ဥပဒေရော၊ ပြည်တွင်း ဥပဒေရော ခွင်ပြုထားတာ ကျနော်တို့ မတွေ့ရပါဘူး။ တစ်နည်းအားဖြင့် အဲ့ဒီဆောင်ရွက်မှုတွေသည် ပုံမှန်အားဖြင့် ပြောရရင်တော့ ဒါတွေက ရာဇသတ်ကြီးမှာပါတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခြင်းလို့ပဲ ကျနော်တို့ သတ်မှတ်လို့ ရပါတယ်"
ဒါဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ဥပဒေတွေအရ လူသားကိုဆန့်ကျင်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာကသိအောင် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ အနေနဲ့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သိရှိပြီးတော့ အကြမ်းဖက် စစ်ကောင်စီ ပြုပြင်ပြောင်းလဲ လာမလား ဆိုတဲ့ စိတ်ထားတွေ ပယ်ဖျက်အောင် တိုက်တွန်းတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ နိုင်ငံတကာကလည်း အခုဆိုရင် ကုလသမဂ္ဂရဲ့ တရားရုံးတွေကို နိုင်ငံကြီးတွေ ထောက်ခံတာ အားပေးတာ ဒါတွေ ရှိလာပါပြီ။ အဲ့တော့ ဒီအရှိန်လေးနဲ့ ဒီတွန်းအားလေးနဲ့ အရွှေ့ အပြောင်းလေးကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်ပါတယ်"
စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သိရှိပြီး ပြည်သူလူထုရဲ့ ခုခံမှု၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ဆက်လက်ရရှိလာမယ်ဆိုရင် ပြည်သူတွေရဲ့ အောင်မြင်မှုက မဝေးတော့ဘူးလို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့မှု့ကြောင့် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နေအိမ် အလုံးပေါင်း ၂၈,၄၃၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး အဲဒီအထဲမှာ မကွေးတိုင်း မှာ နေအိမ်အလုံးပေါင်း ၅၄၁၈ လုံးအထိ ရှိနေပါတယ်။