ကုလသမဂ္ဂမှာ မြန်မာပြောဆိုချက် ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူခေါင်းဆောင်တွေ တုံ့ပြန်
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အနေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂညီလာခံမှာ စက်တင်ဘာ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
-
ခင်မောင်စိုး
2020-10-01 -
-
-
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နယူးယောက်မြို့ ကုလသမဂ္ဂညီလာခံမှာ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ၂ နိုင်ငံ သဘောတူညီချက်တွေကို လိုက်နာဖို့လိုကြောင်း၊ AA နဲ့ ARSA၂ ဖွဲ့လုံး ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြောင်းနဲ့ ARSA အဖွဲ့ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ဟန့်တားနေကြောင်း စသဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဒ့ါအပြင် သူက ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ရင် အရေးယူမယ်လို့ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ICJ မှာ ပြောဆိုခဲ့သလို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်အရေးကို မီးလောင်ရာလေပင့်လုပ်ကြတဲ့အတွက် ငြိမ်းချမ်းရေးထိခိုက်ကြောင်း၊ အစိုးရအနေနဲ့ ရခိုင်ပြည်နယ် လူမှုအသိုင်းအဝန်းတွေအကြား သဟဇာတဖြစ်ဖို့နဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြောင်း၊ မြန်မာပြည်မှာ ကျည်ဆံတွေအစား မဲပြားတွေအပေါ်မှီခိုတဲ့ နိုင်ငံရေးစနစ်တခုကို တည်ဆောက်နိုင်ခဲဲ့ပြီဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရရှိမှာဖြစ်ကြောင်းစတဲ့ အချက်တွေပါဝင်ပါတယ်။
အခုလို ပြောကြားချက်တွေနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ဖို့လိုတယ်လို့ ဝေဖန်ပါတယ်။
“နေရပ်စွန့်ခွာထွက်သွားတဲ့ ဘင်္ဂါလီတွေကိစ္စက အစိုးရက စိစစ်ပြီးလက်ခံမယ် ဆိုတဲ့အပေါ်မှာ ရခိုင်တိုင်းရင်းသားတွေကလည်း ဒီလိုပဲရပ်တည်ပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ဘာမှပြဿနာမရှိဘူးလို့ ထင်ပါတယ်။ ကျနော်တို့အတွက် အရေးကြီးတဲ့ ပြဿနာက အခုလက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ AA နဲ့ တပ်မတော် အစိုးရတို့ကြားမှာ ငြိမ်းချမ်းရေးမရနိုင်အောင် နိုင်ငံရေးကို စစ်ရေးနဲ့ချဉ်းကပ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေတဲ့အပေါ်မှာ ကျနော်တို့ လက်ရှိ ရခိုင်တိုင်းရင်းသားတွေ ဒုက္ခရောက်နေပါတယ်။ စစ်ပြေးဒုက္ခသည်တွေ ၂ သိန်း ပတ်ဝန်းကျင် ရှိလာတယ်။ စားဝတ်နေရေး ကျပ်တည်းလာတယ်။ ကြားကပြည်သူတွေက သေကြ ကြေကြတယ်။ အနိဌာရုံတွေ အများကြီးရှိလာတယ်။ ဒီကိစ္စကို ကျနော်တို့က ဆွေးနွေးဖို့ အမြဲတမ်းတိုက်တွန်းတယ်။ ဒါပေမယ့် တပ်မတော်နဲ့ အစိုးရက ပိုပြီးတော့ AA အပေါ်မှာ ထိုးစစ်ဆင်မှုတွေများလာတယ်။ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ် ဆိုတော့ ငြိမ်းချမ်းရေးလမ်းကြောင်း နဲ့ ဝေးဝေးသွားတာပေါ့။ တခြားတိုင်းရင်းသားတွေနည်းတူ ဒီ AA အဖွဲ့ကို အစိုးရက ဘာလို့မဆက်ဆံနိုင်တာလဲ”
လန်ဒန်အခြေစိုက် BROUK မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် က -
“ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ မြန်မာနိုင်ငံက လိုက်နာခဲ့တာ မရှိဘူး။ ရှေ့ဆက်ပြီးတော့လဲ ပြင်းပြင်းထန်ထန်ဖိအားမပေးဘူးဆိုရင် အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်မှာ မဟုတ်ဘူး။ အဲဒီအတွက်နိုင်ငံတကာကနေ ဖိအားပေးဖို့ ပိုလိုပါလိမ့်မယ်။ နောက်ပြီးတော့လဲ စစ်တပ်ရော၊ စစ်တပ်နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေ၊ စစ်တပ်က ခေါင်းဆောင်ပိုင်းတွေကို အရေးယူဖို့ လိုပါတယ်”
ရန်ကုန်မြို့ရှိ ရခိုင်၊ ဟိန္ဒူကူညီထောက်ပံ့ရေးအဖွဲ့ ဦးဆောင်တာဝန်ခံ ဦးရာဂူနေမြင့် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေကို ရောက်ရှိခဲ့ပြီး အဲဒီမှာရှိတဲ့ ဟိန္ဒူလူမျိုး ၄ဝဝ ကျော် ပြန်လာခွင့်ရရှိရေးအတွက် တောင်းဆိုနေသူပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ခြင်း မရှိကြောင်းနဲ့ လူတချို့ကလည်း ဒုက္ခသည်တွေကို နေရပ်မပြန်အောင် ခြိမ်းခြောက်နေတယ်လို့ သူသိခဲ့ရကြောင်း ပြောပါတယ်။
“ဟိန္ဒူတွေပြန်ခွင့်ရဖို့အတွက် ဟိုဘက်(Bangladesh) က ဝန်ကြီးကိုရော အမြဲတမ်းအတွင်းဝန်ကိုရော ကျနော်တို့ တင်ပြခဲ့တာတွေရှိတယ်။ ဒါပေမဲ့ သူတို့က ဘယ်သူ့ကိုမှ ဦးစားပေးတာမရှိဘူးပေါ့နော် အဲလိုပုံစံပြောတာရှိတယ်။ အဲဒီ့အပြင် ဟိုဘက်မှာရှိတဲ့ ကျနော်တို့နဲ့ ဘာသာကွဲတဲ့သူတချို့ကလည်း ဒီဟာက မွတ်စလင်တွေနဲ့အဓိက ဖြစ်တဲ့ ပြဿနာ ပြန်မဲ့ပြန် မွတ်စလင်တွေသာ အဓိက ဦးစားပေးရမှာဖြစ်တယ်။ မင်းတို့က ဘာကြောင့် အရင်ပြန်ရမှာလဲ။ မင်းတို့ အရမ်းပြန်ချင်နေလား ပြန်ချင်ရင် မင်းတို့တွေ့မယ် ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ နောက်တခုက ကျနော်တို့ အဲဒီ ဒုက္ခသည်စခန်းရောက်တဲ့အခါမှာ မွတ်စလင်ဒုက္ခသည်တွေနဲ့ သွားတွေ့တယ်။ အဲဒီနေရပ်ရှောင် အဲဒီရောက်နေတဲ့ထဲက တချို့ volunteer လုပ်နေတဲ့ ကလေးတွေဆို ကျနော့်ကိုဘာပြောလဲဆိုတော့ “ဒီမှာနေရတာလဲ မလွတ်လပ်ဘူး။ အကျဉ်းကျနေတဲ့အတိုင်းပဲ။ မြန်မာပြည်ကိုအရမ်းပြန်ချင်တာပဲ။ ဒါပေမဲ့ ပြန်ဖို့ဆိုတဲ့စကားကိုမပြောရဲဘူး ကြောက်တယ်” အဲလိုကိုပြောတာ”
ဝန်ကြီး ဦးကျော်တင့်ဆွေ ရဲဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen အဗ်ဒူမိုမင် က ARSA နဲ့ AA အဖွဲ့တွေကို သူတို့ ခိုလှုံခွင့်ပေးထားတယ်ဆိုတာ မဟုတ်မမှန်ကြောင်းနဲ့ ဒါဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို ကြန့်ကြာအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။