မြန်မာနိုင်ငံမှာ သတင်းသမား ၄၃ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၈၇ ဦးရှိခဲ့ပြီး အဲဒီအထဲ ၄၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် သတင်းသမား ၄၃ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
-
နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021-07-15 -
-
-
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အချိန် ငါးလကျော်အတွင်း စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ သတင်းသမားပေါင်း ၈၇ ဦးအထိ ရှိခဲ့ပါတယ်။
RFA က စုံစမ်းသိရတဲ့စာရင်းတွေအရ ဒီအထဲက ၃၁ ဦးကို အစောပိုင်းမှာ ပြန်လွှတ်ပေးခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီက အကျဉ်းသား ၂၃၀၀ နဲ့အတူ ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာလည်း သတင်းထောက် ၁၄ ဦး ပါဝင်တာကြောင့် ဇွန်လ ၃၀ ရက်နေ့အထိ ပြန်လွတ်လာတဲ့ သတင်းသမား ပေါင်းဟာ ၄၅ ဦးအထိ ရှိခဲ့ပါတယ်။
ဒါပေမဲ့ လွတ်မြောက်လာသူ ၁၄ ဦးထဲက Ayeyarwaddy Times သတင်းဌာနရဲ့ မအူပင် သတင်းထောက် ကိုအောင်မြသန်းကို ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီက ဒုတိယအကြိမ်ထပ်မံ ဖမ်းဆီးသွားခဲ့တာကြောင့် လက်ရှိအချိန်အထိ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမား ၄၃ ဦး ကျန်နေသေးတာ ဖြစ်ပါတယ်။
သတင်းသမားတွေ အများဆုံး တရားစွဲခံထားရတာက တပ်မတော်ကို အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လဝကအက်ဥပဒေ၊ မတရားအသင်းဆက်သွယ်တဲ့ဥပဒေပုဒ်မ၊ အာဏာပိုင်က ထုတ်ပြန်ထားတဲ့အမိန့်ကို ဖီဆန်တဲ့ ဥပဒေပုဒ်မနဲ့ သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မ စတဲ့ ဥပဒေပုဒ်မတွေလည်း ပါဝင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတာဟာ လုံးဝမဖြစ်သင့်ဘူး လို့ သတင်းသမားတွေ ဖမ်းဆီးတရားစွဲဆိုခံရတာတွေကို စာရင်းပြုစုနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေသူတစ်ယောက်က RFA ကိုပြောပါတယ်။
“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုကာလမျိုးမှာပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ကိစ္စက မဖြစ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ အခု နိုင်ငံရေး အခြေအနေကလည်း မတည်ငြိမ်ဘဲနဲ့ ပဋိပက္ခတွေ အများကြီးဖြစ်နေတာရှိတယ်။ အခုဆိုလို့ရှိရင် တစ်ကမ္ဘာလုံးကြုံနေရတဲ့ ကပ်ရောဂါရဲ့ဒဏ်ကို အခုဆိုရင် တတိယလှိုင်း အဖြစ်ခံနေရတာတွေရှိတယ်၊ ဆိုတော့ အဲဒီလိုအခြေအနေမျိုးမှာ သတင်းစာဆရာတွေ သတင်းထောက်တွေကပဲ ကျွန်တော်တို့ရဲ့ ခိုင်လုံတဲ့ အများပြည်သူအတွက် အကျိုးရှိတဲ့ အချက်အလက်တွေအားလုံးကို သတင်းစာဆရာတွေကပဲ မှားနေတဲ့အရာတွေကို ပြင်ပေးနိုင်တယ်။ သတင်းစာဆရာတွေကို အခုလို ဖမ်းဆီးအရေးယူ ထိန်းသိမ်းတဲ့ ကိစ္စဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးစေပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့ဟာက ပြည်သူ့ အကျိုးစီးပွားကို ထိပါးတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ သတင်းစာဆရာတွေကို အရေးယူတဲ့ဟာ အားလုံးကို ပြန်လည်သုံးသပ်ဖို့လိုတယ်ပေါ့။ ဆိုးတဲ့ကိစ္စတစ်ခုက ဘာလဲဆိုတော့ သတင်းစာဆရာတွေကို Crime ပေါ့နော် ရာဇဝတ်မှုတွေနဲ့ တရားစွဲတဲ့ကိစ္စဗျ အင်မတန်ရုပ်ဆိုး အကျည်းတန်တဲ့ အခြေအနေမျိုး ဖြစ်တယ်”
ဒါ့အပြင် နောက်ထပ် သတင်းသမား ၂၆ ဦးဟာ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးရှောင်ပုန်း နေကြရသလို အခြား သတင်းသမား အများအပြားဟာလည်း ဖမ်းဝရမ်းထုတ်ခံရတာမရှိပေမယ့် စစ်ကောင်စီ တပ်သားတွေ က သတင်းသမားတွေရဲ့နေအိမ်တွေအထိ လာရောက်ရှာဖွေလို့ ထွက်ပြေးနေကြရတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတာ၊ ပြန်လည်လွတ်မြောက်လာသူနဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ သတင်းထောက် အားလုံးဟာ ပြည်တွင်းပြည်ပက သတင်းမီဒီယာပေါင်း ၄၉ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့တဲ့ သတင်းထောက် တွေဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) ရဲ့ အလွတ်တန်း သတင်းထောက်တစ်ဦး အပါအဝင် DVB သတင်းထောက် လေးဦးနဲ့ သီခြားအလွတ်တန်း သတင်းထောက်တစ်ဦး စုစုပေါင်း ငါးဦးဟာ ထောင်ဒဏ် တစ်လကနေ ထောင်ဒဏ် သုံးနှစ်အထိ အသီးသီး ချမှတ်ခံထားရပါတယ်။
ပြည်မြို့မှာ သတင်းယူနေရင်း ရိုက်နှက်ဖမ်းဆီးခဲ့ရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရတဲ့ DVB သတင်းထောက် ကိုမင်းညို ရဲ့ ဇနီးဖြစ်သူ ဒေါ်မိုးမိုးက သူ့အမျိုးသားမှာ ဘာအပြစ်မှမရှိတာကြောင့် ပြန်လွတ်စေချင်တယ်လို့ RFA ကို ပြောပါတယ်။
“တကယ်တမ်းတော့ လွတ်စေချင်တာပေါ့နော်၊ ကိုမင်းညိုတို့က သတင်းထောက်အနေနဲ့ ဖမ်းသွားတာ၊ သူတို့ကိုသတင်းထောက်ကတ်လည်း ပြတယ်၊ နောက်ပြီးတော့ အဲဒီအချိန်မှာ သူတို့ရဲ့သတင်းဌာနကလည်း မပိတ်ရသေးဘူး။ သူ့ကို အဖမ်းခံရတဲ့အချိန်မှာ လွှင့်နေဆဲပဲ၊ အဲဒါကိုဖမ်းတယ်။ နောက်ပြီးတော့လည်း ရိုက်နှက်ဖမ်းဆီးသွားတယ်။ အဲဒါကိုလည်း သူတို့က အပြင်းထန်ဆုံးအပြစ်ဒဏ် သုံးနှစ်ချပစ်လိုက်တယ်၊ တကယ်တမ်းကျတော့ သူ့မှာက လုံးဝအပြစ်မရှိဘူး။ သူ့မှာရိုက်ထားတဲ့ဟာတွေ အကုန်လည်းပဲကြည့်တော့ ဘာတစ်ခုမှ သူ့ကိုအရေးယူစရာမရှိဘူး။ အဲဒီတော့ အခုလိုမျိုး လွှတ်ပေးကြတဲ့အချိန်မှာ ကိုယ့်ရဲ့ အမျိုးသားကို လွတ်စေချင်တာပေါ့နော်၊ ဒါပေမဲ့လည်းပဲ ပြည် ထောင်မှာရှိတဲ့ ကိုမင်းညို အပါအဝင် ကျန်တဲ့ သတင်းထောက်တွေအားလုံး တစ်ယောက်မှ လွတ်တဲ့အထဲမပါဘူး၊ လွှတ်မပေးဘူး။ နောက်ပြီးတော့လည်း အထဲမှာလည်း သူတို့က တင်းတင်းကျပ်ကျပ်ထားတယ်လို့လည်း ပြောတယ်”
ဖမ်းဆီးခံရပြီးချိန်ကတည်းက ထောင်ချခံရတဲ့အထိ အချိန် လေးလကျော်အတွင်း မိသားစုအနေနဲ့ တစ်ကြိမ်မှ တွေ့ခွင့်မရသေးတာကြောင့် သူ့အမျိုးသားရော မြန်မာတစ်နိုင်ငံလုံးက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရော အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ဒေါ်မိုးမိုးက ဆိုပါတယ်။
ဖမ်းဆီးခံရစဉ်က ရိုက်နှက်နှိပ်စက်ခံရတာ၊ ရဲစခန်းနဲ့ စစ်ကြောရေးစခန်းမှာ ရိုက်နှက်စစ်ကြောခံရတာအပြင် အကျဉ်းထောင်တွေထဲမှာလည်း မတရားခိုင်းစေခံရတာ၊ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်လို့ ပြန်လွတ်လာတဲ့ သတင်းထောက်တွေက ပြောပါတယ်။
"ပိုက်ဆံပေးရင် အလုပ်ကြမ်း မလုပ်ရဘူး"
အင်းစိန်အကျဉ်းထောင်ထဲမှာလည်း တပ်မတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီး တရားစွဲထားသူတွေကို နှိမ့်ချပြီး ခြားဆက်ဆံတာတွေ ကြုံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်း စမ်းချောင်းမြို့နယ်မှာ သတင်းယူရင်း ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်ကမှ ပြန်လွတ်လာတဲ့ အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်းက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့က တရားရုံးကနေ တရားဝင် ပြစ်ဒဏ်ကျခိုင်းလိုက်တဲ့ တရားခံတွေလည်း မဟုတ်သေးဘူး။ ပြစ်ဒဏ်ကျရင်ထားဦး ကျွန်တော်တို့က အလုပ်ကြမ်းမပါတဲ့ နိုင်ငံရေးသမားတွေဖြစ်တယ်၊ လူဆိုးသူခိုး လည်း မဟုတ်ဘူး၊ ဓားပြလည်းမဟုတ်ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့ကို ပုံစံမထိုင်တာနဲ့ ပတ်သက်ပြီးတော့ ပြစ်ဒဏ်ပေးတယ်။ သူခိုးဂျပိုးတွေနေတဲ့နေရာက ကျွန်တော်တို့ ၅၀၅(က) တွေထားတဲ့ တရားစခန်းထက် အများကြီးသာတာ တွေ့ရတယ်၊ ရေအဝ ချိုးရတယ် ကန်ထဲက ကြည်စိမ့်နေတာပဲ၊ အိမ်သာတွေကိုလည်း သန့်သန့်ရှင်းရှင်း ထားကြတယ်၊ Water Cooler တွေရှိတယ်၊ ပန်ကာတွေရှိတယ်။ ဟိုဘက်မှာကျတော့ ပန်ကာလည်း မရှိဘူး၊ တီဗွီလည်း မရှိဘူး၊ ကိုယ့်ဘာသာ အားလုံး ဝယ်တပ်ရတာတွေ ချည်းပဲ၊ ရေလည်း ကောင်းကောင်း မချိုးရဘူး၊ ပေါင်းနှုတ်လည်းလုပ်နေရတယ်။ သူတို့မှာတောင်မှ ဘောင်ချာစုတ်လို့ရှိရင် ဘောင်ချာစုတ်တယ်ဆိုတာက ပိုက်ဆံပေးရင် အလုပ်ကြမ်း မလုပ်ရဘူး”
ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ သုံးနှစ် ချမှတ်ခံလိုက်ရတဲ့ သတင်းထောက်တွေကိုတော့ ဦးစားပေးပြီး အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့ ကိုစိုးရာဇာထွန်းက ဆိုပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးမကြာခင်မှာပဲ ဒီဗွီဘီသတင်းဌာန၊ မဇ္ဇျိမသတင်းဌာန၊ မြစ်ကြီးနားဂျာနယ်၊ တာချီလိတ်သတင်းအေဂျင်စီ၊ ဆဲဗင်းဒေး၊ မြန်မာနောင်း၊ ခေတ်သစ်နဲ့ The 74 Media စတဲ့ သတင်းမီဒီယာ ရှစ်ခုကိုလည်း သတင်းလုပ်ကိုင်ခွင့် လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သတင်းဌာနတွေကို ပိတ်သိမ်းပြီး သတင်းသမားတွေကို မတရား ဖမ်းဆီး တရားစွဲနေတာဟာ သူတို့ရဲ့ အမှန်တကယ်ဖြစ်နေတာကို လူသိမခံရဲတာကြောင့်လို့ တာချီလိတ် သတင်း အေဂျင်စီ တည်ထောင်သူ တာဝန်ခံအယ်ဒီတာ မချယ်ရီထိုက် က ပြောပါတယ်။
“ကျွန်မတို့ သတင်းသမားအလုပ်ဆိုတာက မြေပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကိုယ်တွေ့တဲ့ အတိုင်းပဲ အများပြည်သူကို ပြောပြကြတာပေါ့နော်။ ဒီလိုပြောနေတဲ့ ကျွန်မတို့ သတင်းသမားတွေ သတင်းဌာနတွေကို အခုလို မတရားစွပ်စွဲပြီး ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲနေတယ်ဆိုတာက အာဏာသိမ်း အဖွဲ့အနေနဲ့ သူတို့ဘာလုပ်နေတယ်ဆိုတာကို လူသိမခံရဲလို့ အမှန်တကယ်ဖြစ်နေတာတွေကို ဖုံးကွယ်ပြီးတော့ လိမ်ညာဝါဒဖြန့်ချင်လို့ သူတို့လုပ်နေတာပေါ့နော်။ ဒီသတင်းသမားတွေကို ဖိနှိပ်ပြီး အများပြည်သူရဲ့ သတင်းအချက်အလက် သိပိုင်ခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားနေတာဟာ အများမြင်တဲ့ အတိုင်းပါပဲ။ အာဏာသိမ်းအဖွဲ့က သတင်းသမားတွေကို သတင်းအလုပ်တွေကို လုပ်လို့မရအောင် ပိတ်ပင်နေပေမယ့် အများပြည်သူရဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ကျွန်မတို့ သတင်းသမားတွေ ဒီကာလမှာ ရလာပါတယ်။ ဒါလေးက ကျွန်မတို့ အလုပ်ဆက်ပြီးလုပ်ဖို့ရာအတွက် အားတစ်ခုလည်း ဖြစ်လာပါတယ်ရှင့်”
သူကိုယ်တိုင်လည်း ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် ရှောင်တိမ်းပြီး သတင်းတွေ ဆက်လက်ထုတ်လုပ်နေရသလို ကိုယ့်လုံခြုံရေးအပြင် အချိန်မရွေး အန္တရာယ်ရှိလာနိုင်တဲ့ သတင်း အရင်းအမြစ်ရဲ့ လုံခြုံရေးကိုပါ အများကြီး ထည့်သွင်း စဉ်းစားနေရတာကြောင့် အခက်အခဲတွေ ရှိနေတယ် လို့လည်း မချယ်ရီထိုက်က ဆိုပါတယ်။
သတင်းရိုက်ကူးရယူနေချိန်မှာ ဖမ်းဆီးခံခဲ့ရသူတွေရှိသလို သတင်းထောက်တွေရဲ့နေအိမ်တွေကို ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေလည်းရှိလို့ တစ်နေရာကနေ တစ်နေရာ ရွှေ့ပြောင်းနေကြရတာကြောင့် ကုန်ကျစရိတ်တွေ များစွာနဲ့ ဒုက္ခရောက်နေသူတွေလည်းများစွာ ရှိပါတယ်။
ဒီမိုကရေစီအခွင့်အရေးတွေနဲ့ လွပ်လပ်စွာသတင်းရေးသားထုတ်ဝေခွင့်တွေ မရှိတော့တာကြောင့် အဖမ်းခံရတာနဲ့ အဖမ်းမခံရတာ ဘာမှကို မကွာခြားတော့ဘူးလို့ Delta News Agency ရဲ့ အယ်ဒီတာချုပ် ကိုစိုးရက RFA ကို ပြောပါတယ်။
“အရင်လိုမျိုးပြန်ပြီးတော့ လွတ်လွတ်လပ်လပ် သတင်းယူဖို့ လွတ်လပ်စွာ သတင်းရေးသားခွင့် လွတ်လပ်စွာ သတင်းမေးခွင့်ဆိုတာထက်ကို သတင်းထောက်တွေရဲ့လုံခြုံရေးက အာဏာသိမ်း ကာလ မှာတော့ ဘယ်လိုမှကို အာခံမချက်ရှိမယ့် အခြေအနေမျိုး မမြင်ဘူးပေါ့နော်။ သတင်းထောက်တွေက အဖမ်းခံရတာနဲ့ အဖမ်းမခံရတာနဲ့လည်း တကယ်ကျတော့ သိပ်ပြီးတော့ မထူးတော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ဒီမိုကရေစီ လူ့ဘောင်အဝန်းအဝိုင်းမှာရှိနေတဲ့ သတင်းထောက်တွေရဲ့ရပိုင်ခွင့်တွေ၊ သတင်းရယူခွင့်တွေ နောက်ပြီးတော့ သတင်းတင်ဆက်ပိုင်ခွင့်တွေ၊ အကုန်လုံးဆုံးရှုံးတာပေါ့။ အဲဒီတော့ အပြင်မှာရောက်နေတဲ့ သတင်းထောက်တွေကိုယ်တိုင်ကလည်း သတင်းတင်ဆက်ဖို့ထက် လုံခြုံရေးကို ပိုဂရုစိုက်ရတယ်၊ ကျွန်တော်တို့ ဒီအသက်မွေးရတဲ့ ကဏ္ဍကြီးက အရမ်းကို ခက်ခဲပြီးတော့ အရမ်းကို ဆိုးရွားသွားတယ်၊ တကယ့်ကို လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ တွက်ကြည့်ရင် ဘာမှမကျန်တော့ဘူး၊ အထဲမှာ ကျန်ခဲ့တဲ့ သတင်းထောက်တွေရဲ့ရပိုင်ခွင့်တွေ သူတို့ရဲ့ အထဲမှာ နေထိုင်ရတဲ့ အခြေအနေတွေ ကိုလည်း ကျွန်တော်တို့က အရမ်းစိုးရိမ်တယ်”
သတင်းထောက်အစစ်တွေဟာ လွတ်လပ်ခွင့်မရှိ၊ အာမခံချက်မရှိတဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို သွားပြီး သတင်းမယူတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ သတင်းထောက်အစစ် မဟုတ်သူတွေနဲ့ ရှင်းလင်းပွဲလုပ်ပြီး သတင်းမီဒီယာကဏ္ဍကိုပါ ပုံဖျက်ခံရတာတွေ ကြုံနေရတယ်လို့လည်း ကိုစိုးရက ဆိုပါတယ်
စစ်ကောင်စီဟာ သတင်းထောက်တွေကို ဖမ်းဆီးတရားစွဲဆိုတာနဲ့ သတင်းဌာနတွေကို ရပ်ဆိုင်းအောင် ပိတ်ပစ်တာအပြင် သတင်းစာရှင်းလင်းပွဲလုပ်တိုင်းလည်း စစ်ကောင်စီကို မထောက်ခံတဲ့ သတင်းဌာနတွေကို အမြဲ အပြစ်တင်စွပ်စွဲတာတွေ ရှိနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဗစ်-၁၉ ကြောင့် လူတွေ သေဆုံးနေတဲ့အပေါ် မီဒီယာတွေကို စွပ်စွဲ အပြစ်တင်ခဲ့ပါသေးတယ်။
“ဒီလေလှိုင်းပေါ်ကနေ မမှန်မကန်တွေကို ကျင့်ဝတ်နဲ့မညီ ပြောဆိုနေသလို ကျင့်ဝတ်နဲ့မညီတဲ့ မီဒီယာတွေနဲ့ ပေါင်းပြီးတော့ကျ ဒါတွေဟာ လူသတ်နေတာပဲလို့ ကျွန်တော်တို့ ပြောချင်ပါတယ်”
စစ်ကောင်စီဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒုဝန်ကြီးခန့်ပြီးနောက် ပြီးခဲ့တဲ့ အစိုးရလက်ထက်က သတင်းမီဒီယာကောင်စီအဖွဲ့ဝင် အားလုံးနီးပါး နုတ်ထွက်သွားကြတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ယာယီပြန်လည်ဖွဲ့စည်းခဲ့ပြီး သတင်းရယူတဲ့အပိုင်းကို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်နေတာကြောင့် အခြေအနေ ပိုဆိုးလာခဲ့တယ်လို့လည်း သတင်းသမားတွေက ထောက်ပြကြပါတယ်။
"ဒီအခြေအနေအတိုင်း သွားရင်တောင် ရေရှည်မှာ တောင့်ခံနိုင်မယ့် မီဒီယာအရေအတွက်က ထပ်ပြီးလျော့သွားနိုင်တယ်"
လက်ရှိသတင်းမီဒီယာကောင်စီဟာ မီဒီယာလွတ်လပ်ခွင့်ရော၊ ကျင့်ဝတ်အကြောင်းရော နားလည်မှာ မဟုတ်တာကြောင့် ဒီအတိုင်းဆက်သွားရင် မီဒီယာလုပ်ငန်းတွေ တောင့်မခံနိုင်တော့ဘဲ ၂၀၁၀ ရှေ့ပိုင်းကို ပြန်ရောက်သွားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ကနေ နုတ်ထွက်လိုက်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။
“သတင်းမီဒီယာကောင်စီက မလွတ်လပ်တော့ဘူးပေါ့နော်၊ လက်ရှိ စစ်ကောင်စီအစိုးရနဲ့ In line ဖြစ်သွားတဲ့ သဘောပေါ့နော်။ သတင်းမီဒီယာကောင်စီက သတင်းမီဒီယာ လွတ်လပ်ခွင့်အကြောင်းလည်း နားလည်မှာမဟုတ်ဘူး။ ကျင့်ဝတ်ဆိုတဲ့ဟာကလည်း သူတို့ဖွင့်ဆိုတဲ့ဟာနဲ့ အများစုက နားလည်တဲ့ဟာနဲ့ ကွဲလွဲနေမှာပဲ၊ ဆိုတော့ နံပါတ်တစ်က မလွတ်လပ်တော့ဘူး၊ နံပါတ်နှစ်က သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ကျင့်ဝတ်ဆိုတဲ့ Professionalism ကိုကိုယ်စားပြုမယ့် ဖော်ဆောင်မယ့် အဖွဲ့အစည်းလိုမျိုး မဟုတ်တော့ဘူး။ အခုလည်း တော်တော်ကို ဆိုးရွားနေပြီပေါ့နော်၊ ဒီအခြေအနေအတိုင်း သွားရင်တောင် ရေရှည်မှာ တောင့်ခံနိုင်မယ့် မီဒီယာအရေအတွက်က ထပ်ပြီးလျော့သွားနိုင်တယ်ပေါ့။ ဒီထက်ပိုပြီး ဖမ်းတယ်၊ ဆီးတယ် ဒီထက်ပိုပြီး ပိတ်တယ်ဆိုရင်တော့ ပိုဆိုးလိမ့်မယ်ပေါ့နော်၊ အဲဒီလိုဆိုတော့ ၂၀၁၀ မတိုင်ခင်က အခြေအနေမျိုးတွေကို ကြာလေ အဲဒီအနေအထားမျိုးကို ပြန်ပြီးတော့ ဦးတည်သွားတဲ့ဟာမျိုး ဖြစ်လိမ့်မယ်ပေါ့နော်"
သတင်းသမားတွေကို ဖမ်းဆီးနေတာတွေကလည်း မြေပြင်သတင်းတွေကို မဖော်ပြနိုင်အောင်နဲ့ သတင်းမီဒီယာတွေ ရပ်နားသွားအောင်လုပ်တဲ့ စစ်ကောင်စီရဲ့ နည်းဗျူဟာဖြစ်တာကြောင့် အာဏာသိမ်းပြီး နောက်ပိုင်း အွန်လိုင်းသတင်းဌာန ၄၀ နီးပါးလောက် ရပ်နားသွားခဲ့ရတယ်လို့ ဦးမြင့်ကျော်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အချိန်ထိ ပုံနှိပ်လုပ်ငန်းအတွက် ၁၆၆၇ ယောက်၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် ၂၉၇၁ ယောက်နဲ့ သတင်းအေဂျင်စီ လုပ်ငန်းအတွက် ၃၃၈ ယောက် စုစုပေါင်း ၄၉၇၆ ယောက်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ဖမ်းဆီးခံခဲ့ရတဲ့အထဲ နိုင်ငံခြားသား သတင်းသမားတွေလည်း ပါဝင်နေပြီး တောင်ကြီးမှာ အဖမ်းခံရတဲ့ ပိုလန်နိုင်ငံသား Robert Bociaga၊ ရန်ကုန်မြို့မှာ နှစ်ကြိမ် အဖမ်းခံရတဲ့ ဂျပန်နိုင်ငံသား အလွတ်တန်းသတင်းထောက် Yuki Kitazumi နဲ့ စစ်ကြောရေးမှာ အပြင်းအထန် နှိပ်စက်ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ အမေရိကန်နိုင်ငံသား ကိုနေသန်မောင် တို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ မေလ ၂၄ ရက်နေ့က မလေးရှားနိုင်ငံကိုသွားဖို့ လေယာဉ်ပေါ်မတက်ခင်မှာ အဖမ်းဆီးခံခဲ့ရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Daniel Fenster အပါအဝင် သတင်းထောက် ၄၃ ယောက်ကိုတော့ ဒီနေ့အချိန်အထိ ပြန်မလွှတ်ပေးသေးဘဲ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်မှု အညွှန်းကိန်းအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ(NLD) အစိုးရ လက်ထက် ၂ဝ၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုဟာ အဆင့် ၁၃၁ နေရာမှာရှိနေရာကနေ ၂ဝ၁၈ မှာ ၁၃၇ ၊ ၂ဝ၁၉ မှာ ၁၃၈ ၊ ၂ဝ၂ဝ မှာ အဆင့် ၁၃၉ နဲ့ အခု ၂၀၂၁ စစ်ကောင်စီလက်ထက်မှာတော့ အဆင့် ၁၄၀ အထိ ဆက်တိုက်ကျဆင်းသွားခဲ့ပါတယ်။
RSF က အခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကြီးအကျယ် ဖိနှိပ်နှိမ်နှင်းတဲ့ ခေါင်းဆောင် ၃၇ ယောက်ထဲမှာလည်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့အတူ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ အတူပါဝင်ရပ်တည်နေပါတယ်။