၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ့်အခြေအနေ မရှိကြောင်း လေ့လာသူတွေပြော

၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ့်အခြေအနေ မရှိဘူးလို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့ပြီး တွေ့ရစဉ်။ AFP

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် (UEC) က မှတ်ပုံပြန် တင်တဲ့ ပါတီ ၅၀ ကို လက်ခံတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းတာတွေ လုပ်နေပေမယ့် အခု ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ့်အခြေအနေ မရှိဘူးလို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

"ဒီအသွင်အပြင်အနေအထားအရ ရွေးကောက်ပွဲကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ နည်းတယ်”

လုံခြုံရေးအရရော အသစ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရပါ ၂၀၂၃ ခုနှစ်ထဲ မှာ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးက ခန့်မှန်းပါတယ်။

“သူ့ရဲ့ နိုင်ငံရေးအခင်းအကျင်း အရတော့လည်း ဒီနှစ်ထဲမှာ ဘယ်လိုမှ လုပ်နိုင်တဲ့ အနေအထား မရှိဘူး။ သူကိုယ်တိုင် (စစ်ကောင်စီဥက္ကဋ္ဌ) ကလည်း တည်ငြိမ်ရေးကိစ္စ ထုတ်ပြောလာတာ ရှိတယ်။ နောက်ပြီးတော့ နေရာစုံ ကျင်းပနိုင်ဖို့ဆိုတာမျိုးလည်း ပြောထားတော့ နိုင်ငံရေး အခင်းအကျင်း အရရော၊ ဥပဒေအသစ် ပြဋ္ဌာန်းချက်အရရော နှစ်ခုစလုံးအရ မဖြစ်နိုင်ဘူးလို့ထင်တယ်”

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေး လိုအပ်တယ်လို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ခုံခံမှုတွေကို ကြုံနေရတာကြောင့်လည်း အခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်ဖို့ဆိုတာ ဖြစ်နိုင်ခြေ မရှိဘူးလို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။

အသစ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးများပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရလည်း နောက်ခြောက်လအတွင်း ပါတီရုံးခွဲတွေ ဖွင့်ဖို့၊ ပါတီဝင်တွေကို စည်းရုံးဖို့ဆိုတာမျိုး ပါဝင်နေတာကြောင့် အခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ဖို့ ဖြစ်နိုင်ခြေ အတော်နည်းတယ်လို့ ရွေးကောက်ပွဲဝင်ဖို့ ပြန်လည်မှတ်ပုံတင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေး က RFA ကို ပြောပါတယ်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ သုံးလပိုင်းအကုန်မှာ နောက်ဆုံး တင်ရတယ်။ နောက်ထပ် သုံးလမှာ ပါတီဝင်အင်အားတစ်သိန်းကျော် စည်းရုံးရမယ်။ နောက်ထပ်သုံးလမှာ ပါတီရုံးခွဲတွေ ဖွင့်ရမယ် ဆိုတော့ ကိုးလပိုင်းအထိပေါ့။ အဲဒီလတွေအထိလောက်က နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာ၊လိုအပ်တဲ့ ပါတီဝင်အင်အား စုတာ၊ ရုံးခန်းဖွင့်တာတွေ အချိန်ပေးထားတာပေါ့။ ကိုးလပိုင်း ဟိုဘက်ဆိုရင် သုံးလပဲရှိတော့တယ်။ သုံးလအတွင်းမှာ မဲဆွယ်ကာလကလည်း ပေးရဦးမှာ။ PR စနစ်ဖြစ်တဲ့အတွက် သုံးလပဲပေးမယ်ဆိုရင်လည်း ရတော့လည်း ရတာပေါ့လေ။ ၂၀၂၃ အကုန်မှာ ကျင်းပမယ်ဆိုလည်း ရနိုင်ခြေရှိပေမယ့် ကျနော့်အမြင်ကတော့ ကျင်းပနိုင်ခြေ နည်းတယ်လို့ ထင်တယ်။ ၂၀၂၄ ထဲ ရောက်သွားနိုင်တယ်”

ပြည်သူ့ရှေ့ဆောင်ပါတီဟာ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ဦးဆောင်တဲ့ ပါတီဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ပြိုင်ခဲ့ပေမဲ့ တစ်နေရာမှ အနိုင်မရခဲ့ ပါဘူး။ လက်ရှိမှာတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲသစ်ကို နိုင်ငံတစ်ဝန်းမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့ပါတီကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံပြန်တင်ထား ပါတယ်။

အခုချိန်ထိ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကို အတိအကျ မထုတ်ပြန်သေးတာကြောင့် ဒီနှစ်ကုန်တဲ့အထိ ရွေးကောက်ပွဲလုပ်ဖို့ မသေချာဘူးလို့ ပြည်သူ့ပါတီရဲ့ အတွင်းရေးမှူး (၂) ဦးကျော်လင်းက ပြောပါတယ်။

“ပါတီဝင်တစ်သိန်း စည်းရုံးရမယ့် ကိစ္စတွေ၊ ပါတီရုံးခန်းဖွင့်ဖို့ကိစ္စတွေ အနည်းဆုံး ခြောက်လလောက် ကြာနိုင်တယ်။ ဒါ့ကြောင့် ခန့်မှန်းခြေတော့ ကျနော်တို့ စဉ်းစားချက်အရတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင်ကလည်း ဘာမှမပြောသေးတော့ ၂၀၂၃ မှာ ထူးထူးခြားခြား ဖြစ်လာနိုင်မယ်လို့ မထင်မိဘူး”

ရန်ကုန်တိုင်းတစ်တိုင်းတည်းမှာပဲ ဝင်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနု ကတော့ လုံခြုံရေး အခြေအနေတွေကြောင့် ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ ခန့်မှန်းရခက်တယ်လို့ RFA ကို ပြောပါတယ်။

“မပြောတတ်ဘူး။ အခုပဲ ဒီနှစ်ကလည်း မတ်လထဲ ရောက်နေပြီ။ တစ်လ တစ်လ ကလည်း ကုန်တာမြန်တယ်လေ။ ဒီနှစ်ထဲပဲ ကျင်းပမလားဆိုတာ မပြောနိုင်ဘူး။ အမှန်ဆိုရင်တော့ ဒီနှစ်ထဲ ကျင်းပလိုက်ရင်တော့လည်း ကောင်းတယ်။ ပြည်သူတွေ အတွက်ကိုလည်း ကျမတို့ ကြည့်ရဦးမယ်။ ပြည်သူတွေက မဲထွက်ပြီးပေးဖို့ သူတို့မှာ လုံခြုံရေးအနေအထား ဘယ်လိုရှိနိုင်မလဲ ဆိုတာပေါ့။ အဲဒါကတော့ စစ်ကောင်စီအနေနဲ့ တာဝန်ယူရမှာပေါ့လေ”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မတ်လ ၂၈ ရက်အထိ စာရင်းအရ စုစုပေါင်း နိုင်ငံရေးပါတီ ၉၀ ရှိတဲ့အနက် ပါတီ ၅၀ က မှတ်ပုံပြန်တင်ထားပြီး နောက်ထပ် နိုင်ငံရေးပါတီ ၁၃ ခုလည်း မှတ်ပုံပြန်တင်ထားပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးဆောင်တဲ့ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့မယ်ဆိုရင် လက်ရှိအချိန်ထိ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၆၃ ခု ရှိနေပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံပြန်မတင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဖျက်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီက အတုယောင် ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးစားနေပေမယ့် လက်တွေ့ဖြစ်လာမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

“ရွေးကောက်ပွဲ အတုအယောင်တစ်ခုကနေပြီးတော့ သူ့အတွက် နိုင်ငံရေးထွက်ပေါက် တစ်ခု ရှာဖို့ဆိုတာ အခက်အခဲရှိမယ်လို့ မှန်းဆထားပုံရပါတယ်။ နောက်တစ်ချက်က လုံးဝအုပ်ချုပ်ခွင့် မရဆိုတဲ့ လူထုရဲ့ဆန့်ကျင်မှု၊ လူထုရဲ့ ခုခံကာကွယ်မှုတွေလည်း ရင်ဆိုင်နေရတယ်။ အဲဒီအတွက် ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ မြေပြင်အခြေအနေအရ ခွင့်ပြုမထားဘူး။ ဒါ့ကြောင့် ရွေးကောက်ပွဲကို ရွှေ့ကောင်းရွှေ့သွားနိုင်ပါတယ်”

NLD ပါတီကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက် ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကနေ အတည်ပြုခဲ့ပါတယ်။

အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

ရွေးကောက်ပွဲကို ဘယ်အချိန်မှာပဲလုပ်လုပ် စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“ရွေးကောက်ပွဲ စနစ်ပေါ့နော် အခုလက်ရှိစနစ်က ကျိန်းသေတာတစ်ခုကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး။ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေအရလည်း မမျှတဘူး။ ပြီးရင် လုပ်တဲ့အနေအထား၊ ဦးဆောင်တဲ့သူရဲ့ နိုင်ငံရေးအရ အကျိုစီးပွားနဲ့ ပဋိပက္ခတွေ ရှိနေတယ်။ ဒီအသွင်အပြင်အနေအထားအရ ရွေးကောက်ပွဲကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ နည်းတယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ လုံခြုံရေးအခြေအနေတွေကြောင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်ကို မပြောနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် တပ်မတော်နေ့က နေပြည်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်တဲ့မြို့နယ် ၁၉၈ မြို့နယ်၊ လုံခြုံရေး အလေးထား ဆောင်ရွက်ရမယ့် မြို့နယ် ၆၇ မြို့နယ်နဲ့ လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမယ့် မြို့နယ် ၆၅ မြို့နယ်ရှိတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်အစိုးရ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကတော့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြပြီး မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်လို့ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org