တရုတ်တိုက်တွန်းတဲ့ အပစ်ရပ်ဆွေးနွေးရေး ဖြစ်နိုင်ခြေနည်း
အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အရှိန်လျော့သွားတာမရှိဘဲ ဆက်လက်ပျံ့နှံ့နေပါတယ်။
-
RFA Burmese
2023-11-28 -
-
-
အောက်တိုဘာလ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အရှိန်လျော့သွားတာမရှိဘဲ ဆက်လက်ပျံ့နှံ့နေပါတယ်။ သုံးပတ်အတွင်းမှာ တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်၊ သိန္နီ၊ နမ့်ခမ်း၊ ကွမ်းလုံမြို့တွေကို ထိန်းချုပ်ထားပြီလို့ မြောက်ပိုင်း မဟာမိတ်ညီနောင်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးစတဲ့နေ့မှာပဲ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်သလို၊ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယူရှားနဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ ပေကျင်းမြို့မှာ အောက်တိုဘာ ၂၉ ရက်က တွေ့ဆုံခဲ့ပါတယ်။
"ကျွန်တော်တို့ ညီနောင် မဟာမိတ်သုံးဖွဲ့က တိုက်ပွဲစကတည်းက ထုတ်ပြန်ချက်ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်"
အောက်တိုဘာလ ၃၀ ရက်မှာတစ်ခါ တရုတ် နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီး မစ္စတာဝမ်ရှောက်ဟွန် နေပြည်တော်ကိုရောက်ပြီး စစ်ကောင်စီ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ခဲ့ပါတယ်။
နိုဝင်ဘာလ ၃ ရက်ကနေ ၅ ရက်နေ့ကြားမှာလည်း တရုတ် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Nong Rong (မစ္စတာနွန်ရွန်) နေပြည်တော်ကိုလာပြီး စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်မှာလည်း တရုတ်သံအမတ်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော် မှာ နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးခဲ့ပါတယ်။ တရုတ်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံပွဲတိုင်းမှာ တိုက်ပွဲတွေရပ်ပြီး စေ့စပ်ဆွေးနွေးကြဖို့ စစ်ကောင်စီဘက်ကိုရော၊ မြောက်ပိုင်းမဟာမိတ်တွေဘက်ကိုပါ တရုတ်အစိုးရက တိုက်တွန်းနေပေမယ့် ဆွေးနွေးပွဲ အရိပ်အယောင် မတွေ့ရသေးပါဘူး။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က သူတို့ ကြေညာချက်အတိုင်း ဆက်တိုက်မယ်လို့ RFA ကို ပြောပါ တယ်။
“လက်ရှိမြေပြင်အနေအထား လက်ရှိအချိန်အထိကတော့ ကျွန်တော်တို့ ညီနောင် မဟာမိတ်သုံးဖွဲ့က တိုက်ပွဲစကတည်းက ထုတ်ပြန်ချက်ထုတ်ပြန်ထားပြီးသား ဖြစ်ပါတယ်။ အခုလည်း အဲဒီရဲ့ ထုတ်ပြန်ချက်အတိုင်း လုပ်ဆောင်နေတာဖြစ်ပါတယ်”
စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ရည်ရွယ်ပြီး စစ်ဆင်ရေး ဆင်နွှဲသွားမယ်လို့ မြောက်ပိုင်းမဟာမိတ်တွေက ထုတ်ပြန်ထားတာပါ။
တရုတ်-မြန်မာနယ်စပ်က မြို့တချို့နဲ့ စစ်စခန်းတွေ လက်လွှတ်လိုက်ရပြီးတဲ့နောက် နိုဝင်ဘာလ ၈ ရက်မှာတော့ စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာလည်း စစ်ကောင်စီဘက်က အပစ်ရပ်စေ့စပ်ဆွေးနွေးဖို့ ပြောဆိုတာ မတွေ့ရဘဲ မြောက်ပိုင်းအဖွဲ့တွေအပေါ် လိုအပ်တဲ့တုံ့ပြန်မှုတွေ လုပ်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်၊ ကောလင်း၊ ခါမ်းပါတ်အပြင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အထိ ရောက်သွားပါတယ်။
အခုလို စစ်ရေးအရှိန်မြင့်လာတာကြောင့် တရုတ်အစိုးရက တိုက်တွန်းနေတဲ့ စေ့စပ် ဆွေးနွေးရေး ဖြစ်လာမှာ မဟုတ်သေးဘူးလို့ နိုင်ငံရေးနဲ့ စစ်ရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တရုတ်က ထုံးစံအတိုင်း စေ့စပ်ဆွေးနွေးကြဖို့ ပြောနေပေမယ့် အဲဒီသဘောထားက စစ်ကောင်စီဘက်ကလည်း မရှိသေးဘူး။ တုံ့ပြန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ PDF တွေဘက်ကလည်း မရှိသေးပါဘူး။ အဲတော့ သူပြောလည်း အပြောပါပဲ။ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး"
စေ့စပ်ဆွေးနွေးဖို့ တရုတ်အစိုးရက တိုက်တွန်းနေပေမယ့် ဖြစ်မလာသေးတာနဲ့ ပတ်သက်လို့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒါပေမဲ့ တိုက်ခိုက်မှုတွေကို စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ အကြောင်းကို နေ့စဉ်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ တွေ့ရနေပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြည်တွင်းစစ်ပြဿနာကို မဖြေရှင်းနိုင်သရွေ့ နယ်စပ်ဒေသတည်ငြိမ်ရေး အခက်အခဲရှိနေဦးမယ်လို့ ပြောပါတယ်။
“နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို တရုတ်အနေနဲ့ ထိန်းသိမ်းတဲ့သဘောနဲ့ ပြောနေတာတော့ရှိပါတယ်။ ကျွန်တော်တို့ KIA ဘက်က တည်ငြိမ်မှုကို မလိုလားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေမရှာနိုင်သရွေ့ကတော့ နယ်စပ်ဒေသမှာလည်း တည်ငြိမ်ဖို့ကတော့ အခက်အခဲတော့ရှိမယ်လို့ ထင်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးကိုစတင်တဲ့ ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ကိုယ်စားလှယ်တွေကို တရုတ်အစိုးရက ခေါ်ယူတွေ့ဆုံတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ KIA နဲ့ မြောက်ပိုင်းမဟာမိတ် ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဒီအကြောင်းသူတို့ မသိဘူးလို့ပဲ တုံ့ပြန်ကြပါတယ်။
တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်တိုက်တွန်းမှုကြောင့် စေ့စပ်ဆွေးနွေးရေးဖြစ်လာနိုင်ပေမယ့် အချိန်ကာလတစ်ခု စောင့်ရနိုင်တယ်လို့ သုံးသပ်ပါတယ်။
“မြောက်ပိုင်းဒေသကလည်း တိုက်စရာတွေရှိသေးတယ်။ နောက် နစကဘက်ကလည်း တိုက်ရင်နိုင်မယ်လို့ တွက်တယ်ထင်တယ်။ လက်နက်အင်အားအရလည်း သူတို့က သာတဲ့အခါကျတော့ သူတို့ အလျှော့ပေးချင်တဲ့စိတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု တရုတ်က ငြိမ်းချမ်းရေးကိစ္စတွေမှာ တော်တော်ထဲထဲဝင်ဝင် ပါနေတယ်။ သူပြောတဲ့ နောက်သဘော ထားတစ်ရပ်တော့ရှိတယ်။ နှစ်ဖက်စလုံးက ဆွေးနွေး၊ ဆွေးနွေးပြီးရင် အပြန်အလှန် အလျှော့ပေး။ တောင်းဆိုချက်တွေ အကုန်ရချင်မှရမှာပေါ့။ အပြန်အလှန်အပေးယူလုပ်ပြီးတော့ ငြိမ်းချမ်းရေးရအောင် ကြိုးစားဖို့ဆိုပြီးတော့ အဲလိုတော့ ပြောနေတာပဲ။ နောက်ဆုံးတစ်နေ့ကျရင်တော့ စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်ရောက်လာမှာပဲ။ ဒါပေမဲ့ ကာလတစ်ခုတော့ စောင့်ရဦးမယ်”
စေ့စပ်ဆွေးနွေးဖို့အတွက် မြောက်ပိုင်းအဖွဲ့တွေက သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ကနေ ပြန်လည်ဆုတ်ခွာပေးမှာ မဟုတ်သလို စစ်ကောင်စီကလည်း လက်လွတ်လိုက်ရတဲ့ နယ်မြေတွေပြန်မရမချင်း စစ်ရေးအရ တုံ့ပြန်ဖို့ဆုံးဖြတ်ထားပုံရတယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသလို၊ တစ်ချိန်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာ ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။