၁၀၂၇ စစ်ဆင်ရေး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း လေ့လာသူတွေ ပြော

TNLA၊ MNDAA နဲ့ AA တို့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ မြန်မာ့နိုင်ငံရေးအပြောင်း အလဲဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) မှ စစ်ကောင်စီ၏ တုံရှမ်ထုံ တာကန်ထန်စခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က သိမ်းယူခဲ့စဉ်။ The Kokang

အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်လိုက်တဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” ဟာ အားတက်စရာဖြစ်သလို၊ မြန်မာ့နိုင်ငံရေးအပြောင်း အလဲဖြစ်လာနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အဲဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း ထောက်ခံကြသလို၊ ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။

"NUG ရဲ့ ခြေလှမ်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ခြေလှမ်းတွေနဲ့ ပူးပေါင်းသွားနိုင်ပါတယ်’’

နိုဝင်ဘာလ ၅ ရက်အထိ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ (ကြူကုတ်) ပန်ဆိုင်း မြို့တွေအပြင် စစ်ကောင်စီ တပ်စခန်းပေါင်း ၁၁၀ ကျော်နဲ့ သံချပ်ကာကား ခြောက်စီးကို သိမ်းယူနိုင်ခဲ့ တယ်လို့ မဟာမိတ်သုံးဖွဲ့က ပြောပါတယ်။

ဒီစစ်ဆင်ရေးဟာ နိုင်ငံတော်သစ်ထူထောင်ဖို့ တိုက်ပွဲဝင်နေတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သုံးသပ်ပါတယ်။

"ဒီစစ်ဆင်ရေးဟာ ကိုယ့်ဒေသလေးတစ်ခု လွတ်မြောက်ရေးအတွက်လုပ်တာ မဟုတ်ဘဲ၊ တစ်နိုင်ငံလုံး လွတ်မြောက်ရေး၊ ပြည်သူ့လွတ်မြောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ အသစ် ပြည်ထောင်စု နိုင်ငံတော်အသစ် ထူထောင်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေတယ် ဆိုတာ ထင်ရှားပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ NUG အနေနဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တဲ့အတွက်ကြောင့် ရည်ရွယ်ချက်တူကြတဲ့ တော်လှန်ရေးအင်အားစုအချင်းချင်း ကျွန်တော်တို့ ရင်ဘတ်ချင်းနီးစပ်ကြတဲ့ တော်လှန်ရေး အင်အားစုအချင်းချင်း အတူတကွနဲ့ ဆင်နွှဲရမယ့် တော်လှန်ရေးတစ်ရပ်ကို အတူတကွ ဆင်နွှဲနေကြတယ်လို့ နားလည်ပါတယ်"

ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာထားတဲ့ စစ်ဆင်ရေးရည်ရွယ်ချက်တွေထဲမှာ မြန်မာ ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဆိုတဲ့အချက် ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဒါကြောင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသားအားလုံးပါဝင်ဖို့ တိုက်တွန်းထားတယ်လို့အဖွဲ့ရဲ့ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့် က RFA ကို ပြောပါတယ်။

“ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ တချို့ပြည်နယ်တွေက တိုက်တယ်။ တချို့ဒေသတွေက ငြိမ်နေသေးတာပေါ့၊ အဲဒီတော့ ကျွန်တော်တို့က အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက်က ပထမဆုံးလုပ်ရမယ့် အချက်ကတော့ စစ်ကောင်စီ ပြုတ်ကျရေးဖြစ်တယ်လေ။ အဲဒီအတွက်ကြောင့် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းအဖွဲ့က စလိုက်တာက ကျွန်တော်တို့ရဲ့ ပထမ နိုင်ငံရေးကိုစပြီး အကောင်အထည် ဖော်တာနဲ့ ဟန်ချက်ညီတာပေါ့။ ကျွန်တော်တို့ အားလုံးကလည်း ဒီအပေါ်မှာတစ်ပြေးညီ အချိန်နဲ့ကိုက်ညီအောင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပါဝင်အောင်တိုက်တွန်းထားတာ ဖြစ်ပါတယ်’’

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကလည်း ဒီစစ်ဆင်ရေးဟာ မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီစစ်ဆင်ရေးက ကျွန်တော်တို့ နိုင်ငံရေးအပြောင်းအလဲကို အများကြီး ဖြစ်လာမှာပါ။ ဒီတော်လှန်ရေးကို ဗြောင်ကျကျအားပေးတာပဲ ဖြစ်ဖြစ်၊ ဗြောင်ကျကျ တိုက်ပွဲဝင် တာပဲဖြစ်ဖြစ်၊ ဘေးကနေ အားပေးတာပဲ ဖြစ်ဖြစ်၊ ရှေ့ကနေ အားပေးတာပဲဖြစ်ဖြစ်၊ အနောက်ကနေ အားပေးတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကြိုဆိုရမှာပဲ။ ဒီတော်လှန်ရေးက ကျွန်တော်တို့ အားလုံးနဲ့ဆိုင်တယ်။ ၁၀၂၇ စစ်ဆင်ရေး စပြီးဖော်ဆောင်လာတဲ့ဟာက တော့ အနည်းနဲ့အများဆိုသလို အကြမ်းဖက်စစ်ကောင်စီကို လုံးဝအချက်ပေးလိုက်ပြီ၊ မင်းတို့ရဲ့နိဂုံးဟာ အစဖြစ်ပြီဆိုတာ သေသေချာချာ ပြောလို့ရပါတယ်’’

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ ဒီစစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက် အားတက်စရာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဟန်ချက်ညီနေတာလေ၊ NUG ကလည်း ဒါကိုကြိုဆိုကြောင်း ပြောကြတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ နွေဦးတော်လှန်ရေးအတွက် အင်မတန် အားတက်စရာ၊ ရှေ့တိုးလာတဲ့ အချက်တစ်ချက်ပေါ့၊ ပိုပြီးပူးပေါင်းသွားနိုင်ပါတယ်။ NUG ရဲ့ ခြေလှမ်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ခြေလှမ်းတွေနဲ့ ပူးပေါင်းသွားနိုင်ပါတယ်’’

၁၀၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်က မြို့သုံးမြို့ကို လက်လွှတ်ခဲ့ရတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၂ ရက်နေ့မှာ ဝန်ခံပြောဆိုထားပါတယ်။

“ဒီနှစ် ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီပေါ့။ အဲဒီနေရာမှာ MNDAA၊ TNLA၊ AA အဖွဲ့တွေက တိုက်ခိုက်ခဲ့တာမျိုး တွေ့ရတယ်။ ဒီနေရာမှာတော့ ဝါဒဖြန့်မှုအမျိုးမျိုး တွေ့ရတာပေါ့၊ ဒီအချိန်မှာတော့ ကျွန်တော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီသုံးခုတော့ရှိပါတယ်’’

စစ်ရေးအခြေအနေကိုတော့ သူက အသေးစိတ် မပြောသေးပါဘူး။ ဒီကြားထဲမှာပဲ စစ်ဆင်ရေးစပြီး သုံးရက်အကြာ အောက်တိုဘာ ၃၀ ရက်နေ့က တရုတ်ပြည်ရဲ့ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟွန် (Wang Xiaohong) က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ နိုဝင်ဘာ ၁ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပပျောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကဲခတ်တွေကတော့ တိုက်ပွဲတွေရပ်နိုင်ဖို့ ဆွေးနွေးခဲ့တာလို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီ၏ တပ်စခန်းတစ်ခုအား ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကိုးကန့်တပ်မတော် (MNDAA) မှ တိုက်ခိုက်သိမ်းယူအပြီး ထုတ်ပြန်ထားစဉ်။ (Photo: The Kokang)

ဒီအတောအတွင်း နယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Nong Rong က စစ်ကောင်စီကို ပြီးခဲ့တဲ့ရက်က တိုက်တွန်းထား ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးမှာ တခြားတိုင်းရင်းသားအဖွဲ့တွေပါ ပါလာရင် နွေဦးတော်လှန်ရေးကိုအဆုံးအဖြတ်ပေးဖို့ စလိုက်တဲ့လှုပ်ရှားမှုလို့ သုံးသပ်ပါတယ်။

“အဲဒီတိုက်ပွဲကို တောင်ဘက်မှာရှိနေတဲ့ KNU၊ KNPP နဲ့ အနောက်ဘက်မှာရှိနေတဲ့ CNF နောက်ပြီးတော့ ရခိုင်က AA အဲဒီအင်အားစုတွေပါ စုပြုံပြီးတွန်းလိုက်မယ်ဆိုရင် နွေဦးတော်လှန်ရေးအောင်ပွဲဟာ လက်တစ်ကမ်းမှာပဲ ရှိတော့တယ်ဆိုတာ အကဲဖြတ်လို့ရပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ် တိုက်ပွဲတွေအတွက် လှုပ်ရှားလိုက်တဲ့ စီမံကိန်းကတော့ ဒီညီနောင်သုံးဖွဲ့ရဲ့ စီမံကိန်းပဲဖြစ်တယ်လို့ ဆိုရမယ်’’

ညီနောင်သုံးဖွဲ့သိမ်းလိုက်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်မှာ ကိုယ်ပိုင် အုပ်ချုပ်ရေး တည်ဆောက်ဖို့ ပြင်နေပြီလို့လည်း တိုင်းရင်းသားအင်အားစုတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ဆင်ရေးစတဲ့နေ့ကတည်းက တရုတ်ပြည်ဘက်ကို ထွက်ပြေး တိမ်းရှောင်ရတဲ့ အရပ်သား ၅၀၀၀ ကျော်ကို နိုဝင်ဘာ ၅ ရက်နေ့ကစလို့ UWSA ထိန်းချုပ်တဲ့ 'ဝ' ဒေသဘက်က လက်ခံနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org