စင်္ကာပူမှာ ဖမ်းဆီးခံရတဲ့ ရခိုင် ခြောက်ဦးကိစ္စ အစိုးရဖြေဖို့ ငြင်းဆို
စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
-
2019-07-11 -
-
-
Your browser doesn’t support HTML5 audio
စင်္ကာပူနိုင်ငံမှာ ရခိုင်အသင်း(စင်္ကာပူ)က ခြောက်ဦး ဖမ်းဆီးထိန်းသိမ်းရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး အနေနဲ့ တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောကြားလိုက်ပါတယ်။
မနေ့က စင်္ကာပူအစိုးရက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူ ခြောက်ဦးနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချိန်ကျရင် သတင်း ထုတ်ပြန်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး ကပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုး ကို RFAကဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ မသိရှိရသေးကြောင်းနဲ့ စင်္ကာပူနိုင်ငံဘက်က အကြောင်းကြားထားတာမရှိဘူးလို့ ပြောပါတယ်။
“ချိတ်ဆက်ထားတာမရှိဘူးခင်ဗျ၊ မနေ့ကတည်းက ပြောထားပါတယ်၊ ကျနော်တိ့ုရဲတပ်ဖွဲ့ကို စင်္ကာပူရဲတပ်ဖွဲ့ ကနေပြီးတော့ တရားဝင်အကြောင်းထားတာ အသိပေးတာမရှိသေးပါဘူး အွန်လိုင်းပေါ်မှာတော့ တွေ့ပါတယ်”
တပ်မတော် သတင်းမှန်ပြန်ကြးရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ ဒီကိစ္စမှာ တပ်မတော်အနေနဲ့ ပါဝင်ပတ်သက်တာမရှိကြောင်းနဲ့ ဒီမိုကရေစီနိုင်ငံတခု ရဲတပ်ဖွဲ့အနေနဲ့ အချက်အလက်မခိုင်လုံဘဲ ဖမ်းဆီးစစ်ဆေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့အနေနဲ့ သီးခြားဆောင်ရွက် ထားတာမရှိပါဘူး ဒီမိုကရေစီနိုင်ငံတခုရဲ့ ရဲတပ်ဖွဲ့ဖြစ် တာကြောင့် သူ့မှာအချက်အလက်မခိုင်လုံဘဲနဲ့ စွပ်စွဲတာ အချက်အလက် မခိုင်လုံဘဲနဲ့ ပြည်နှင်ဒဏ်ပေး မယ်ပြောတာ မဖြစ်နိုင်ပါဘူး”
မနေ့ကစင်္ကာပူအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရခိုင်လူငယ် ခြောက်ဦးထဲက လေးဦးဟာ မြန်မာနိုင်ငံကို မနေ့ညပိုင်းကတည်းက ပြန်ရောက်လာပြီး AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ညီတော်စပ်သူ ကိုအောင်မြတ်ကျော်နဲ့ နောက်တစ်ဦးကတော့ ပြန်မလွှတ် လာသေးဘူးလို့ သူတို့နဲ့ နီးစပ်သူတွေပြောပါတယ်။
မနေ့ကပြန်ရောက်ရှိလာခဲ့တဲ့လူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ရာဖြေကြားဖို့ မရှိသေးကြောင်း ငြင်းဆိုခဲ့ကြပါတယ်။
ရခိုင်အသင်း(စင်္ကာပူ)ဟာ ရခိုင်ပြည်နယ် သာရေးနာရေးကိစ္စတွေအတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းကလည်း နိုင်ငံရေးရန်ပုံငွေတွေ ရှာဖွေထောက်ပံ့ပေးခဲ့တယ်လို့ နီးစပ်သူတွေက RFA ကိုပြောဆိုကြ ပါတယ်။
ဒါပေမဲ့ စင်္ကာပူနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ လှုပ်ရှားဆောင်ရွက်တဲ့အတွက် အခုလို ဖမ်းဆီးခံရတာ လို့လည်း နီးစပ်သူတွေကပြောပါတယ်။
ဒီလိုပြောကြားချက်တွေနဲ့ ပတ်သက်ပြီး RFAက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က ရန်ကုန်မှာရှိတဲ့ စင်္ကာပူသံရုံးနဲ့ စင်္ကာပူမှာရှိတဲ့ မြန်မာသံရုံးနဲ့ စင်္ကာပူအစိုးရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပါဘူး။
ဒီဖမ်းဆီးခံရသူတွေထဲက ကျန်တဲ့သူတွေကို ဒီနေ့ညပိုင်းလေယာဉ်နဲ့ ပြန်လာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး RFA ကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)