စစ်မှုထမ်းစုဆောင်းခံရတဲ့လူငယ်တွေ CDM လုပ်ဖို့ NUG တိုက်တွန်း
စစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ကြဖို့ ပြည်သူ့ရင်ခွင်အဖွဲ့ (People's Embrace) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2025-02-11 -
-
-
စစ်ကောင်စီက စစ်မှုထမ်းဖို့စုဆောင်းသွားတဲ့ လူငယ်တွေ ရှေ့တန်းစစ်မြေပြင်တွေမှာ သေဆုံးတာတွေ များနေတာကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စစ်မှုထမ်းစုဆောင်းခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ကြဖို့ ထုတ်ပြန်တာလို့ ပြည်သူ့ရင်ခွင်အဖွဲ့ (People's Embrace) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ခုပြည်တွင်းက လူငယ်တွေကို နိုးကြားစေချင်ပါတယ်။ ကြားနေလို့ရတော့တဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ တော်လှန်ရေးကို တစ်နည်းနည်းနဲ့ပါဝင်နေစေချင်တယ်။ နောက်ပြီး စစ်မှုထမ်းပါသွားသူလူငယ်ဖြစ်စေ ဆွေမျိုးမိဘမိတ်ဆွေတွေကဖြစ်စေ ကျွန်တော်တို့ဆီ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်လို့ စကားပါးချင်ပါတယ်”
စစ်ကောင်စီအနေနဲ့ လူအင်အားနည်းပါးလာတာကြောင့် လူငယ်လူရွယ်တွေကို အဓမ္မစစ်သားစုဆောင်းနေပြီး နိုင်ငံရေးအသိအမြင်ရှိတဲ့လူငယ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံကို လက်နက်နဲ့တကွ ကူးပြောင်းလာနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီက ထောက်ပို့လုပ်ငန်းတွေကို မြေပြင်ကမလုပ်ဆောင်နိုင်တော့ဘဲ လေကြောင်းကသာ ထောက်ပို့လုပ်နိုင်တော့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့တွေကိုလည်း ပြန်လည်သိမ်းယူနိုင်စွမ်းမရှိတော့ဘဲ ခဲယမ်း မီးကျောက်တွေမလုံလောက်တာကိုလည်း ထင်ထင်ရှားရှားတွေ့မြင်နေရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ပြည်သူ့စစ်မှုထမ်းမှာပါဝင်နေတဲ့ လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့တွေကို ကြိုတင်ချိတ်ဆက်ထားဖို့နဲ့ အမြန်ဆုံးခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။ ခိုလှုံလာတဲ့ လူငယ်တွေရဲ့ လုံခြုံရေးကို အကောင်းဆုံးတာဝန်ယူပေးမှာဖြစ်ပြီး လက်နက်ခဲယမ်းတွေယူလာနိုင်သူကို ထိုက်တန်တဲ့ဆုကြေးငွေတွေ ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၃၁ ဦးရှိတယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ တစ်လတွင်းမှာပဲ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၃၆ ဦးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အဖြစ် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။