တမန်တော်နေ့ အခမ်းအနားမှာ မျိုးချစ်အဖွဲ့ တက်ရောက်ခွင့်ပေးပြီး ကျင်းပ
အစ္စလာမ်ဘာသာဝင်တွေကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်ရဟန်း သံဃာတော်တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က တက်ရောက်ခွင့်တောင်း ဆိုရာမှာ နှစ်ဖက်အချေအတင်ဖြစ်ခဲ့ပြီးနောက် သဘော တူညီမှုနဲ့ အခမ်းအနားကို ညွန့်ပေါင်းအဖွဲ့က ကိုယ်စား လှယ်တွေ တက်ရောက်ခဲ့ပါတယ်။
-
2017-01-08 -
-
-
အစ္စလာမ်ဘာသာဝင်တွေကျင်းပတဲ့ တမာန်တော်နေ့ အထိမ်းအမှတ် ဓမ္မသဘင်အခမ်းအနားကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူပုဂ္ဂိုလ်တွေနဲ့ မျိုးချစ်ရဟန်းသံဃာတော်တွေ စုပေါင်းထားတဲ့ ညွန့်ပေါင်းအဖွဲ့က တက်ရောက်ခွင့် တောင်းဆိုရာမှာ နှစ်ဖက်အချေအတင်ဖြစ်ခဲ့ပြီးနောက် သဘောတူညီမှုနဲ့ အခမ်းအနားကို ညွန့်ပေါင်းအဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
မူလက အခမ်းအနားကို ၄ နာရီလောက်အကြာကျင်းပဖို့ ပြင်ဆင်ခဲ့ပေမယ့် တကယ်ကျင်းပတဲ့အခါ နာရီဝက်ကြာ သာ ကျင်းပခဲ့ပါတယ်။
အထင်မြင်လွဲမှားမှုတွေ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့အတွက် အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့တာဖြစ်တယ် လို့ အခမ်းအနားမှာ တက်ရောက်ဟောပြော ဖို့ ရောက်ရှိနေတဲ့ ဟာဂျီ ဦးအေးလွင် က ပြောပါတယ်။
"ကျနော်တို့က ဘယ်အရာမဆို ညှိနှိုင်းဆွေးနွေးရင် ပြဿနာတွေကပြေလည်တယ်၊ အဲဒီတော့ အထင်အမြင် လွဲမှားမှုတွေ၊ သံသယလေးတွေ ညှိနှိုင်းဆွေးနွေးပြီးတဲ့အခါမှာ ကျနော်တို့က ပြေလည်မှုလမ်းကြောင်း တစ်ခုကိုလုပ်ပြီးတော့ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပြီးပါပြီ၊ အတိုတော့ချုံးလိုက်ရမယ်၊ အထင် လွဲမှားမှုတွေကို ဖြေရှင်းပြီးတော့နော်၊ တဖက်ကကလည်း ဒါကိုပြဿနာဖြစ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဒီတစ်ကြိမ်တစ်ခါမှာတော့ အတိုချုံးလုပ်ဖို့ ကျနော်တို့ဘက်က ဆုံးဖြတ်ပေးလိုက်တယ်၊ နိုင်ငံတော်က လည်း တရားဝင်ပါမစ်ပေးထားပါတယ်၊ လုပ်မယ်ဆို လုပ်လို့ရတယ်နော်၊ ဇွတ်တရွတ် ကျနော်တို့ မလုပ်ဘူး"
အရင်ကကျင်းပခဲ့တဲ့ တမာန်တော်နေ့ ဓမ္မသဘင်အခမ်းအနားတွေမှာ အခမ်းအနားနဲ့ မကိုက်ညီတဲ့အကြောင်း အရာတွေကိုဟောပြောလေ့ရှိတာကြောင့် တက်ရောက်နားထောင်ခွင့်ရရှိဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ မျိုးချစ် ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တ က ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာလုပ်ခဲ့တဲ့ပွဲတွေမှာတုန်းက ဒီလိုတမန်တော်နေ့လို့အကြောင်းပြတယ် ၊ ဟောပြောတဲ့အကြောင်းအရာတွေသည် နိုင်ငံရေးအကြောင်းတွေ ဒါမျိုးတွေ ဟောပြောခဲ့ တယ်ပေါ့နော်၊ အခုဒီပွဲမှာကျတော့ ဦးဇင်းတို့လည်း ဒီပွဲကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဦးဇင်းတို့လည်း နားထောင်ချင်တယ် လို့ တောင်းဆိုလိုက်တဲ့အခါမှာ သူတို့ကမေတ္တာပို့ပြီးတော့ပဲ ဒီပွဲကိုသိမ်းမယ် လို့ပြောတယ်၊ အဲလိုအတွက်လည်း ဦးဇင်းတို့အထဲက တက်ရောက်ပြီးတော့ နားထောင်တယ်၊ နားထောင်ခွင့်ရှိသူတွေ ၅ ယောက်ရှိပါတယ်"
ရန်ကုန်မြို့မှာ အဲဒီတမာန်တော်နေ့ ဓမ္မသဘင်အခမ်းအနားကို အစိုးရခွင့်ပြုချက်နဲ့ ပြုလုပ်လာတာဟာ ဒီနှစ်ဆိုရင် ၈နှစ် ရှိပြီဖြစ်ပါတယ်။ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ရဲတပ်မှူး ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့ပါတယ်။