ယင်းမာပင်မှာ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေး
ယင်းမာပင်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတချို့ မီးရှို့ခံရတာကြောင့် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရွာခုနစ်ရွာလောက်က ဒေသခံတစ်သောင်းခွဲခန့် ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2023-02-24 -
-
-
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ရွာတချို့ မီးရှို့ခံရတာကြောင့် ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မှာ ရွာခုနစ်ရွာလောက်က ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းက တာဝရွာကို ဒီနေ့မနက်မှာ မီးရှို့ခဲ့ပြီးနောက် အခြားရွာတွေကို စစ်ကြောင်းထိုးဖို့ ထွက်ခွာသွားတာကြောင့် တာဝရွာ အပါအဝင် ချောင်းကောက်၊ သပြေအေး၊ ပန်းမထုံး၊ ညောင်ကိုင်း၊ ကြာစီ၊ ချင်းပုန်း၊ ကွင်းစပ် စတဲ့ရွာတွေက ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
တာဝရွာကို မီးရှို့သွားပြီး ရွာက အရပ်သားနှစ်ဦးလည်း ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ညက တာဝမှာ စစ်ကြောင်းက ညအိပ်တယ်။ ဒီနေ့မနက် ၈ နာရီလောက်မှ ရွာကို မီးရှို့တာ၊ သုံးနေရာခွဲပြီး ရှို့သွားတယ်။ အခုတော့ စစ်ကြောင်းထွက်သွားပေမယ့် ဒေသခံတွေ ရွာကို မကပ်ရဲသေးဘူး။ ဖမ်းထားတဲ့ နှစ်ယောက်လည်း အခုထိပြန်လွတ်၊ မလွတ် မသိရသေးဘူး”
တာဝရွာဟာ အိမ်ခြေ ရှစ်ရာနဲ့ လူဦးရေ လေးထောင်လောက်နေထိုင်တဲ့ ရွာကြီးတစ်ရွာဖြစ် ပြီး လက်ရှိ မီးလောင်သွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ကတည်းက ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၂ ရက် အထက်ငါးနန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းစဉ် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေမီးရှို့ခံနေရတာဟာ PDF တွေရဲ့ လက်ချက်ဖြစ်ပြီး သူတို့အနေနဲ့ အရပ်သားတွေအပေါ် ဒုက္ခရောက်အောင် မလုပ်ဘူးလို့ ယခင်က ပြောဆို ထားပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနေ့ကတော့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ် ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခ တွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။