ယင်းမာပင်မြို့နယ် ယမားဆည် ဖောက်ချမှုကြောင့် ကျေးရွာတွေ ရေလွှမ်းမိုး

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးများပြီး ဆည်ရေ လျှံက မှုကြောင့် ယင်းမာပင်မြို့နယ် ဆားလင်းကြီး အနောက် မြိုင်နယ်စပ်က တောင်ယမားနဲ့ မြောက် ယမားဆည်တွေကို သက်ဆိုင်ရာက အောက်တိုဘာလ ၁၉ ရက်နေ့ညက ရေဖောက်ချခဲ့ရာမှာ ဆည် အောက်ပိုင်း ဒေသက ကျေးရွာတွေမှာ မွေးမြူရေး တိရိစ္ဆာန်တွေ အပါအဝင် လူသေဆုံးမှုတွေ ရှိပြီး စိုက်ခင်းတွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

မြောက်ယမားဆည် ဖောက်ချရာမှာ သဲတော၊ ရေကြည်ပင်၊ မြရိပ်၊ မြစိမ်း စတဲ့ ကျေးရွာတွေ ရေလွှမ်းမိုးခဲ့ပြီး ဆိတ်အကောင် ၇ဝ၊ နွား ၁၆ ကောင် သေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် အိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နတ်ထောက်ရွာမှာ အသေအပျောက်မရှိပေမယ့် ၂ ထပ်အိမ်အောက်ထပ် အထိ သဲမြုပ်ခဲ့ပါတယ်။ တောင်ယမားဆည် အောက်မှာရှိတဲ့ ရွာတွေထဲမှာ ချောင်းနားက ၁ ဦး၊ ဝက်ကုန်းရွာက ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေဘေးဒုက္ခ ကြုံနေတဲ့ ရွာတွေကို ဗုဒ္ဓသာသနာ့ အကျိုးဆောင်အဖွဲ့၊ ဒေဝကတိ၊ မြတ်ဒါနနဲ့ ရွှေနှလုံးသား လူမှုရေးအဖွဲ့တွေက ရေမြုပ်ရွာတွေဆီကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယင်းမာပင်မြို့နယ် ရေဘေးအတွက် အကူအညီ မပေးရသေးဘူးလို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနတွေက ရေဘေးသင့် ရွာတွေကို သွားရောက် ကြည့်ရှုခဲ့ပေမယ့် အကူအညီ တစုံတရာ ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org