ရေဦးမှာ ထောက်ခံစာမပါရင် မြို့ထဲပေးမဝင်လို့ ဒေသခံတွေအခက်တွေ့
ရေဦးမြို့နယ်ထဲက ရွာတွေကနေ မြို့ပေါ်ကို ဈေးတက်ဝယ်ကြတဲ့ ဒေသခံတွေကို သက်ဆိုင်ရာ ရွာတွေရဲ့ ထောက်ခံစာမပါရင် မြို့ထဲ အဝင်မခံတာကြောင့် အခက်တွေ့နေရပါတယ်။
-
RFA Burmese
2023-06-26 -
-
-
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက ရွာတွေကနေ မြို့ပေါ်ကို ဈေးတက်ဝယ်ကြတဲ့ ဒေသခံတွေကို သက်ဆိုင်ရာ ရွာတွေရဲ့ ထောက်ခံစာမပါရင် စစ်ကောင်စီတပ် လုံခြုံရေးဂိတ်တွေက မြို့ထဲ အဝင်မခံတာကြောင့် အခက်တွေ့နေရတယ်လို့ ရေဦးဒေသခံတွေက ပြောပါတယ်။
မြို့ထဲကိုအဝင်မခံတာ ဇွန်လ ၂၄ ရက်ကနေ ဇွန်လ ၂၆ ရက်ဒီနေ့ထိ သုံးရက်တာ ရှိလာပြီဖြစ်တာကြောင့် ရွာတွေမှာ လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးဝယ်ယူဖို့အတွက် ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွာတွေက ရေဦးမြို့မဈေးကိုပဲ မှီနေကြရတာ ကိုးကျေးရွာတွေက တစ်ဆင့်ဝယ်ရောင်းလုပ်တဲ့ ဈေးသည်တွေလည်း ဝင်ထွက်ခွင့်မရှိ၊ မရှိတဲ့အခါကျတော့ ရွာသူရွာသားတွေရဲ့ စားရေးသောက်တာနဲ့ လူသုံးကုန်ပစ္စည်းတွေက တော်တော်ကို အခက်အခဲတွေ့နေတယ်။ အဆိုးဝါးဆုံးကတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ရောဂါဝေဒနာရှင်တွေ ဆေးသွားဝယ်လို့ မရတဲ့ အနေအထားပေါ့။ စစ်ရေးတင်မကဘူး အကုန်လုံး တွန်းဖြတ်နေတဲ့အခါကျတော့ ရွာသူရွာသားတွေက အခက်အခဲမျိုးစုံ ကြုံနေရတယ်”
ရေဦးမြို့နယ်ဟာ လက်နက်ကိုင် ပဋိပက္ခပြင်းထန်နေတဲ့ ဒေသဖြစ်ပြီး ရွာတွေမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ မရှိတော့တာကြောင့် ထောက်ခံစာလည်းလုပ်မရ၊ မြို့ထဲကိုလည်းဝင်မရနဲ့ အခက်တွေ့နေတာလို့ ဆိုပါတယ်။
ရေဦးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်ငါးရပ်ကွက် ကျေးရွာအုပ်စု ၆၂ အုပ်စု၊ ရွာပေါင်း ၁၉၁ ရွာရှိတဲ့အနက် မြို့ပေါ် ရပ်ကွက်တွေနဲ့ ရွာငါးရွာလောက်ပဲ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ ရှိတော့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေ မရှိတော့တာကြောင့် အုပ်ချုပ်ရေးအာဏာ ပြန်စိုးမိုးချင်တဲ့ စစ်ကောင်စီတပ်ဟာ ရတဲ့နည်းလမ်းနဲ့ ပြန်လည်ကြိုးစားနေတာလို့ ရေဦးမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျေးရွာတွေမှာ သူတို့ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အာဏာတွေ ကြီးစိုးချင်တဲ့ သဘောပေါ့။ ကျေးရွာအုပ်စုတိုင်းမှာ စကစခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေက လေးငါးရွာလောက်ပဲရှိတာ။ ကျန်တဲ့ဟာက တစ်ယောက်မှာမရှိတော့ဘူး။ အဲဒီအတွက် အုပ်ချုပ်ရေးအာဏာ ပြန်လည်စိုးမိုးချင်တဲ့အတွက် အလုပ်ဆောင်တယ်လို့ ယူဆတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရေဦးမြို့နယ်မှာ လူဦးရေ တစ်သိန်းနှစ်သောင်းနီးပါး (၁၁၈,၂၉၀) ရှိတဲ့အနက် မြို့ပြမှာနေထိုင်သူက ၁၇ ရာခိုင်နှုန်းပဲရှိပြီး ကျန်တာက ကျေးလက်ဒေသတွေမှာ နေထိုင်နေကြတာဖြစ်ပါတယ်။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ရေဦးမြို့နယ်ထဲမှာ ရွာပေါင်း ၅၃ ရွာက နေအိမ်ပေါင်း ၃၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။