တနိုင်တပိုင်ကျောက်လုပ်ကွက်တွေ တရားဝင်ခွင့်ပြုဖို့ စီစဉ်

ရတနာနယ်မြေ ၅ ခုမှာ တနိုင်တပိုင် ကျောက်လုပ်ကွက်တွေ တရားဝင်လုပ်ကိုင်ခွင့်ပြုဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသမှာ ရေမဆေးကျောက်ရှာဖွေတဲ့လုပ်ငန်းခွင်ကို တွေ့ရစဉ်

ရတနာနယ်မြေ ၅ ခုမှာ တနိုင်တပိုင် ကျောက်လုပ်ကွက်တွေ တရားဝင်လုပ်ကိုင်ခွင့်ပြုဖို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ဒေသခံတွေနဲ့ ရေမဆေးသမားတွေကို တရားဝင် လုပ်ခွင့်ရစေဖို့နဲ့ နိုင်ငံအတွက်လည်း အခွန်ရစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာသိန်းစိုး က ပြောပါတယ်။

"လက်လုပ်လက်စားလုပ်ကွက်လေးတွေ ချပေးမယ်ဆိုရင် သူတို့လည်းတရားဝင်တူးလို့ လုပ်လို့ရတာပေါ့။ သူတို့တွေ တရားမဝင် ရှာဖွေတူးဖော်နေမယ့်အစား၊ အဲလို လက်လုပ်လက်စားလုပ်ကွက်လေးတွေ မှာ နေရာချထားပေးလိုက်မယ်ဆိုရင် သူတို့လည်း နိုင်ငံကို တရားဝင်အခွန်ဆောင်ပြီး လုပ်ပိုင်ခွင့်ရသွား မယ်ပေါ့ဗျာ။"

လက်လုပ်လက်စားလုပ်ကွက်တွေကို ကချင်ပြည်နယ် လုံးခင်၊ ဖားကန့်၊ မော်လူး၊ မော်ဟန် ရတနာမြေနဲ့ ရှမ်းပြည်နယ် မိုင်းရှုးရတနာမြေတွေမှာ ချထားပေးမှာဖြစ်ပါတယ်။

အဲဒီလိုလုပ်ကွက်တွေချထားပေးဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်ကို တောင်းခံ ထားပြီး လာမယ့် ဇူလိုင်လမှာ တူးဖော်ခွင့်တွေ ချထားပေးနိုင်မှာဖြစ်တယ်လို့ ဒေါက်တာသိန်းစိုး က ပြောပါတယ်။

အသေးစားလက်လုပ်လက်စား တူးဖော်ခွင့်တွေကို စီမံခန့်ခွဲမှုကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်အုပ်ချုပ်မှာဖြစ်ပါတယ်။

လက်လုပ်လက်စားလုပ်ကွက် လုပ်ကိုင်သူတွေနဲ့ ကုမ္ပဏီလုပ်ကွက်တွေကို ခွဲခြားသတ်မှတ်ဖို့အတွက်လည်း ကွင်းဆင်းလေ့လာဖို့ စီစဉ်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းက နန်စလင်းချောင်းဖျားမှော်မှာ တပိုင်တနိုင် ကျောက်တူးဖော် ခွင့် လျှောက်လွှာတွေကို မေလ ၂၈ ရက်နေ့က စတင်ရောင်းချပေးနေပြီး လျှောက်ထားသူ တစ်ထောင်ကျော်နေ ပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org