ဖားကန့်ဒေသမှာ အသိပညာပေးဟောပြောပွဲတွေ ကျင်းပ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မကြာခဏ ထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့် အဲဒီဖြစ်စဉ်တွေလျော့နည်းစေဖို့ အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်နေပါတယ်။
-
2017-11-07 -
-
-
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မကြာခဏ ထိခိုက်သေဆုံးမှုတွေရှိနေတာကြောင့် အဲဒီ ဖြစ်စဉ်တွေလျော့နည်းစေဖို့ အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်နေပါတယ်။
ဖားကန့်ဒေသမှာ အေးချမ်းစွာ ဝမ်းစာရှာဖွေစားသောက်နိုင်ကြဖို့ ရည်ရွယ်ပြီး ဟောပြောပွဲတွေ လုပ်ဆောင် နေတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"ဒီကနေ့မှာတော့ အဲဒီရေမဆေး လောပန်တွေကိုပဲ တွေ့ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့တွေ ရပ်မိရပ်ဖတွေက တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးအတွက်ပေါ့နော်။ မလိုလားအပ်တာတွေ ထပ်မဖြစ်အောင် ပညာပေးတာ၊ ဆွေးနွေးတာတွေကို ကျနော်တို့က ရပ်ကွက်တွေ ကျေးရွာတွေမှာ လိုက်တွေ့ပြီးတော့ ပြောခိုင်းတာတော့ရှိတယ်။ မှော်ရွာတွေမှာပေါ့နော်။ လိုက်ပြီးတော့ ဒီပညာပေး တာတွေ လုပ်နေတယ်။ ဖားကန့် ဆိုတဲ့နေရာဟာ ပြဿနာတွေ မကြာခဏဖြစ်၊ ဒဏ်ရာတွေ ရကြ၊ ထိခိုက်သေဆုံးမှုတွေဖြစ်ကြ၊ ဒါမျိုးတွေကို လျော့နည်းပြီးတော့ တဖြည်းဖြည်းမရှိတဲ့အထိဖြစ်သွားအောင် အားလုံးအတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့က တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးအတွက် လုပ်နေတာပါ။"
ကျောက်စိမ်းတူးဖော်ရေးမှော်နယ်မြေနဲ့ အဓိက ထိစပ်နေတဲ့ ဆိပ်မူ၊ နန့်မဖြစ်၊ လုံးခင်း စတဲ့ ကျေးရွာအုပ်စု ၃ ခုနဲ့ မှော်ဝမ်း၊ အေးသာယာ စတဲ့ ဖားကန့်မြို့ပေါ်ရပ်ကွက်နှစ်ခုမှာ တနိုင်တပိုင် ရေမဆေးလုပ်ငန်းရှင် (လောပန်) တွေနဲ့ တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးမှုတွေကို ဆောင်ရွက်နေတာပါ။
ရေမဆေးသမားတွေအနေနဲ့ ရေမဆေးကျောက် ဝင်ရှာခွင့်မပြုတဲ့ ကုမ္ပဏီလုပ်ကွက်တွေထဲ အင်အားသုံးပြီး မဝင်ရောက်ကြဖို့နဲ့ တုတ်၊ ဓါးလက်နက်တွေ မကိုင်ဆောင်ကြဖို့ ရေမဆေးလုပ်ကိုင်ကြသူတွေကို အသိပေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
မနေ့က ညနေပိုင်းမှာ ဆိပ်မူအုပ်စု နန့်မှော်ရွာက ကျောက်စိမ်းနဂါး ကုမ္ပဏီလုပ်ကွက်မှာ ကုမ္ပဏီထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရေမဆေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ရေမဆေးသမားတွေရဲ့ ရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးသမား ၂ ဦး သေဆုံးခဲ့ပါတယ်။
နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အဲဒီလိုအဖြစ်အပျက်တွေ မကြာခဏဖြစ်နေပြီး ရေတပ်ဖွဲ့ဝင်တွေနဲ့ ရေမဆေးသမားတွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ နိုင်ငံအနှံ့ကနေ လာရောက်ကြတဲ့ တနိုင်တပိုင် ရေမဆေးသမားတွေ အပါအဝင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။