လယ်ယာမြေလုပ်ငန်းခွင် မီးရှို့မှုကြောင့် ရန်ကုန်လေထု ညစ်ညမ်းနေ

ကမ္ဘာ့လေထုညစ်ညမ်းမှု ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံက အဆင့် ၉ မှာရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် IQ Air ဝက်ဘ်ဆိုက်ရဲ့ ဧပြီ ၂၆ မနက်ပိုင်း တိုင်းတာချက်အရ သိရပါတယ်။

မြို့ပြင်လယ်ယာမြေလုပ်ငန်းခွင် မီးရှို့မှုကြောင့် ကျဆင်းလာတဲ့ ပြာမှုန်ပြာစများ ကိုတွေ့ရစဉ်

ကမ္ဘာ့လေထုညစ်ညမ်းမှု ၁၀ နိုင်ငံထဲမှာ  မြန်မာနိုင်ငံက အဆင့် ၉ မှာရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် IQ Air ဝက်ဘ်ဆိုက်ရဲ့ ဧပြီ ၂၆ မနက်ပိုင်း တိုင်းတာချက်အရ သိရပါတယ်။

ဒီလအတွင်း ရန်ကုန်မြို့မှာ မြူခိုးတွေနဲ့ ပြာစတွေ လွှင့်နေတာဟာ မြို့ပြင်လယ်ယာမြေလုပ်ငန်းခွင် မီးရှို့မှုကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး လေထုထဲမှာ ပြာစတွေ လွင့်လာတာ၊ မြူခိုးတွေ ဆိုင်းနေတာတွေဟာ ဒလမြို့၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တဖက်ကမ်းက လယ်ကွက်တွေကို မီးရှို့တာတွေကနေ ရန်ကုန်ရဲ့ တခြား မြို့နယ်တွေကို  ပြာစတွေလွင့်လာတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန၊ ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။                            

"ရိုးပြတ်တွေ၊ ကိုင်းတွေ မီးရှို့တယ်ဗျာ။ လယ်တွေမှာ အောက်ခြေတွေ ရှင်းရင်းနဲ့ မီးရှို့တယ်ဗျာ။ အဲဒါကြောင့်ဖြစ်တာ၊ ဒလတို့ ၊ ဆိပ်ကြီးခနောင်တို့ဘက်မှာ ရှိပါတယ်။ နောက်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်သာယာတစ်ဘက်ကမ်းက ထန်းတပင်တွေဘက်မှာ ရှို့တာရှိတယ်။ နောက်ပြီး အမြန်လမ်းဘက်တွေမှာ မီးရှို့တာရှိတယ်။"


ပြာမှုန်ပြာစတွေ လွှင့်နေရတဲ့ အကြောင်းရင်းကို ရန်ကုန်မြို့မှာ နေထိုင်သူတွေ တော်တော်များများ မသိကြပါဘူး။ သာကေတမြို့နယ်မှာ ဆီအုန်း စက်ရုံတစ်ခုကနေ ထွက်လာတာလို့လည်း သံသယရှိနေကြပါတယ်။ ဒါပေမဲ့ စက်ရုံကလည်း လည်ပတ်မှု မရှိဘူးလို့ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

"ဘယ်ကကျလဲတော့မသိဘူး။ အများစုက အဲဒီက ကျတယ်လို့ ပြောကြတယ်ပေါ့နော်။ စက်ရုံက မန်နေဂျာ တစ်ယောက်ကလည်း သူတို့စက်ရုံ ရပ်ထားပါတယ်လို့ ပြောတယ်။ ဒေသခံပြည်သူတွေ၊ စက်ရုံအနားတဝိုက်က လူတွေကြတော့လည်း စက်ရုံက ရှို့တယ်ပြောတယ်။ ကျမလည််း စုံထောက်လိုပဲ ဘယ်ကလိုက်ရမလဲမသိဘူး။ လိုက်မေးနေတယ်။ သာကေတ ဘယ်နားမှာမီးရှို့လည်းဆိုတာ။ ဒါပေမဲ့ သာကေတတင်မဟုတ်ဘူး။ တခြားမြို့နယ်တွေပါ ဖြစ်နေတယ်ဆိုတော့ ဦးနှောက်စားစရာ ဖြစ်နေတယ်။"


IQ Air ရဲ့ ၂၀၁၉ ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုဟာ တစ်နှစ်တာအတွင်း တကမ္ဘာလုံးရဲ့ အဆင့် ၂၀ မှာရှိခဲ့ပြီး စိုးရိမ်စရာ အဆင့်မှာရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ မှာဆိုရင် ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ထိ ရောက်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ လူ ၁၀ ယောက် မှာ ကိုးယောက်က မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေရတယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းတဲ့ အကြောင်းတွေထဲမှာ ဇီဝလောင်စာတွေ လောင်ကျွမ်းတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံတွေ၊ မိုင်းလုပ်ငန်းတွေ၊ အိမ်တွင်း လေထုညစ်ညမ်းတာတွေ ပါဝင်ပါတယ်။

အခုလို ကူးစက်ရောဂါ ဖြစ်နေတဲ့ကာလမှာ မီးခိုးထွက်တဲ့ စက်ရုံတွေ ရပ်နားထားတာ၊ မော်တော်ယာဉ်အသုံးပြုမှု လျော့နည်းသွားတာတွေကြောင့် ရန်ကုန်လေထုက နှစ်ပေါင်းများစွာအတွင်း ပထမအကြိမ် ပြန်လည် သန့်ရှင်းလာတာပါ။  ဒီလိုအခြေအနေမှာမှ ရန်ကုန်မြို့လေထုအတွင်း ပြာမှုန်ပြာစတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ နေထိုင်သူတွေက သူတို့နေအိမ်တွေမှာ ပြာမှုန်ပြာစတွေကျလို့ သန့်ရှင်းရေး မကြာခဏလုပ်နေရတဲ့ အကြောင်းတွေ၊ ပြာတွေဘယ်ကနေ လွင့်လာသလဲဆိုတာကို သိချင်တဲ့အကြောင်း အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။

သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက ရပ်ကွက်တွေထဲကို ပြာတွေကျတာ ၁ ပတ်လောက်ရှိနေပြီး မီးခိုးနံ့တွေကိုတော့ မနေ့ကစပြီး ရနေတယ်လို့ ပြောပါတယ်။

"ည ၇ နာရီလောက်မှာ မီးခိုးအနံ့တွေ နံလာတယ်။ ပြာကျတာက တစ်ပတ်လောက် ရှိပြီ။ ပြာက အတောင့်ရှည်ရှည်။ အုန်းလက်တို့ဘာတို့ မီးရှို့ပြီးကျန်တဲ့ ပြာလိုမျိုးပေါ့။ စပါးခွံတော့ မဟုတ်ဘူး။ အရင်တုန်းကတော့ မဖြစ်ဖူးဘူး။ တချိန်လုံးကျနေတာပဲ။ ရေထဲတွေလည်း ကျတာပဲ။ ကျနော်တို့ ယုဇနဆီအုန်းကလို့ ထင်တာပဲ။ အောက်က Comment ( မှတ်ချက်)တွေမှာတော့ စက်ပိတ်ထားတယ်လို့‌ ပြောတယ်။"


သာကေတ၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ပုဇွန်တောင်၊ လှိုင်၊ အင်းစိန် စတဲ့မြို့နယ်တွေဟာ ပြာမှုန်ကျတဲ့ဒေသတွေထဲ ပါဝင်ပါတယ်။

ဒီရက်ပိုင်း မြူတွေဆိုင်းနေတာကတော့ ရန်ကုန်မြို့တစ်ခုလုံးလိုလို ဖြစ်နေတာပါ။

တောင်ဥက္ကလာပမြို့နယ်မှာနေတဲ့ ဦးလွင်ကိုကိုဦးက အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပြီးရင် လေထုညစ် ညမ်းတာက ထပ်စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောပါတယ်။

"အခုက ကိုရိုနာ ကိုဗစ်ကာလဆိုတော့ အဲဒါကို ပထမဆုံး စိတ်ပူတယ်။ ဒီလိုကြီးဖြစ်လာတော့ စိတ်ပူစရာတော့ ကောင်းတယ်။ ပြီးတော့ နည်းနည်းနောနော သေးသေးကွေးကွေးမဟုတ်ဘူး။ ပြာစတွေက။ ကျနော်တို့ဆို ခြောက်ထပ်ပဲရှိသေးတယ်။ တချို့အထပ်တွေဆို အထပ် ၂၀ လောက်ရှိတယ်။ ခြောက်ထပ်တောင်မှ ဒီလိုတွေဝင်လာပြီဆိုရင် နည်းနည်းတော့ စိုးရိမ်စရာရှိလာပြီ။"


လေထုညစ်ညမ်းတာတွေကို တွက်ချက်ပြီး တင်ပေးနေတဲ့ အိုင်ကျူအဲ အဖွဲ့ရဲ့ ဝက်ဆိုက်က ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုဟာ ကိုယ်ခံအားနည်းသူတွေ ထိခိုက်နိုင်တာ၊ ကျန်းမာရေး ထိခိုက်နိုင်တာတွေကိုလည်း တခါတည်း အသိပေးထုတ်ပြန်ထားပါတယ်။

လေထုညစ်ညမ်းတာကြောင့် အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ နာတာရှည်လေပြွန်ရောင်တာ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျန်းမာရေး၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာ၊ မျက်စိနဲ့ နှာခေါင်း ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်လို့လည်း WHO က ထုတ်ပြန်ထားပါ တယ်။

ကိုရိုနာဗိုင်းရပ် ကာကွယ်တားဆီးရေးတွေ အဓိက လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခုဖြစ်နေတဲ့ ပြာမှုန်တွေကျတာနဲ့ မီးခိုမြူတွေကြောင့် ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေနေတွေကို မတိုင်းတာ နိုင်သေးဘူးလို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org