မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်တကျ အသွင်ကူးပြောင်းမည် နိုင်ငံခြားရေးဝန်ကြီး ပြော
မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ စနစ်တကျနဲ့ တဖြည်းဖြည်းချင်း အသွင်ပြောင်းမှုသာ ဖြစ်လိမ့်မယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ပြောကြားလိုက်ပါတယ်။
-
2012-01-25 -
-
-
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက် ခဲ့သော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တွေ့ရစဉ်
မိမိတို့ စတင်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်း၊ အနာဂတ်မှာလည်း အဆင့်လိုက် စနစ်တကျ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က အိန္ဒိယနိုင်ငံမှာ ရောက်ရှိနေစဉ် ပြောခဲ့တာပါ။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အဲဒီ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ကိုလည်း မိမိတို့ ပြင်ဆင်ပြီးသား ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်လို အခက်အခဲတွေလည်း ဆိုတာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူမှာဖြစ်တဲ့အတွက် နိုင်ငံတကာ တိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုအလေးထား ဆောင်ရွက်သွားမယ် လို့လည်း ပြောပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna နဲ့ ဆွေးနွေးစဉ်မှာ အိန္ဒိယမြန်မာ နယ်စပ်က သူပုန်တွေ နှိမ်နင်းရေး၊ နယ်စပ် ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု နှိမ်နင်းရေးနဲ့ လက်နက်ခဲယမ်း ရောင်းဝယ်မှု ပူးတွဲနှိမ်နင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးကလည်း မြန်မာနိုင်ငံက လမ်းပန်း ဆက်သွယ်ရေး နဲ့ စီးပွားရေး စီမံကိန်းတွေကို အကူအညီ ပေးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။