မြန်မာ့စီးပွားရေးတည်ငြိမ်လာပေမယ့် စိန်ခေါ်မှုတွေရှိနေဆဲလို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

မြန်မာမှာ လုပ်ငန်းတွေ တဖြည်းဖြည်းတက်လာပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှာ နိုင်ငံရဲ့ ဂျီဒီပီ သုံးရာခိုင်နှုန်းတိုးလာဖို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ရန်ကုန်မြို့ သမိုင်းဈေးတွင် စားသောက်ကုန်များ ရောင်းချဝယ်ယူသူအချို့အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ RFA

၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တဖြည်းဖြည်းတည်ငြိမ် လာတယ်လို့ ဇွန်လ ၂၇ ရက် ဒီနေ့ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ နှစ်ဝက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စိန်ခေါ်မှုတွေ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး အိမ်ထောင်စုတွေရဲ့ ဝင်ငွေရရှိမှု အားနည်းနေသေးသလို စားနပ်ရိက္ခာဖူလုံမှုကလည်း စိုးရိမ်စရာမြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းကိုင်ငန်းတွေ အောက်ဆုံးအဆင့်က တဖြည်းဖြည်းတက်လာပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ နိုင်ငံရဲ့ ဂျီဒီပီ သုံးရာခိုင်နှုန်းတိုးလာဖို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ပျမ်းမျှနှစ်စဉ် ငွေကြေးဖောင်းပွမှုဟာ ၂၀၂၂ ခုနှစ်က ၁၈ ဒသမ ၃ ရာခိုင်နှုန်းကနေ အခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်မှာတော့ ၁၄ ရာခိုင်နှုန်းကို လျော့ကျလာဖို့ ခန့်မှန်း ထားပြီး ၂၀၂၄ ခုနှစ်မှာ ဆက်လက်ကျဆင်းလာဖို့ ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ပိုဆိုးလာတဲ့ ပြည်တွင်းပဋိပက္ခ၊ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ငွေကြေး ဖောင်းပွမှုဖိအားတွေ ဆက်လက်ရှိနေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်လအတွင်း ငွေကြေးလဲလှယ်နှုန်းတည်ငြိမ်လာသလို စားသောက်ကုန်နဲ့ လောင်စာဆီ စျေးနှုန်းမှာ ငွေကြေးဖောင်းပွမှု လျော့နည်းလာတယ် လို့ဆိုပါတယ်။

စိုက်ပျိုးကဏ္ဍမှာတော့ ထုတ်လုပ်မှုအားနည်းနေပေမယ့် ကုန်ထုတ်လုပ်မှု၊ အမှာလက်ခံရရှိမှု၊ ပြည်တွင်းထုတ်ကုန် ရောင်းချမှုတွေမှာ မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

စားနပ်ရိက္ခာဖူလုံမှုမှာတော့ ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်မှာ ပိုဆိုးလာပုံရှိတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဲဒီပထမနှစ်ဝက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က တစ်နှစ်ကို နှစ်ကြိမ် အစီရင်ခံစာထုတ်ပြန်လေ့ ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org