မိခင်နဲ့ ကလေး ကျန်းမာရေး ကမ္ဘာ့ဘဏ်ကူညီပေး
မြန်မာနိုင်ငံ မိခင်နဲ့ ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အတွက် IDA ခေါ် နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေးအသင်းရဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပါတယ်။
-
2014-10-17 -
-
-
မြန်မာနိုင်ငံ မိခင်နဲ့ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက် IDA ခေါ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ အတည်ပြုခဲ့တာဖြစ်ကြောင်းနဲ့ ကမ္ဘာ့ဘဏ်က မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒီအစီအစဉ်ကြောင့် မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၃၃၀ က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်စုစုပေါင်း လေးသိန်း ဝန်းကျင်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ တိုးတက်ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ၊ ဆေးရုံ ဆေးခန်း ဓါတ်ခွဲခန်း ဓါတ်မှန် စတဲ့ ကျန်းမာရေးဌာနတွေအတွက် ထိန်းသိမ်းမှု ပြုပြင်မွမ်းမံမှု၊ လူနာရွှေ့ပြောင်းသယ်ယူရေး စတာတွေတိုးတက် ဆောင်ရွက်နိုင်လာနိုင်မယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာဌာနေ မန်နေဂျာ အဗ္ဗဒူလာရီဆက်က မြန်မာနိုင်ငံမှာ မိခင်နဲ့ ကလေး ကျန်းမာရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ၊ နိုင်ငံ့ရှေ့ရေးအနာဂတ်အတွက် ထူးကဲတဲ့ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်၊ မြန်မာလူထုကို ဗဟိုပြုတဲ့ ချဉ်းကပ်ပုံနည်းနာနဲ့ မြန်မာနိုင်ငံတဝှမ်းက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှာက်မှုပေးရေးမှာ ပါဝင်ကူညီရတဲ့အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ နှစ်ထောင်းအားရဖြစ်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းက မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ ဥက္ကဌ မစ္စတာ ဂျင်ယောက်ကင်က မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး နှစ်ရှည်အစီအစဉ်တွေအတွက် ဒေါ်လာ သန်းပေါင်းနှစ်ထောင် ထောက်ပံ့ဖို့ကြေညာ ခဲ့ပါတယ်။
အဲဒီ အစီအစဉ်တွေထဲမှာ ကျန်းမာရေးအပြင် စိုက်ပျိုးရေး၊ ရေ နဲ့ စွမ်းအင်ရရှိရေး၊ ပညာရေး၊ လူထုဘဏ္ဍာရေး စီမံခန့်ခွဲမှု၊ အရပ်ဖက်က်လူ့ဘောင် ဖွံ့ဖြိုးရေးစတဲ့ ကဏ္ဍတွေ ပါဝင်ပါတယ်။