အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို မန္တလေးတိုင်းက အလုပ်သမားနဲ့ အလုပ်ရှင် ကန့်ကွက်

အစိုးရက အဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်ရှင် တချို့က ကန့်ကွက်ကြတယ်လို့ မန္တလေးတိုင်းဒေ သကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ကိုသက်နှင်းအောင် က ဒီနေ့ ပြောပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က နေပြည်တော်မှာကျင်းပခဲ့စဉ် Photo: Win Ko Ko Latt/RFA

အစိုးရက အဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ အလုပ်ရှင် တချို့က ကန့်ကွက်ကြတယ်လို့ မန္တလေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ကိုသက်နှင်းအောင် က ဒီနေ့ ပြောပါတယ်။

အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ မန္တလေးတိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီကွင်းဆင်းစစ်ဆေးရေး အဖွဲ့တို့ မန္တလေးမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ အလုပ်သမားတွေ ဘက်က ငွေကျပ် ၅၆၀၀ သတ်မှတ်ဖို့ တင်ပြပြီး အလုပ်ရှင်တွေကတော့ ကျပ် ၄ ထောင်သာ သတ်မှတ်ပေးဖို့ တင်ပြကြတယ်လို့ ကိုသက်နှင်းအောင်က ပြောပါတယ်။

"အလုပ်သမားတွေ တောင်းဆိုချက် ၃ ချက်က အဓိကတွေ့ရပါတယ်။ တစ်ခုက လက်ရှိကုန်ဈေးနှုန်းပါ၊ ဒုတိယတစ်ခုက အလုပ်သမားတွေက တစ်ယောက်ခြင်းစီရဲ့ ကုန်ကျစရိတ်ကိုတောင် မလောက်ငှစေနိုင်ဘူး၊ နောက်တစ်ခုကတော့ အကျိုးအမြတ်ခွဲဝေတဲ့အခါမှာ အလုပ်သမားတွေက နည်းနည်းလေးပဲရထားတာ အဲဒါကြောင့်မို့ ကန့်ကွက်တာဖြစ်ပါတယ်၊ အလုပ်ရှင်တွေဘက်ကတော့ ၂၀၁၈ ခုနှစ်မှာ အာဆီယံယှဉ်ပြိုင် မှုတွေလာပြီဆိုရင် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များမယ်၊ လက်ရှိ ၄၈၀၀ ဆိုရင် မရပ်တည်နိုင်ဘူး ဆိုတဲ့အချက်ရယ်၊ လျှပ်စစ်မီးရယ်၊ မြေယာဈေးကြီးမြင့်တာရယ်၊ ဘဏ်တိုးနှုန်းကြီးမြင့်တာရယ်၊ အခွန်ကြီးတာရယ်၊ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးတာတွေကြောင့် မို့ ဒီ ၄၈၀၀ မပေးနိုင်ဘူးလို့ သူတို့ အဆိုပြုတာဖြစ်ပါတယ်"

အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီဟာ ဒီလ ၂ ရက်နေ့က အနည်းဆုံးအခကြေးငွေ နှုန်းထား ကျပ် ၄၈၀၀ ကို အဆိုပြု ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီနှုန်းထားကို ကန့်ကွက်လိုသူ၊ ပြင်ဆင်ဖို့ အကြံပြုလိုသူတွေ အနေနဲ့ နှစ်ပတ်အတွင်း တိုင်းဒေသကြီးကော်မတီထံ တင်ပြဖို့လည်း ကြေညာခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်း ၂၁ဖွဲ့ နဲ့ တစ်ဦးချင်း ကန့်ကွက်သူ အလုပ်သမား ဦးရေ ၂၀၀  ရှိခဲ့ပြီး အလုပ်ရှင်ဘက်ကလည်း မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက လုပ်ငန်းရှင် ၂၃၀၀ ကျော်က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး အဆိုပြုအနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့အနေနဲ့ ကန့်ကွက်တဲ့ အလုပ်သမား ၊ အလုပ်ရှင် အဖွဲ့အစည်းတွေကို ဒီနေ့မှာ တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ အလုပ်သမားတွေက အစိုးရရဲ့ အဆိုပြုနှုန်းထား ကျပ် ၄၈၀၀ နဲ့ မလုံလောက် ကြောင်း အထောက်အထားတွေနဲ့ တင်ပြခဲ့ကြပေမဲ့ လုပ်ငန်းရှင်တွေဘက်တော့ လုပ်ငန်းအရှုံးပေါ်တာကို အထောက်အထားနဲ့ တင်ပြနိုင်ခြင်းမရှိခဲ့ဘူးလို့ ကိုသက်နှင်းအောင် ကပြောပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကနေ ကန့်ကွက်တဲ့ အလုပ်သမားတွေ၊ အလုပ်ရှင်တွေရဲ့ တင်ပြချက်တွေကို အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီကို ပြန်လည်တင်ပြ သွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org