တောင်းဆိုမှုများ လိုက်လျောမည် လို့ ဝမ်ပေါင်ကုမ္ပဏီ ပြော
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို ဖယ်ရှားပြီးရွှေ့ပြောင်းပေး ဆိုရင်လည်း ရွှေ့ပြောင်းပေးမှာဖြစ်သလို အသစ်ပြန်လည် တည်ဆောက်ပေးဆိုရင်လည်း တည်ဆောက်ပေး မှာဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Mr. Kico က ဒီနေ့ ပြောကြားလိုက်ပါတယ်။
-
2013-09-30 -
-
-
Your browser doesn’t support HTML5 audio
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို ဖယ်ရှားပြီးရွှေ့ပြောင်းပေးဆိုရင် လည်း ရွှေ့ပြောင်းပေးမှာဖြစ်သလို အသစ်ပြန်လည် တည်ဆောက်ပေးဆိုရင်လည်း တည်ဆောက်ပေး မှာဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Mr. Kico က ဒီနေ့ ပြောကြားလိုက်ပါတယ်။
ကြေးနီတောင်စီမံကိန်းဒေသ ဝမ်ပေါင်ရုံးခန်းမှာ Myanmar Wanbao Mining Co Ltd ကတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ ဒီနေ့ နေ့လည်ပိုင်းကတွေ့ဆုံရာမှာ Mr. Kico က တရုတ်ဘာသာစကားနဲ့ ပြောကြားချက်ကို စကားပြန်က အခုလိုဘာသာပြန်ပေးခဲ့ပါတယ်။
"အဲဒီဘုန်းကြီးကျောင်းတစ်ခုလုံး မပြီးရွေ့လို့လည်းရတယ်၊ နောက်ပြီးဖြုတ်ပြီးတော့ ပြန်ဆောက်ရင်လည်းရတယ်၊ နောက်လုံးဝအသစ် ပြန်ဆောက်ရင် လည်းရတယ်၊ ကျနော်တို့ ကုမ္ပဏီက ဘယ်လိုပဲဖြစ်ဖြစ်လက်ခံတယ်"
လက်ပံတောင်းတောင်အရေး ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော၊ သတ္တု၊ စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်ကတော့ ဒီကိစ္စဟာ သတ္တုတွင်းဝန်ကြီးဌာနနဲ့မဆိုင်ဘဲ သာသနာရေးဝန်ကြီးဌာနနဲ့သာ သက်ဆိုင်တယ်လို့ ပြောပါတယ်။
တိုင်းနဲ့ ဗဟိုသံဃာ့နာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားမှာဖြစ်သလို ၊ ရွှေ့ပြောင်းသင့် မသင့်ကိုလည်း မပြောလိုကြောင်း လယ်တီစေတီနဲ့ သိမ်တော်ကို လက်ရှိတာဝန်ယူနေတဲ့ ကျော်ကျေးရွာဆရာတော် ဦးဝိမလက အခုလိုမိန့်ကြားပါတယ်။
"တိုင်းသံဃာ့နာယကအဖွဲ့၊ ဗဟိုသံဃာ့နာယကအဖွဲ့ပါရင်တော့ ခင်ဗျားတို့သဘောပဲ ကြိုက်သလိုလုပ်ပါ၊ ဘုန်းကြီးတို့ကတော့ အနားအနီးဆုံးလည်းဖြစ်တယ်၊ အကြီးဆုံးလည်းဖြစ်တယ်၊ ဒါပေမယ့် ဘုန်းကြီးတို့က မပေးရက်ဘူး၊ တိုင်းကခရိုင်ပိုင်တော့ သူတို့သဘော ဘယ်လိုလုပ်လုပ်၊ သူတို့ကရွေ့လို့လည်းမပြောဘူး၊ မရွေ့နဲ့လို့လည်းမပြောဘူး"
အဲဒီ လယ်တီဆရာတော်ကြီးရဲ့ သိမ်နဲ့သာသနိက အဆောက်အဦးတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ မနေ့က မန္တလေးမြို့ကနေ လက်ပံတောင်းဒေသကို လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က သာသနာရေးဝန်ကြီး ဦးတင်ဝင်းနဲ့ စစ်ကိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေတို့က ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေသွားပါတယ်။
လမ်းလျှောက်ဆန္ဒဖော်ထုတ်သူတွေရဲ့ တောင်းဆိုချက် ၃ချက်နဲ့ အစိုးရအဖွဲ့ရဲ့ တောင်းဆိုချက်တစ်ချက် စုစုပေါင်း ၄ ချက်ကို သဘောတူစာချုပ်ချုပ်လိုက်တယ်လို့ လမ်းလျှောက်ဆန္ဒပြရာသူတစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး သတင်းထောက် မရတနာဦးရဲ့တင်ပြချက်ကို နားဆင်နိုင်ပါတယ်။