ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး သေဆုံး

ဂန့်ဂေါမြို့နယ်၊ အောင်မြေရွာ (ရှောက်ပင်ရွာ) ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့တစ်နေရာကို တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြေရွာ (ရှောက်ပင်ရွာ) ကို မေလ ၂၆ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၆၀ ခန့်အရွယ် ဦးတင်ချို၊ အသက် ၂၇ နှစ်အရွယ် မနန္ဒာမြင့်နဲ့ အသက် ၂၂ နှစ်အရွယ် မနီလာမြင့်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ကနေ တစ်မိုင်ကျော်ဝေးတဲ့ အဲဒီရွာကို လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လက်နက်ကြီးတွေက မြစ်သာတံတားထိပ် အိမ်တွေထဲကိုကျတာ။ နှစ်အိမ်ကို မှန်တာဗျာ။ သုံးယောက်က ပွဲချင်းပြီး ဆုံးသွားကြတယ်ဗျ"

သေဆုံးသွားတဲ့ အမျိုးသမီးနှစ်ဦးဟာ ညီအစ်မအရင်းတွေဖြစ်ပြီး သူတို့မှာ လသားအရွယ် ကလေးတစ်ဦး အပါအဝင် သားသမီးတွေကျန်ခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နဲ့ ၁၈ မိုင်ခန့်အကွာ မြစ်သာတမံမှာရှိတဲ့ စစ်ကောင်စီတပ် ကင်းစခန်းတစ်ခုကို ရိက္ခာပို့မှာဖြစ်တာကြောင့် အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့ အရင်ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မေလ ၁၀ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ ဇာဟောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လအထိ သေဆုံးသူ စုစုပေါင်း ၃၉၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org