ပုဏ္ဏားကျွန်း ဒုက္ခသည်စခန်း ရေပြတ်လပ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာ သောက်သုံးရေလှောင်ကန် ခမ်းသွားလို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
- 2022-02-01
-
-
-
ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များ ရေပေါက်ချောင်းရေကန်က ရေခပ်ယူနေတာကို ၂၀၂၂၊ ဇန်နဝါရီ ၃၁ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာ သောက်သုံးရေ လှောင်ကန် ခမ်းသွားလို့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
စခန်းအနီးက ရေလှောင်ကန်ငယ်တွေမှာ ရေတွေခမ်းကုန်လို့ စခန်းကနေ နာရီဝက်ခန့် လမ်းလျှောက်ရတဲ့ ရေပေါက်ချောင်းရွာရေကန်ကနေ သုံးစွဲနေရပြီး အဲဒီကန်လည်း ဒီလ ကုန်ရင် ရေမရနိုင်တော့ဘူးလို့ စခန်းတာဝန်ခံ ဦးဝင်းမောင်က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အခုလိုပဲ သောက်သုံးရေ အခက်အခဲကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ အစိုးရရဲ့ အကူအညီတွေရခဲ့ပေမယ့် ဒီနှစ် အဲဒီအကူအညီတွေ မရသေးဘူး လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က အစိုးရကနေ တရားဝင် ဖွင့်လှစ် ပေးခဲ့တာ ဖြစ်ပြီး ကျောက်ဆိပ်၊ သာစည် စတဲ့ ရွာတွေနဲ့ ပလက်ဝမြို့နယ် နှမဒါရွာက ဒုက္ခသည် စုစုပေါင်း ၆၀၀ ကျော် ခိုလှုံနေတာ ဖြစ်ပါတယ်။